
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၆ ရက်
ဧရာ၀တီတိုင်း၊ သာပေါင်းမြို့နယ် ရှိကျေးရွာများတွင် တိုက်ပွဲများဖြစ်ပွားခြင်းမရှိပဲ စစ်ဘေး ကြိုရှောင်ခြင်းမပြုကြရန် ကျေးရွာအုပ်ချုပ်ရေးမှူးများက ဇန်နဝါရီ တတိယပါတ်အတွင်း လိုက်လံပြောကြားနေကြောင်း သိရှိရသည်။
နေအိမ်ကိုစွန့်ခွာသွားပါက ချိတ်ပိတ်သိမ်းဆည်းမည်ဟု မြို့နယ်စစ်ကောင်စီက အစည်းဝေးတွင်
ပြောဆိုထားကြောင်း အုပ်ချုပ်ရေးမှူးများက လိုက်လံ ခြိမ်းခြောက်နေခြင်း ဖြစ်သည်။
“မကျီးဇင်၊ဘောမိ လဲကျသွားပြီဆိုတော့ သာပေါင်းဘက်ကို ကားလမ်းကြီးအတိုင်းလမ်းပွင့်သွားပြီ ၊ တိုက်ပွဲတွေက ရောက်မလာဘူးလို့မပြောနိုင်ဘူး အချို့တွေကြိုရှောင်ဖို့လုပ်တာ ထွက်ခွင့်မပေးဘူး”ဟု ဒေသခံတစ်ဦးမှဧရာ၀တီတိုင်းမ်ကိုပြောသည်။
မကျီးဇင်-သာပေါင်းကားလမ်းပေါ်မှ ကျေးရွာများတွင်ဇန်နဝါရီ ၈ ရက်နေ့မှစတင်ကာ စစ်ကောင်စီမှလက်နက်အပြည့်အစုံဖြင့် ခံစစ်ပုံစံပြင်ဆင်ထားပြီ အဆိုပါရွာများတွင်တပ်စွဲနေထိုင်နေကြောင်း သိရှိရသည်။
သစ်ဖြူကျေးရွာနှင့်ကျားခေါင်းကျေးရွာတို့တွင် စစ်ကောင်စီမှ ကတုတ်ကျင်းများတူးထားကာ စစ်စခန်းပုံစံ ပြင်ဆင်ထားသောကြောင့် တိုက်ပွဲများဖြစ်ပွားလာပါက ပိတ်မိနေမည်ကိုစိုးရိမ်ကြောင်းလည်း ဒေသခံများက ပြောသည်။
#သာပေါင်းမြို့နယ် #ကြိုတင်ပြီးစစ်ရှောင်ပါက #အရေးယူမည် #စစ်ကောင်စီအမိန့်ထုတ် #AyeyarwaddyTimes