“BWU ကို စတင်ဖွဲ့စည်းတည်ထောင်တဲ့အမျိုးသမီးတွေဟာ BWU လို့ မပေါ် ပေါက်ခင်ကတည်းက မြန်မာနိုင်ငံမှာ အာဏာရှင်စနစ်ကျဆုံးရေးနဲ့ ဒီမိုကရေစီစနစ်ပေါ်ထွန်းရေးအတွက် တော်လှန်ရေး ရေစီးကြောင်းတစ်ခုဖြစ်တဲ့ ရှစ်လေးလုံးလူထုအရေးတော်ပုံကြီးမှာ တက်ကြွစွာရှေ့တန်းက ပါဝင်လှုပ်ရှား တိုက်ပွဲဝင်ခဲ့ကြတဲ့ အမျိုးသမီးခေါင်းဆောင်တွေဖြစ်ကြပါတယ်”

နိုင်း/ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၇ ရက်

မြန်မာ့အမျိုးသမီးသမဂ္ဂ(Burmese Women’s Union-BWU) သည် ရှစ်လေးလုံးအရေးတော်ပုံပြီးနောက် မြန်မာနိုင်ငံမှ ထွက်ခွာလာသည့် အမျိုးသမီးများ စုပေါင်း၍ လွန်ခဲ့သည့် ၁၉၉၅ ခုနှစ် ဇန်နဝါရီ ၇ ရက် နေ့တွင် ထိုင်း-မြန်မာ နယ်စပ်တစ်နေရာ၌ ဖွဲ့စည်းတည်ထောင်ခဲ့သည့် အဖွဲ့တစ်ခုဖြစ်ပြီး ယခု ဇန်နဝါရီ ၇ ရက်နေ့တွင် ဆိုလျင် နှစ်ပေါင်း ၃၀ ပြည့်ခဲ့ပြီဖြစ်သည်။

မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ကို စတင်ဖွဲ့စည်းခဲ့သည့် အချိန်မှစတင်ပြီး ယနေ့အချိန်အထိ ဂျဲန်ဒါ တန်းတူညီမျှရေး၊ ဖိုဝါဒလွှမ်းမိုးမှုပပျောက်ရေး၊ အရေးကြီး အခန်းကဏ္ဍများတွင် အမျိုးသမီးများ မျှတစွာပါဝင်ရေးစသည့် လှုပ်ရှားမှုများကို အစိုးရအဆက်ဆက်မှာပင် အစဉ်တစိုက် လှုပ်ရှား ဆောင် ရွက်ခဲ့သည့် အဖွဲ့တစ်ခု ဖြစ်သည်။

BWU သည် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် စစ်တပ်အာဏာသိမ်းယူပြီးနောက် ပေါ်ပေါက်လာသည့် ယခုနွေဦးတော်လှန်ရေးကာလ လှုပ်ရှားမှုများတွင်လည်း စစ်အာဏာရှင် ပျက်သုဉ်းရေးအတွက် တစ်ထောင့်‌တစ်နေရာမှ ပါဝင်လျက်ရှိသည်ကို တွေ့ရသည်။

ယနေ့ ဇန်နဝါရီ ၇ ရက်နေ့တွင် BWU အဖွဲ့တည်ထောင်သည်မှာ နှစ် ၃၀ ပြည့်ပြီဖြစ်၍ BWU အဖွဲ့အစည်းနှင့်ပတ်သက်သည့် အကြောင်းအရာများကို သိရှိနိုင်ရန် တွဲဖက်အထွေထွေ အတွင်းရေးမှူး (၁) ဆရာမဒေါ်ဝေဝေကို ဧရာဝတီတိုင်းမ် သတင်းဌာနက ဆက်သွယ်မေးမြန်းခဲ့သည်။

🟥ဧရာဝတီတိုင်းမ်။ ။ဆရာမရဲ့နာမည်၊ ရာထူး နဲ့ လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့အဖွဲ့အစည်းကို မိတ်ဆက်ပေးပါ။

ဆရာမ ဝေဝေ။ ။ကျွန်မရဲ့ နာမည်က ဝေဝေ ဖြစ်ပါတယ်။ မြန်မာ့အမျိုးသမီးသမဂ္ဂရဲ့ (၁၀)ကြိမ် မြောက်ညီလာခံမှာ အတွင်းရေးမှူးအဖွဲ့ဝင်အဖြစ် ရွေးချယ်တာဝန်ပေးအပ်ခြင်းခံရပြီး လက်ရှိမှာ တွဲဖက် အထွေထွေ အတွင်းရေးမှူး (၁) အဖြစ် တာဝန်ယူဆောင်ရွက်နေပါတယ်။

