
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၉ ရက်
စစ်ကိုင်းတိုင်း၊ ချောင်းဦး-မြင်းမူ ကားလမ်းပေါ်ရှိ တော်လှန်ရေးတပ်ဖွဲ့များ ဆင်ထားသည့် မိုင်းများကို စစ်ကောင်စီတပ်က ရှာဖွေသိမ်းယူသွားပြီးနောက် စခန်းရောက်မှ မိုင်းများပေါက်ကွဲခဲ့ကြောင်း လျှပ်စီးတပ်ခွဲ မုံရွာခရိုင်အမှတ် (၁၂) တပ်ရင်း တပ်ခွဲ ၃ ထံက သိရသည်။
စစ်ကောင်စီ၏ စစ်ကြောင်းသည် ပြီးခဲ့သည့် ဇန်နဝါရီ ၇ ရက်နေ့က မိုင်းရှင်းရန်ထွက်လာပြီး ချောင်းဦး-မြင်းမူ ကားလမ်းမပေါ်ရှိ တော်လှန်ရေးတပ်ဖွဲ့များ၏ မိုင်းများကို ပြည်သူများအား ရှာဖွေခိုင်းပြီးနောက် စစ်ကောင်စီတပ်အတွင်း သယ်ဆောင်သွားကြောင်း သိရသည်။
ချောင်းဦးမြို့နယ်အတွင်းမှ အင်အား ၃၀ ကျော်ပါ စစ် ကောင်စီတပ်ဖွဲ့သည် တော်လှန်ရေးတပ်ဖွဲ့များ၏ မိုင်း အလုံး ၃၀၊ ဘတ္ထရီအိုး ခုနစ်လုံး၊ အဝေးထိန်းမိုင်းတစ် လုံးတို့အား ရှာဖွေသယ်ဆောင်သွားပြီးနောက် ခရေဖြူစစ်ကောင်စီဂိတ်တွင် မိုင်းများချနေစဉ် တော်လှန်ရေးတပ်ဖွဲ့များက အဝေးထိန်းမိုင်းကို ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုဖြစ်စဉ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးပြီး ခုနစ် ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကာ အဆိုပါစခန်းသို့ ထင်းနှင့်သဲလာပို့လာသည့် ပြည်သူတစ်ဦးလည်း ဒဏ်ရာရရှိသွား ကြောင်း သိရသည်။
တိုက်ခိုက်မှုအတွင်း မတော်တဆမိုင်းစထိမှန်ခဲ့သည့် ပြည်သူတစ်ဦးအတွက် စိတ်မကောင်းဖြစ် ရပါကြောင်းနှင့် စစ်ကောင်စီတပ်ကို အခွင့်သာလျှင်သာသလို အချိန်မရွေး နေရာမရွေး တိုက်ခိုက် သွားမည်ဖြစ်ပါသောကြောင့် စစ်ကောင်စီတပ်သားများနှင့် အနီးကပ်သွားလာနေထိုင်ခြင်း မပြုလုပ် ကြရန် မေတ္တာရပ်ခံသည်ဟု လျှပ်စီးတပ်ခွဲ မုံရွာခရိုင်အမှတ် (၁၂) တပ်ရင်း တပ်ခွဲ ၃ က ထုတ်ပြန်ထားသည်။
အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်မှုဖြစ်စဉ်ကို လျှပ်စီးတပ်ခွဲ မုံရွာခရိုင်အမှတ် (၁၂) တပ်ရင်း တပ်ခွဲ ၃၊ Eleven People Defence Force၊ မုံရွာခရိုင် အမှတ် (၁၅) တပ် ရင်း၊ Nway Oo Brother Column နွေဦးညီကိုများစစ် ကြောင်းမှ အတူတကွပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ-မုံရွာခရိုင်အမှတ် (၁၂) တပ်ရင်း တပ်ခွဲ ၃
#စစ်ကိုင်း #ချောင်းဦး #မြင်းမူ #ကားလမ်းပေါ် #မိုင်း ရှင်းလင်း #စစ်ကောင်စီတပ် #ပေါက်ကွဲ #သေဆုံး #Ayeyarwaddy_Times