
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၆ ရက်
ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ (၂၀၂၄ -၂၀၂၈) တွင် မဟာဗျူဟာ ငါးရပ် ချမှတ်ထားပြီး သတင်းပို့အဖွဲ့အစည်းများက မဟာဗျူဟာ ၃ ပါအစီစဉ်များ အတိုင်း သက်မှတ်ကာလအတွင်း ပြီးမြောက်စေရန် ဆောင်ရွက်ရမည်ဟု စစ်ကောင်စီ၏ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်မိုးမိုးကြည်က ပြောကြားခဲ့ကြောင်း သိရသည်။
ယမန်နေ့ ဇန်နဝါရီ ၁၅ ရက်နေ့က နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်တွင်ကျင်းပသော ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အမျိုးသား အဆင့်မဟာဗျူဟာ (၂၀၂၄ -၂၀၂၈) အစည်းအဝေးတွင် ၎င်းက ယခုကဲ့သို့ပြောကြားခြင်းဖြစ်သည်။
အဆိုပါ စစ်ကောင်စီ၏ အမျိုးသားအဆင့်မဟာဗျူဟာနယ်ပယ် (၃) တွင် ပါဝင်သော သတင်းပို့အဖွဲ့သည် ဘဏ်နှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများအပါအဝင် ငွေရေးကြေးရေးမဟုတ်သော စီးပွားရေး လုပ်ငန်းများနှင့် ကျွမ်းကျင်မှုဆိုင်ရာ အသက် မွေးဝမ်းကျောင်း လုပ်ငန်းများ၏ ငွေကြေးခဝါချမှုများနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးအတွက် သတင်းပို့ရမည်ဖြစ်ကြောင်း ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်မိုးမိုးကြည်က ပြောကြားသည်။
စစ်ကောင်စီအာဏာသိမ်းထားသည့်ကာလအတွင်း တရားမဝင်ငွေကြေးဈေးကွက်ကြီးထွားလာပြီး အဓိကအားဖြင့် အွန်လိုင်းဂိမ်းငွေကြေးလိမ်လည်မှုဖြစ်သည့် ကျားဖြန့်မှတစ်ဆင့် တရားမဝင် ငွေကြေးများ ဝင်ရောက်ကြောင်း ဘဏ္ဍာရေးဆိုင်ရာနားလည်တတ်ကျွမ်းသူ တစ်ဦးက ထောက်ပြသည်။
” စစ်ကောင်စီအတွက် ကျားဖြန့်တွေက အားထားရတဲ့နိုင်ငံခြားငွေရလမ်းတစ်ခုပဲ။ အခုကတော့ NUG ဘက်ကိုတော့ အဓိက ဦးတည်တာပေါ့။ စစ်ကောင်စီမှာ ခွချက်မိနေပြီ။ ကျားဖြန်တွေကို သေချာ မစီမံနိုင်ရင် သူ့ဘက်မှာ ဘယ်သူမှရှိမှာ မဟုတ်တော့ဘူး။ အဲဒါကို စီမံရင်လည်း သူ့အတွက်အားထားရတဲ့ နိုင်ငံခြားငွေ ရပေါက်ရလမ်းကျပိတ်သွားပြန်တယ် ” ဟု ဘဏ္ဍာရေးဆိုင်ရာ နားလည်တတ်ကျွမ်းသူ အမျိုးသားတစ်ဦးက ဧရာ၀တီတိုင်းမ်ကို သုံးသပ်ပြောကြားသည်။
အဆိုပါတရားမဝင်ငွေ အမေရိကန်ဒေါ်လာဘီလီယံနှင့်ချီ ငွေကြေးများသည် ဘဏ်များမှတဆင့် ငွေဖြူဖြစ်သွားပြီး နိုင်ငံ တကာထိငွေကြေးလွဲပြောင်း ရောက်ရှိသွားကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
လက်ရှိတွင် ပြည်တွင်းရှိ ကမ္ဘောဇဘဏ်၏ ထုတ်ကုန် Kpay အကောင့်မှတစ်ဆင့် သုံးစွဲသူများ၏ ပိုင်ဆိုင်မှုငွေကြေးများကိုအခိုးယူခံနေရပြီး ပြန်လည်ရရှိခြင်းမရှိသေးကြောင်းသိရသည်။
“ ပြီးခဲ့တဲ့ရက်ပိုင်းက Kpay ထဲကနေ သိန်း ၈၀ ကျော်အခိုးခံလိုက်ရတယ်။ ဘဏ်ကပြန်လျော်မယ်လို့ ထုတ်ပြန်တာတွေ့ပေမယ့် ပြန်မရသေးဘူး” ဟု Kpay အကောင့် မှနေ၍ ပိုက်ဆံခိုးယူခြင်းခံရသူ အမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ထို့ပြင်စစ်ကောင်စီသည် Kpay အပါအဝင် အခြားငွေလွဲငွေများကို အကြမ်းဖက်အဖွဲ့အစည်းထံ ငွေကြေးထောက်ပံ့သည်ဟုဆိုကာ ပိတ်ပင်ထားမှုများစွာရှိကြောင်းသိရသည်။
စစ်ကောင်စီ၏ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍများတွင် ငွေကြေးခဝါချမှုများ ဝင်ရောက် စွက်ဖက်ခြင်းမှ ကာကွယ်ရန်အတွက် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုနှင့် လူအများအပြား သေကျေစေသည့် လက်နက်များပြန့်ပွားရေးဆောင် ရွက်နေသူများတိုက်ဖျက်ရေးကို နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဒေါက်တာ လင်းအောင်က ပြောကြားထားသည်။
စစ်ကောင်စီသည် ရိုးမဘဏ်ဥက္ကဋ္ဌ ဦးသိမ်းဝေကို စစ်ဆေးနေသည့်အပြင် ရိုးမဘဏ်နှင့် ဧရာ၀တီဘဏ် အပါအဝင် ဘဏ် ခုနစ် ခုကို ဗဟိုဘဏ်သတ်မှတ်ထက်ချက် အိမ်ရာချေးငွေ ပိုထုတ်ချေးသဖြင့် အရေးယူထားသည်။
နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်သော ငွေကြေးဆိုင်ရာအရေးယူဆောင်ရွက်ရေးအဖွဲ့ ( FATA) က ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကို ဘဏ်လုပ်ငန်းဆိုင်ရာစိစစ်ဆောင်ရွက်ရန်နှင့် အန္တရာယ်မြင့်မားမှုရှိသော နိုင်ငံနှင့်ဒေသများစာရင်းတွင်ထည့်သွင်းထားသည်။
ဓာတ်ပုံ – စစ်ကောင်စီ
#ငွေကြေးခဝါချမှု #အကြမ်းဖက်မှု #ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး #စစ်ကောင်စီမဟာဗျူဟာချ #သတင်းအဖွဲ့စုံစမ်း #Ayeyarwaddy_Times