🟥ဧရာဝတီတိုင်းမ်။ ။ အခု BWU ကို ဖွဲ့စည်းခဲ့တာ နှစ် (၃၀)ပြည့်ပြီလို့သိရတယ်ပေါ့နော်။ BWU အဖွဲ့ အစည်း စတင်ဖြစ်ပေါ်လာပုံကို အကျဉ်းချုပ်ပြောပြပေးလို့ရမလားရှင့်။

ဆရာမ ဝေဝေ။ ။ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ကို ရှစ်လေးလုံး လူထုအရေးတော်ပုံနောက်ပိုင်း မြန်မာနိုင်ငံကနေ ထွက်ခွာလာခဲ့တဲ့ ကျောင်းသူအမျိုးသမီးများနဲ့ ထိုင်း-မြန်မာနယ်စပ်မှာ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

အဖွဲ့အစည်းစတင်ဖြစ်ခဲ့တာကတော့ ABSDF လို့ခေါ်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးမှာ ပါဝင်ခဲ့တဲ့ အမျိုးသမီး ခုနစ်ဦးကို စည်းရုံးရေးကော်မတီဝင်တွေအဖြစ် တာဝန် ပေးအပ်ပြီး ဖွဲ့စည်းဖြစ်တာပါ။ စည်းရုံးရေးကော်မတီဝင်များက လွတ်လပ်တဲ့နိုင်ငံရေး အမျိုးသမီး အဖွဲ့အစည်းအဖြစ် ဖွဲ့စည်းဖို့ ဆွေးနွေးဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

🟥ဧရာဝတီတိုင်းမ်။ ။BWU ကို ဘာကြောင့်ဖွဲ့စည်းဖြစ်ခဲ့ရတာလဲဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရှေ့ဆက် မျှော်မှန်းချက်တွေ အကြောင်း ပြောပြပေးလို့ရမလား။

ဆရာမ‌ ဝေဝေ။ ။ BWU က ခေါင်းဆောင်တွေ၊ အဖွဲ့ဝင် ညီအစ်မတွေက ဂျဲန်ဒါ၊ လူမျိုး၊ ကိုးကွယ် ယုံကြည်မှုတွေအပေါ် ခွဲခြားမှုမရှိဘဲ စုံလင်ကွဲပြားမှုကို စုစည်းအင်းအားအဖြစ် တန်ဖိုးထားတဲ့ မြန်မာနိုင်ငံက အမျိုးသမီးတွေ ဖြစ်ကြပြီး အာဏာရှင်စနစ်အလုံးစုံပျက်သုဉ်းရေး၊ တိုင်းရင်းသား တန်းတူညီမျှမှုရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ပေါက်လာရေး၊ ဂျဲန်ဒါတန်းတူညီမျှမှုရှိလာစေရေး တို့ကို လုပ်ဆောင်ဖို့ ရည်မှန်းချက်ထား လုပ်ဆောင်နေ တာဖြစ်ပါတယ်။

မျှော်မှန်းချက်အနေနဲ့ “ဂျဲန်ဒါတန်းတူညီမျှမှုနှင့် တရားမျှတမှုရှိပြီး ငြိမ်းချမ်း၍ ဟန်ချက်ညီတဲ့ လူသားဖြစ်တည်မှုအပေါ် တန်ဖိုးထားသည့် လူ့အဖွဲ့အစည်းတစ်ရပ်ပေါ်ထွန်းလာစေရေး” ကို မျှော်မှန်းချက် ထားရှိပါတယ်။

🟥ဧရာဝတီတိုင်းမ်။ ။BWU အနေနဲ့ အခုလို ဖြတ်သန်းခဲ့တဲ့ နှစ် (၃၀)ကာလ တစ်လျှောက် မြန်မာအမျိုးသမီးတွေအရေးကို ဘယ်လောက်အထိ ဆောင်ရွက် ပေးနိုင်ခဲ့သလဲ၊ BWU ရဲ့ လုပ်ဆောင်ချက်ကြောင့် အမျိုးသမီးတွေကို ဘယ် လောက်အထိ အကျိုးသက်ရောက်မှုတွေ ရှိနေပြီလဲဆိုတာကို ပြောပြပေးလို့ရမလား။

