
ဧရာဝတီတိုင်းမ်
(ထန်းတပင်)၊ မတ် ၇ ရက်
ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ ကျေးရွာ သုံး ရွာကို စစ်ကောင်စီက ယမန်နေ့ မတ် ၆ ရက် နေ့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။
ထန်းတပင်မြို့နယ်အတွင်းရှိ အင်းမကြီးကုန်း၊ ကျောက်ကြီးပေါက်၊ မကျည်းတောရွာ စသည့် ကျေးရွာများကို စစ်ကောင်စီက ဂျက်ဖိုက်တာ ဖြင့် လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ သက်ကြီးပိုင်း အမျိုးသမီး နှစ် ဦး နှင့် အမျိုးသားတစ်ဦးတို့ သေဆုံးခဲ့ပြီး သုံး ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ နေအိမ် မီးလောင်မှုများလည်း ရှိခဲ့ကြောင်း သိရသည်။
“အဲဒီဖြစ်စဉ်မှာတော့ အလွတ်ကြီးလာ ကြဲသွားတာပါ။ ရွာထဲမှာလည်း တော်လှန်ရေးအဖွဲ့မရှိပါဘူး” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောက်ကြီးပေါက်ရွာမှ ဒေါ်ထွေး(၆၃) နှစ်၊ မကျည်း တောရွာမှ ဒေါ်ခိုင်ဦး(၅၃) နှစ် နှင့် ဦးအောင်မြင့်အေး(၅၅) နှစ် တို့ သေဆုံးခဲ့ရကြောင်း သိရသည်။
ထို့ပြင် ဒဏ်ရာရရှိသူများမှာလည်း မကျည်းတောကျေးရွာမှ ဖြစ်ပြီး ယခုအခါ ဆေးရုံသို့ပို့ဆောင်ထားပြီး ဒဏ်ရာအပြင်း အထန် ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီသည် ၎င်းတို့ အာဏာသိမ်းပြီးကာလ မှ ယနေ့အချိန်အထိ အရပ်သားများအပေါ် ပစ်မှတ် ထားကာ လေကြောင်း တိုက်ခိုက်မှုများကို နေ့စဉ်နီးပါ ပြုလုပ်ခဲ့ပြီး လေး နှစ်တာ ကာလအတွင်း အရပ်သား ၂၂၂၄ ဦး အထိသေဆုံးခဲ့ရကြောင်း ဉာဏ်လင်းသစ်သုတေသနအဖွဲ့အစည်း၏ အစီရင်ခံစာ အရ သိရသည်။
ဓာတ်ပုံ - ပေးပို့
#ထန်းတပင် #စစ်ကောင်စီ #လေကြောင်းတိုက်ခိုက် #အရပ်သားသေဆုံး #Ayeyarwaddy_Times