
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၃၀ ရက်
ထိုင်း-မြန်မာနယ်စပ်ရှိ ကျားဖြန့် (ခ) အွန်လိုင်း ငွေလိမ်ဂိုဏ်းများကို နှိမ်နင်းဖြိုခွင်းရန် တရုတ်အစိုးရက ကြိုးပမ်းလာမှုကြောင့် စစ်ကောင်စီနှင့် ပါဝင်ပတ်သက်နေသူများနှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ (EAOs) ထိုးကျွေးခံရနိုင်ဖွယ် ရှိနေကြောင်း မြန်မာ့အရေး လေ့လာသူများက သုံးသပ်ထောက်ပြသည်။
ယင်းနယ်စပ်တွင် ယခုလ ဇန်နဝါရီအတွင်းက တရုတ်သရုပ်ဆောင်အပါအဝင် တရုတ်နိုင်ငံသားများ ဆက်တိုက်ဆိုသလို လူကုန်ကူးခံရမှုကြောင့် တရုတ်အစိုးရက ဇင်ယော်စစ်ဆင်ရေး ဒုတိယပိုင်းအား စတင်မည်ဖြစ်ပြီး နှိမ်နင်းသွားရန်အတွက် ဒေသတွင်း နိုင်ငံများနှင့်လည်း တွေ့ဆုံဆွေးနွေး၍ ပူးပေါင်းဆောင်ရွက်နေကြောင်း သိရသည်။
တရုတ်အစိုးရ၏ “ဇင်ယော်“ စစ်ဆင်ရေးကြောင့် ရှမ်းမြောက်တခွင်၌ ကျားဖြန့်ဂိုဏ်းများ ဖြိုခွင်းနှိမ်နင်းခံရပြီး ယခုအကြိမ်မှာ ဒုတိယပိုင်းဖြစ်ကာ စစ်ကောင်စီ၊ KK Park နှင့် ပတ်သက်၍ သတင်းထွက်ပေါ်နေသည့် ကရင်အမျိုးသားအစည်းအရုံး (KNU)တို့ပါ ထိုးကျွေးရနိုင်ကြောင်း သုတေသနအဖွဲ့တစ်ခု၏ မြန်မာအရေးလေ့လာ သုံးသပ်သူတစ်ဦးက ဆိုသည်။
“စစ်ကောင်စီရော ထိုးကျွေးရမယ်။ KNU လည်း ဒီအတိုင်းနေလို့မရဘူး၊ ထိုးကျွေးရမယ်။ သူတို့ သေချာမပြင်ထားရင် သူတို့လူတွေလည်း ထိမယ်။ KK Park က သူတို့ဟာပဲ။ တစ်ခုတော့ရှိတယ် အမျိုးတွေက ဟိုအဖွဲ့ သည်အဖွဲ့ ပတ်နွယ်နေကြတာ။ အမျိုးအချင်ချင်းငဲ့ပြီး အရေးမယူရင် ခက်ကြမယ်” ဟု ၎င်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီကလည်း အဆိုပါလုပ်ငန်းများကို ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်မြို့သစ်၊ KK Park နယ်မြေအတွင်း လုပ်ကိုင်နေသည်ဟု ဝန်ခံထားပြီး ယင်းနှင့်ပတ်သက်၍ EAOs ၊ ထိုင်းနိုင်ငံတို့ကို စွပ်စွဲပြစ်တင်ထားကာ ၎င်းတို့အနေဖြင့် တရုတ်အပါအဝင် သက်ဆိုင်ရာ နိုင်ငံများနှင့် ပူးပေါင်းမည်ဟု ဆိုသည်။
အလားတူ ဒေသတွင်း အဖွဲ့များဖြစ်သော စစ်ကောင်စီ လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် (BGF)နှင့် ဖက်ဒရယ်ဒီမိုကရေစီ အင်အားစုများဖြစ်သည့် KNU၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) စသည်တို့ကလည်း ထုတ်ပြန်ငြင်းဆိုထားသလို ကျားဖြန့်နှိမ်နင်းရေးအတွက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ထိုအခြေအနေကို မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု့ (ISP-Myanmar) က မီးခိုးရောင်ကြံ့ကြီး (Gray Rhino) အဖြစ် စာရေးသူ Michele Wucker ၏ စာအုပ်နှင့် ဥပမာပေးထားပြီး ကျားဖြန့်နှိမ်နင်းရေးဆိုသော ကြံ့ကြီးတကောင် ကရင်ပြည်နယ်နှင့် အရှေ့တောင်ပိုင်းတခွင်ကို တည့်တည့်ကြီး ပြေးလာနေကြောင်း ထုတ်ပြန်ထားသည်။
