ဧရာဝတီတိုင်းမ်
(ချင်း)၊ ဇန်နဝါရီ ၁၁ ရက်

ချင်းလဲန်အစိုးရလက်အောက်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဆေးရုံ၊ ဆေးခန်းများတွင် တာဝန်ထမ်းဆောင်ရန် ကျန်းမာရေးဝန်ထမ်း ၁၆ နေရာအတွက် အမျိုးသားညီညွှတ်ရေးအစိုးရ( NUG)၊ ကျန်းမာရေးဝန်ကြီးဌာနက အလုပ်ခေါ်ယူမည်ဟု ဇန်နဝါရီလ ၈ ရက်နေ့က ထုတ်ပြန်ထားသည်။

ချင်းပြည်နယ်တွင် စစ်ကောင်စီ၏ ဖြတ်လေးဖြတ်ပြုလုပ်မှုကြောင့် ဆေးဝါများအပါအဝင် အားလုံး ကုန်ပိတ်ဆို့ခံနေရပြီးကျန်းမာရေးဆိုင်ရာ ဆေးဝါးများလည်း လုံးဝဝင်ရောက်နိုင်ခြင်းမရှိကြောင်း သိရသည်။

အိန္ဒိယနိုင်ငံဘက်မှ နယ်စပ်ဖြတ်ကျော်၍ ကျန်းမာရေးဆိုင်ရာဆေးဝါးများသယ်ဆောင်နိုင်ရန် အတွက်လည်း အခက်အခဲအမျိုးမျိုးကြုံနေရပြီး လိုအပ်သော ဆေးဝါးများမဝင်ရောက်နိုင်ခြင်းကြောင့် ချင်းပြည်နယ်တွင် ဆေးဝါးမလုံလောက်သည့် စိန်ခေါ်မှုကို ပြင်းပြင်းထန်ထန်ကြုံနေရကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့အစည်း(CHRO)ထံက သိရသည်။

“ချင်းပြည်နယ်မှာ မလိုအပ်ဘဲ အသက်ဆုံးရှုံးမှုတွေလည်း အရမ်းများတယ်။ ကလေးတွေရော သက်ကြီး ရွယ်အိုတွေရော သေဆုံးမှုအရမ်းများတယ်။ ပြီးတော့ ကျန်မာရေးဝန်ထမ်းတွေလည်း လုံလောက်မှု မရှိဘူး။ ဘာကြောင့်လဲဆိုတော့ CDM ပြုလုပ်တဲ့ ကျန်းမာရေးဝန်ထမ်းတွေဟာ ပြည်ပထွက်သွားသူတွေ ရှိတယ်။ အကြောင်းအမျိုးမျိုးကြောင့် တိုက်ပွဲတွေဖြစ်ပွားတဲ့ နယ်မှာရှိတဲ့ စစ်ဘေးရှောင်စခန်းအထိ မသွားနိုင်သူတွေလည်း များတယ်” ဟု CHRO ၏ File ဒါရိုက်တာဆလိုင်းတေရက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ချင်းလဲန်အစိုးရ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ဆေးရုံ၊ ဆေးခန်းများတွင် တာဝန် ထမ်းဆောင်ရန်အတွက် အထူးကုဆရာဝန်များ၊ သွားနှင့်ခံတွင်း အထူးကုဆရာဝများနှင့် သွားခံတွင်း ဆရာဝန်များ၊ ဆေးနှင့်ဆေးနှီးနွှယ်ဆိုင်ရာ ဘွဲ့လွန် သင်တန်းသားများ၊ အထူးပြုသူနာပြုများ၊ သူနာပြုများ၊ ဘဏ္ဍာရေးနှင့် စီမံရေးအရာရှိ၊ ဆေးဘက်ဆိုင်ရာနည်းပညာတက္က သိုလ်များမှ ဒီပလိုမာဘွဲ့ရရှိသူများ၊ ဆေးဝါးတက္ကသိုလ်များမှ ဘွဲ့ရသူများ၊ ဆေးနှင့်ဆေးနှီးနွှယ်ဆိုင်ရာ ဒီပလိုမာဘွဲ့ရသူများ၊ ကျန်းမာရေး မှူးများ၊ အမျိုးသမီးကျန်းမာရေးဆရာမများ (LHV)၊ ပြည်သူ့ကျန်းမာရေးကြီးကြပ် – ၁ များ၊ သားဖွား ဆရာမများ၊ ပြည်သူ့ကျန်းမာရေးကြီးကြပ် – ၂ များ၊ ဌာနခွဲစာရေး(BC) ၊ အကြီးတန်းစားရေး (UD)နှင့်အငယ်တန်းစာရေး (LD) များ အစရှိသည့် ကဏ္ဏ ၁၆ နေရာအတွက် အလုပ်လျှောက်လွှာ တင်သွင်းနိုင်ကြောင်း NUG ၏ ထုတ်ပြန်ချက်အရ သိရသည်။

