ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၂ ရက်

မြန်မာပြည်တစ်ဝှမ်းလုံးရှိ တော်လှန်ရေးအင်အားစုများနှင့် ဟန်ချက်ညီလက်တွဲပူပေါင်းကာ စစ်ကောင်စီကို အပြီးတိုင် ချေမှုန်းတော်လှန်သွားမည်ဟု ယနေ့ ဇန်နဝါရီ ၁၂ ရက်နေ့တွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ထုတ်ပြန်၍ စစ်ကြေညာလိုက်သည်။

နှစ်ဘက်စစ်ရေးပဋိပက္ခတွေ အဆုံးသတ်နိုင်ရန် စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းချက်ထုတ်ပြန်ထားသော်လည်း စစ်ကောင်စီသည် TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့ကို ဇန်နဝါရီ ၈ ရက်နေ့က ဗုံးအလုံး ၃၀ ကျော်ကြဲချတိုက်ခိုက်ခဲ့ပြီး မြို့ နယ်အချို့ကိုလည်း ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။

ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် ယနေ့ ဇန်နဝါရီ ၁၂ ရက်နေ့တွင်ကျရောက်သည့် (၆၂) နှစ်ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့တွင် ၎င်းတို့၏သဘောထားကို ထုတ်ပြန် လိုက်ခြင်းဖြစ်သည်။

ထုတ်ပြန်ချက်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နွေဦးတော်လှန်ရေးတပ်ဖွဲ့များနှင့် တိုင်းပြည်အနှံ့အပြားတွက်ရှိ ပြည်သူလူထု၏ စုပေါင်းတော်လှန်မှုကြောင့် ဘုံရန်သူစစ်အုပ်စုသည် တိုက်ပွဲတိုင်းအရှုံးနှင့် ဆက်တိုက်ရင်ဆိုင်နေရသည်ဟုဆိုသည်။

ယခုလို အကြီးအကျယ်စစ်ရှုံးနေသည့် စစ်ကောင်စီသည် ဆေးရုံ၊ ကျောင်း၊ ဘာသာရေးအဆောက်အအုံ၊ ဈေး၊ လူနေအိမ်အစရှိသည့် အရပ်သားပြည်သူများနေထိုင်ရာကို ဦးတည်ပြီး လေယာဉ်နှင့် ဗုံးကြဲခြင်း၊ လက်နက်ကြီးနှင့်ပစ်ခတ်ခြင်း၊ မီးရှိုးဖျက်ဆီးခြင်းများအပါအဝင် သတ်ဖြတ်မှုများကိုပါ ဆက်တိုက်ပြုလုပ်လျက်ရှိပြီး စစ်ရာဇဝတ်မှုများကို ဆက်တိုက်ကျူးလွန်နေကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

TNLA အနေနှင့် တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ (TPCC) ဦးဆောင်ရေးဆွဲထားသည့် နိုင်ငံရေးလမ်းပြမြေပုံအတိုင်း တော်လှန်ရေးအင်အားစုများ၊ နိုင်ငံ ရေးပါတီများနှင့် အရပ်ဘက်အဖွဲ့အစည်းများကို အခြေခံပြီး တော်လှန်ရေးကာလအစိုးရ အစီအမံကိုအတည်ပြုကာ ပြည်သူ့အစိုးရတစ်ရပ် အမြန်ဆုံးပေါ်ပေါက်လာရန် ကြိုးပမ်းဆောင်ရွက်နေကြောင်း အသိပေးထားသည်။

#TNLA #၆၂နှစ်ပြည့် #တအာင်းအမျိုးသားတော်လှန်ရေးနေ့ #စစ်ကောင်စီ #အပြီးတိုင်ချေမှုန်းမည် #စစ်ကြေညာ #Ayeyarwaddy_Times