ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၉ ရက်

ရန်ကုန်တွင် စစ်ကောင်စီက ဖိအားပေးပြုလုပ်စေတဲ့ တရုတ်နှစ်သစ်ကူးပွဲတော် ယနေ့ ဇန်နဝါရီ ၂၉ ရက်နေ့တွင် နဂါးနှစ်မှ မြွေနှစ်သို့ စတင်ကူး ပြောင်းပြီဖြစ် ကြောင်းသိရသည်။

၂၀၂၅ ခုနှစ် တရုတ်နှစ်သစ်ကူးအထိမ်းအမှတ်ပွဲတော်ကို ရန်ကုန်မြို့ လသာမြို့နယ် မဟာဗန္ဓုလမ်းမကြီးပေါ်တွင် ဇန်နဝါရီ ၂၅ ရက်မှစ၍ ဇန်နဝါရီ ၃၁ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။

“မြန်မာပြည်မှာက ခက်ခဲကျပ်တည်းမှုတွေ များနေတာကြောင့် နှစ်ကူးကို တရုတ်ရိုးရာ အကအလှတွေ၊ ပျော်စရာတွေ အများကြီး ထည့်ထားပြီးမလုပ်ဘူး။ ဒါကို စကစ(စစ်ကောင်စီ) က စည်ကားအောင်ဆိုပြီး ပွဲစျေးသည်တွေကော၊ ရဟတ်တွေကော၊ ဂိမ်းတွေကော အကုန်ထည့်လိုက်တာ။ တရုတ်နှစ်ကူးနဲ့ မတူဘဲ ဘုရားပွဲစျေးလို ဖြစ်သွားတယ်” ဟု ရန်ကုန်မြို့ လမ်းမတော်တွင် နေထိုင်သူ တရုတ်အမျိုးသမီး တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

တရုတ်နှစ်ကူးအထိမ်းအမှတ်ဈေးရောင်း ပွဲတော်တွင် တရုတ်တန်း၌ နှစ်စဉ်ရောင်းချ နေကျတရုတ်မုန့်များ၊ အီကွေ့ဆိုင်များ အပြင် မြန်မာမုန့်မျိုးစုံ၊ ဆိုဂျူအရက်အရောင်းဆိုင်၊ စားသောက်ကုန်များပါ ရောင်းချပေးနေကြောင်းသိရသည်။

ထို့ပြင် ပင်လယ်ဓားမြအပျော်စီးလှေ၊ ဘောလုံးပစ်ဂိမ်းဆိုင်များကိုလည်း ထည့်သွင်းထားကာ ညပိုင်းတွင် တရုတ်ရိုးရာ ခြင်္သေ့၊ နဂါးအက များ ပြသကြောင်းသိရသည်။

တရုတ်နှစ်ကူးပွဲတော်ကို လသာမြို့နယ် မဟာဗန္ဓုလမ်းမကြီး (လမ်းမတော်လမ်းမှ လသာလမ်းအထိ)ပေါ်တွင် ကျင်းပခြင်းဖြစ်ပြီး မဟာဗန္ဓုလမ်းမကြီးကို လမ်းမတော်မှ လသာလမ်းအထိ လမ်းတစ်ခြမ်းပိတ်ကာ ကျင်းပခြင်းဖြစ်သည်။

စစ်ကောင်စီအာဏာသိမ်းပြီး နောက်ပိုင်း၂၀၂၃ ခုနှစ်မှစတင်ကာ နှစ်နိုင်ငံချစ်ကြည်ရေးအတွက်ဟုဆိုကာ တရုတ်နှစ်သစ်ကူးနေ့ကို အများပြည်သူရုံးပိတ်ရက်အဖြစ်သတ်မှတ် ပေးသည်။

ယခု ဇန်နဝါရီလ ၂၉ ရက် ၂၀၂၅ ခုနှစ်မှစတင်ကာ လာမည့် ဖေဖော်ဝါရီလ ၁၆ရက် ၂၀၂၆ ခုနှစ် အတွင်း တရုတ်ရိုးရာ ပြက္ခဒိန်အရသစ်သားမြွေနှစ်သို့ ကျရောက်မည်ဖြစ်သည်။

ဓာတ်ပုံ – ဧရာဝတီတိုင်းမ်
#တရုတ်နှစ်ကူး #စစ်ကောင်စီ #ဖိအားပေး #မြွေနှစ်စတင်ကူးပြောင်း #Ayeyarwaddy_Times