လျှောက်ထားသူများသည် မြန်မာနိုင်ငံသားနှင့် ကျန်းမာရေးကောင်းမွန်သူ၊ နိုင်ငံ့ဝန်ထမ်းဖြစ်ပါက CDM ဝန်ထမ်းနှင့် စစ်ကောင်စီနှင့် ပတ်သက်မှု မရှိသူဖြစ်ရမယ်ဟု ဆိုထားသည်။

“ကျန်းမာရေးဝန်ထမ်းတွေ ရှိပေမယ့် ဆေးဝါးတွေမရှိပြန်ရင်လည်း ဘာမှ လုပ်လို့မရပြန်ဘူး။ ဒါကြောင့် ကျန်းမာရေးဝန်ထမ်းနဲ့ ဆေးဝါးလိုအပ်ချက်က ချင်းပြည်နယ်မှာ စိန်ခေါ်မှုအရမ်းမြင့်မားနေတယ်။ ချင်းပြည်နယ်မှာ တိုက်ပွဲမရှိပေမယ့် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တဲ့အခါမှာ ကျန်းမာရေးဌာန၊ ဆေးရုံ၊ ဆေးပေးခန်းတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ တိုက်ခိုက်တဲ့အတွက် ကျန်းမာရေးနဲ့ ပတ်သက် တာတွေလည်း ရှုံးဆုံးမှုတွေ တအားများတယ်” ဟု ဆလိုင်းတေရက ဆက်လက်ပြောဆိုသည်။

လျှောက်ထားသူများသည် နိုင်ငံဝန်ထမ်းမဟုတ်ပါက စစ်ကောင်စီနှင့် ပတ်သက်မှုမရှိသူ၊ အမျိုးသား ညီညွှတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနနှင့် ချင်းပြည်(Chinland) အစိုးရ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တာဝန်ချထားသော နေရာဒေသများတွင် သွားရောက် တာဝန် ထမ်းဆောင်နိုင်သူဖြစ်ရမည်ဟု သိရသည်။

လျှောက်ထားလိုသူများအနေဖြင့် ဇန်နဝါရီလ ၃၁ ရက် နောက်ဆုံးထား၍ နေ့စဉ်ပိတ်ရက်မရှိ နံနက် ၁၀ နာရီမှ ည ၈ နာရီအထိ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန၊ လူ့စွမ်းအားအရင်း အမြစ်ဌာနရဲ့ Telegram Account – https://t.me/HR_MOHNUG သို့မဟုတ် Telegram Username – @HR_MOHNUG တွင် လျှောက်လွှာပုံစံ ထုတ်ယူပြီး ပေးပို့လျှောက်ထားနိုင်ကြောင်းသိရသည်။

အတည်ပြုရွေးချယ်ခြင်းခံရသူများအနေဖြင့် တာဝန်ချထားမည့် နေရာဒေသများအတွက် လိုအပ်သော သင်တန်းများကိုလည်း သတ်မှတ်အစီအစဉ်များအတိုင်း တက်ရောက်ရမည် ဖြစ်ကြောင်း NUG က ထုတ်ပြန်ထားသည်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ ကလေးငယ်များနှင့် လူကြီးများသည် ကာလဝမ်းရောဂါဖြစ်ပွားနေပြီး ပလက်ဝမြို့နယ်အထက်ပိုင်း ဒိုးချောင်းဝကျေးရွာရှိ အသက် (၁) နှစ်ဝန်းကျင် ကလေးငယ်နှစ်ဦးသည် ဇန်နဝါရီ ၃ ရက်နှင့် ၄ ရက်နေ့များက ဆေးကုသခွင့် မရရှိဘဲ သေဆုံးခဲ့သည်။

ပုံစာ-ချင်းစစ်ဘေးရှောင်များ(ပုံဟောင်း)
#ကျန်းမာရေးဆိုင်ရာ #လိုအပ်ချက် #အလွန်များပြား #ချင်းပြည်နယ် #တာဝန်ထမမ်းဆောင်ရန် #NUG #ကျန်းမာရေးဝန်ထမ်းများခေါ်ယူ #Ayeyarwaddy_Times