ကြံ့ဆိုသည်မှာ ရန်ပြုခံရလျှင်ဖြစ်ဖြစ်၊ စိတ်ခက်ထန်ဖွယ်ရာ ကြုံလာလျှင်ဖြစ်ဖြစ် တရှူးထိုးပြေးလာတတ်ကာ ရန်သူလွင့်သွားလောက်အောင် တိုက်ခိုက်နိုင်သော အဖျက်စွမ်းအားကြီး တိရစ္ဆာန်တမျိုးဖြစ်ပြီး ဖြစ်နိုင်ခြေများ၍ အကျိုးဆက် (အထူးသဖြင့် ဆိုးကျိုး) လည်း များနိုင်စရာ သဘောမျိုးဟု ရည်ညွှန်းဖော်ပြသည်။
“ကျွန်တော်တို့ ISP မှာ တင်ထားတယ်။ နိုင်ငံတကာမှာ Michele Wucker ရေးတဲ့ Grey Rhino ဆိုတဲ့ စာအုပ်ရှိတယ်။ ဆိုလိုတာက မီးခိုးရောင် ကြံ့ကြီးက မြင်နေရပြီ၊ လာခွေ့တော့မယ်” ဟု ISP-Myanmar မှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်ရှိတွင် ကျားဖြန့်ဂိုဏ်းများသည် ထိုင်း-မြန်မာနယ်စပ်ဒေသရှိ ကရင်ပြည်နယ်၊ မြဝတီမြို့၌ပင် ဂိုဏ်းကြီး ၃၆ ခုရှိနေပြီး တရုတ်နိုင်ငံသားများကို ထိုင်းနိုင်ငံမှတဆင့် မြန်မာနိုင်ငံထဲသို့ လိမ်လည်ခေါ်သွင်း၍ ခိုင်းစေနေကြောင်း တရုတ်ပြည်သူ့လုံခြုံရေးဌာန လက်ထောက်ဝန်ကြီး Liu Zhongyi ၏ ပြောဆိုချက်အရ သိရသည်။
ထိုအတွက် ဖြိုခွင်းနှိမ်နင်းရန် တရုတ်အစိုးရ ဆောင်ရွက်နေမှုသည် ရှမ်းမြောက်ဖြစ်စဉ် အာဘော်ဖန်တီးလာပုံ၊ ချဉ်းကပ်လာပုံများနှင့် ဆင်တူနေပြီး တနည်းအားဖြင့် ကြုံပြီးသားဖြစ်စဥ်ကို နောက်တစ်ကြိမ် ပြန်ကြုံရ၊ တကျော့ပြန်ဇာတ်ထုပ်ကို ကြည့်နေရသလိုဟု ISP-Myanmar က ရေးသား ဖော်ပြထားသည်။
မြန်မာ့အရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကမူ ယင်းကျားဖြန့်ဂိုဏ်းကိစ္စသည် ရှမ်းမြောက်ဒေသလို တရုတ်တပ်များ ကိုယ်တိုင်ဝင်ရောက် ချုပ်ကိုင်မှုမျိုး ထိုင်းနိုင်ငံတွင် လုပ်၍မရဘဲ ပုလင်းတူဗူးစို့များ ဖြစ်နေကြသဖြင့် ထွက်ပြေးတိမ်းရှောင်မှု များပြားလာလိမ့်မည်ဖြစ်ကြောင်း ဧရာဝတီတိုင်းမ်ကို ပြောသည်။
“အဲဒီမှာက ပုလင်းတူဗူးစို့တွေ၊ ဆိုလိုတာက ဒီလောင်းကစားဂိုဏ်းတွေ တည်ရှိတယ်ဆိုတာ သူတို့ကို အခွန်ပေးပြီးတော့ ရပ်တည်နေတာ။ ဒါကြောင့် ဒီအခြေအနေက ရှမ်းမြောက်မှာလို သာသာနဲ့ လျော့လိုက်တင်းလိုက် ဖမ်းဆီးတာတွေ တရုတ်အနေနဲ့ ရမယ်မထင်ဘူး။ ထွက်ပြေး၊ ရှောင်တိမ်းကြတာတွေ အများကြီးဖြစ်လာလိမ့်မယ်” ဟု ဦးသန်းစိုးနိုင်က ထောက် ပြသည်။
#ထိုင်းမြန်မာနယ်စပ် #ကျားဖြန့်ဂိုဏ်း #တရုတ်အစိုးရ #ထိုးကျွေးခံရနိုင် #Ayeyarwaddy_Times