
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၄ ရက်
စစ်ကောင်စီက ထိုင်း-မြန်မာနယ်စပ်ရှိ ကျားဖြန့် (ခ) အွန်လိုင်း ငွေလိမ်ဂိုဏ်းများနှင့် ပတ်သက်၍ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ (EAOs)၊ ထိုင်းနိုင်ငံတို့ကို စွပ်စွဲပြစ်တင်ထားသည့်အပေါ် ကျူးလွန်သူက ဝန်မခံဘဲ လက်ညှိုးထိုးနေခြင်းဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) က ဆိုသည်။
အဆိုပါ ကျားဖြန့်နှင့် အွန်လိုင်းလောင်းကစားများကို ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်မြို့သစ်၊ KK Park နယ်မြေအတွင်း လုပ်ကိုင်နေကြောင်း ပြီးခဲ့သည့် ဇန်နဝါရီ ၂၀ ရက်တွင် စစ်ကောင်စီက ထုတ်ပြန်ဝန်ခံထားပြီး NCA လက်မှတ်ရေးထိုး EAO အချို့အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းများကို စွပ်စွဲခဲ့ကြောင်း သိရသည်။
“စစ်ကောင်စီ၊ စစ်အာဏာရှင်တွေဟာ သူတို့လုပ်လေ့လုပ်ထ ရှိတဲ့အတိုင်း သူတို့ကျူးလွန်ခဲ့တာကို ဘယ်တုန်းကမှ ဝန်မခံဘူး။ ဟိုလူ/ဒီလူကို လက်ညှိးထိုးနဲ့ လုပ်တယ်” ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထိုင်း-မြန်မာနယ်စပ်တွင် ယခုလအတွင်း တရုတ်သရုပ်ဆောင်အပါအဝင် တရုတ်နိုင်ငံသားများ ဆက်တိုက်ဆိုသလို လူကုန်ကူးခံရမှုကြောင့် နိုင်ငံတကာ၌ တကျော့ပြန် ရေပန်းစားလာပြီး နှိမ်နင်းရေး အတွက် တရုတ်က ထိုင်း၊ မြန်မာစစ်ကောင်စီအပါအဝင် ခြောက်နိုင်ငံ ပူးပေါင်း၍ ဇင်ယော် ဒုတိယအပိုင်း စတင်သွားမည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ထားသည်။
စစ်ကောင်စီကမူ နယ်မြေတည်ငြိမ်မှုမရှိသည့် ဒေသများကို ပစ်မှတ်ထား၍ NCA လက်မှတ်ရေးထိုး EAO အချို့အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းများ၊ ဆက်စပ်နေရာများမှ ကိုယ်ကျိုးစီးပွား ရှာသူများနှင့် ပူးပေါင်းလုပ်ဆောင်၍ ကျားဖြန့်နှင့် အွန်လိုင်းလောင်းကစားများအပါအဝင် ဒုစရိုက်မှု များကို ကျူးလွန်နေကြောင်း ဆိုသည်။
ထို့အပြင် ယင်းဒေသများတွင် ကျားဖြန့်နှင့် အွန်လိုင်းလောင်းကစားများ၏ အခြေခံလိုအပ်ချက်ဖြစ်သည့် လျှပ်စစ်ဓာတ်အားနှင့် အင်တာနက်လိုင်း အဆက်အသွယ်ကို တစ်ဖက်နိုင်ငံ (ထိုင်း)မှတစ်ဆင့် ရရှိနေပြီး ပြည်ပအဖွဲ့အစည်းများမှ လာရောက်ရင်းနှီးမြှုပ်နှံထားကြောင်း ထုတ်ပြန်ဖော်ပြသည်။
ထို့နောက် ဒုစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် ဇန်နဝါရီ ၂၁ ရက်တွင် နေပြည်တော်၌ ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ်ရုံး၊ ဗိုလ်ချုပ်ကြီး ဒီရစ်ဘွန်ကန် (Direk Bongkarn) ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံ၍ ကျားဖြန့်ဂိုဏ်း ပပျောက်ရေး နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
“သူတို့ အဲဒီလိုပြောပြီး ဘာမှမကြာဘူး၊ နောက်တစ်ခါ ဖြစ်လာပြန်ရော။ ဆိုတော့ သူတို့အချိုးတွေက အဲဒီလိုပဲ၊ လက်တွေ့ဖြစ်လာမယ့်ဟာပဲ ကျွန်တော်တို့ ကြည့်နေတယ်။ အပြောနဲ့ အလုပ်က ဘယ်လိုလဲ ဆိုတာ ကျွန်တော်တို့ အဲဒါကိုသေချာကြည့်နေပါတယ်” ဟု KNU ပြောခွင့်ရ ပဒိုစောတောနီးက ဆိုသည်။
အဆိုပါ နယ်မြေသည် စစ်ကောင်စီ လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် (BGF) ထိန်းချုပ်ဒေသဖြစ်ပြီး စစ်ကောင်စီက BGF၊ ပြည်သူ့စစ်၊ အခြားမဟာမိတ် အဖွဲ့များနှင့်အတူ ကျားဖြန့်ဂိုဏ်းတွင် ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်နေကြောင်း ဖက်ဒရယ်ဒီမိုကရေစီ အင်အားစုများက ထုတ်ပြန်ထားသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ KNU အပါအဝင် ဖက်ဒရယ်ဒီမိုကရေစီ အင်အားစုများ၏ ဇန်နဝါရီ ၂၀ ရက် ထုတ်ပြန်ချက်တွင် ၎င်းတို့အနေနှင့် နှစ်နိုင်ငံချင်း ထိတွေ့ဆက်ဆံမှုများ၊ အာဆီယံဒေသတွင်းနှင့် ကုလသမဂ္ဂ၏ အေဂျင်စီများတို့မှလည်းကောင်း နိုင်ငံတကာနှင့် ပူးပေါင်းရန် အသင့်ရှိကြောင်း ဖော်ပြထားသည်။
ယင်းအပြင် ထိရောက်စွာ တိုက်ဖျက်ရန်အတွက် ၎င်းတို့နှင့်အတူ အိမ်နီးချင်း နိုင်ငံများဖြစ်သည့် တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ လာအိုနှင့် ထိုင်းနိုင်ငံတို့အား ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် မျှဝေခြင်းဆိုင်ရာ ထိရောက်သော လမ်းကြောင်းများကို တည်ထောင်သွားရန် အရေးတကြီး တောင်းဆိုထားကြောင်း သိရသည်။
အလားတူ နိုင်ငံတကာ ဒဏ်ခတ်အရေးယူမှု ခံနေရပြီး နာမည်ဆိုးဖြင့် ကျော်ဇောနေသည့် စစ်ကောင်စီ လက်အောက်ခံ ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင် ကရင်နယ်ခြားစောင့်တပ် (BGF)ကလည်း ကျားဖြန့်နှိမ်နင်းရေးအတွက် ဒေသတွင်း၊ နိုင်ငံတကာအဖွဲ့များနှင့် ပူးပေါင်းသွားမည်ဟု ယမန်နေ့က ထုတ်ပြန်ပြောဆိုထားသည်။
ဓာတ်ပုံ- စစ်ကောင်စီ
#စစ်ကောင်စီ #ကျားဖြန့် #EAO #ထိုင်းနိုင်ငံ #စွပ်စွဲပြစ်တင် #ကျူးလွန်သူ #လက်ညှိုးထိုး #KNU #Ayeyarwaddy_Times