
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၄ ရက်
ဂျပန်နိုင်ငံမှဝယ်ယူထားသော အဲယားကွန်းပါခေတ်မီ DEMU ရထားတွဲဆိုင်းသစ်များကို ဖေဖော်ဝါရီ ၂၈ ရက်နေ့မှစတင်ကာ ရန်ကုန် – နေပြည်တော်ရထားလမ်းပိုင်းပြေးဆွဲမည်ဖြစ်ပြီး ရထားအချိန်ဇယားနှင့် လက်မှတ်ဈေးနှုန်းကိုမူ ထပ်မံထုတ်မည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ မြန်မာ့မီးရထား၏ ထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန် – နေပြည်တော် ခရီးသွားကြာချိန် ၅ နာရီ မိနစ် ၅၀ ကြာမြင့်ပြီး DEMU ရထားတွင် ပထမတန်း လေးတွဲ၊ အထက် တန်းနှစ်တွဲ စုစုပေါင်းတွဲဆိုင်း ခြောက်ဆိုင်းဖြင့် ခရီးသည် ၃၁၂ ဦး လိုက်ပါနိုင်ကြောင်း သိရသည်။
နေပြည်တော် – မန္တလေးတစ်ပိုင်းကိုမူ လေအိတ်ရထားဖြင့် ပြေးဆွဲမည်ဖြစ်ကာ ရိုးရိုးတန်းလေးတွဲ၊ အထက်တန်းနှစ်တွဲ စုစုပေါင်း တွဲဆိုင်းပါဝင်ကာ ခရီးသည် ၃၀၀ ကျော်စီးနိုင်မည်ဖြစ်ပြီး စစ်ကောင်စီ အခြေစိုက်ရာ နေပြည်တော်ဘူတာကို ဆုံမှတ်အဖြစ်သတ်မှတ်၍ DEMU ရထားနှင့် လေအိတ် ရထားတို့ကို ယင်းဘူတာမှပင် ပြောင်းလဲစီးနိုင်မည်ဖြစ်ကြောင်း မြန်မာ့မီးရထားထံက သိရသည်။
” DEMU ရထားစီးချင်ရင် ဘူတာကြီးကနေစီးလို့ရတယ်။ မြို့ပတ်ဘယ်တော့ပြန်ပြေးမလဲ မသိသေးဘူး” ရထားဘူတာရှိလက်မှတ်အရောင်းစာရေးတစ်ဦးက ဆိုသည်။
ရန်ကုန်မြို့ပတ်ရထားစီးခရီးသည်များတွင် စျေးရောင်းချရန်အတွက် ရေအိုး၊ တံမြက်စည်း၊ အထမ်း သည်များပါအဝင် ကုန်ပစ္စည်းများသယ်ဆောင်၍ လိုက်ပါစီးနင်းသူ ဈေးသည်များပြားပြီး ရုံးပိုင်းဆိုင်ရာ ဝန်ထမ်းများလည်း စီးနင်းကြကြောင်း ရထားစီးခရီးသည်များထံက သိရသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက စပိန်နိုင်ငံထုတ် DEMU ရထားတွဲဆိုင်းကို ရန်ကုန်မြို့ ပတ်လမ်းကြောင်းတွင်စမ်းသတ်ပြေးဆွဲပြီးနောက် ရပ်နားခဲ့သည်။
လက်ရှိ DEMU ရထားတွဲများကို ပဲခူး – ရန်ကုန် – ပဲခူး ပြေးဆွဲနေပြီး ရထားနှင့် ရထားဘူတာ အံဝင်ခွံကျခြင်းမရှိသဖြင့် မကြာခင်ရက်ပိုင်းအတွင်း မူလရထား RBE တွဲများဖြင့် ပြန်လည် ပြေးဆွဲမည်ဖြစ်ကြောင်း ခရီးသွားများထံက သိရသည်။
ယခင် အရပ်သားအစိုးရ NLD လက်ထက်က အများပြည်သူသယ်ယူပို့ဆောင်စနစ်အားကောင်းစေရန်၊ ရန်ကုန်မြို့ပတ် ရထားလမ်း အဆင့်မြှင့်တင်ရေး၊ ဘူတာများအဆင့်မြှင့်တင်ရေး စီမံကိန်းအပါအဝင် ရန်ကုန်-မန္တလေးရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းများနှင့် လူစီးတွဲသစ်ဝယ်ယူနိုင်ရန် နိုင်ငံတကာမှ ချေးငွေများရယူခဲ့သည်။
အဆိုပါချေးငွေကို ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) ချေးငွေအပါအဝင် ကိုရီးယားနိုင်ငံချေးငွေ အမေရိကန်ဒေါ်လာ ၄၅ သန်းနှင့် တရုတ်နိုင်ငံမှ အတိုးမဲ့ချေးငွေ ယွမ် သန်း ၈၀ ချေးကို ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်းချေးယူခဲ့သည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်
#DEMUရထား #ရန်ကုန်နေပြည်တော်ရန်ကုန် #ပြေးဆွဲမည် #Ayeyarwaddy_Times