ဆရာမ ဝေဝေ။ ။ မြန်မာနိုင်ငံက အမျိုးသမီးတွေအရေးလို့ပြောရင် BWU ဟာ စတင်ဖွဲ့စည်းခဲ့ ကတည်းက ယနေ့အချိန်အထိ နိုင်ငံရေးနဲ့ ဆုံးဖြတ်ချက်ချမှတ်တဲ့ကဏ္ဍတိုင်းမှာ အမျိုးသမီးများ ပိုမိုပါဝင်လာစေရေးကို တစိုက်မတ်မတ်လုပ်ဆောင်ခဲ့တာအပြင် ဖိုဝါဒလွှမ်းမိုးမှုနဲ့ နည်းမျိုးစုံ၊ ပုံစံမျိုးစုံနဲ့ ခွဲခြားဆက်ဆံခံနေရမှုတွေ လျော့နည်းပပျောက်ဖို့ အစဉ်တစိုက် လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

စတင်ဖွဲ့စည်းတဲ့အချိန်က ဘေဂျင်း ပလက်ဖောင်း လို့ခေါ်တဲ့ ကမ္ဘာ့အမျိုးသမီးညီလာခံကြီး ကျင်းပနေတဲ့အချိန်လည်း ဖြစ်တော့ အဲ့ဒီညီလာခံကြီးမှာ အကြမ်းဖက်စစ်တပ်က နှစ်ပေါင်းများစွာ တိုင်းရင်းသူအမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ၊ မုဒိန်းမှုတွေကို ကျူးလွန်နေတာ တွေကို သုတေသနလုပ်ပြီး တင်ပြနိုင်ခဲ့တယ်။

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတဲ့အမျိုးသမီးတွေအတွက် တရားမျှတမှုရရှိဖို့ လုပ်ဆောင်တဲ့ နေရာမှာ လည်း ပံ့ပိုးကူညီဆောင်ရွက်တယ်။ ဥပမာ တစ်ခုလောက်ပြောရမယ်ဆိုရင် မြန်မာပြည်မှာ ကျောင်းထိုင် ဘုန်းကြီးက ကျူးလွန်တဲ့လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ဖော်ထုတ်ပြီး တရားဥပဒေအရ အပြစ် ပေး အရေးယူဆောင်ရွက်နိုင်အောင် လုပ်ဆောင်ခဲ့တာ ရှိပါတယ်။

ဂျဲန်ဒါအခြေပြုခွဲခြားဆက်ဆံမှုတွေ လျော့နည်းပပျောက်ဖို့ လိင်ပိုင်းဆိုင်ရာ အကြမ်းမှုတွေအကြောင်း၊ အိမ်တွင်းအကြမ်း ဖက်မှုတွေအကြောင်း၊ လုပ်ငန်းခွင်အတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ အကြောင်းကို အသိပညာပေးမှုအစီအစဉ်တွေ ပုံစံမျိုးစုံနဲ့ လုပ်ဆောင်ခဲ့တာအပြင် စနစ်တကျမှတ်တမ်း ကောက်ယူပြီး အချက်အလက်စုဆောင်းတာ၊ သုံးသပ်ချက် စာတမ်းတွေထုတ်ပြန်ပြီး စည်းရုံး လှုံ့ဆော်တာ၊ အမျိုးသမီးတွေ အကြမ်းဖက်ခံရမှု လျှော့နည်းပပျောက်ဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ အနေနဲ့ မူဝါဒတွေ၊ ဥပဒေတွချမှတ်ပြီး အကာအကွယ် ပေးရေးကို အကောင်အထည်ဖော်ဆောင်ရွက်ဖို့ စည်းရုံးလှုံ့ဆော်တာ တွေကို လုပ်ဆောင်ခဲ့တာတွေရှိသလို ဆက်လက်ပြီးလည်း လုပ်ဆောင်သွား မှာဖြစ်ပါတယ်။

နောက်တစ်ခုက အဖွဲ့ကို စတင်တည်ထောင်ကတည်းက ချမှတ်ခဲ့တဲ့ နိုင်ငံရေးနဲ့ ဆုံးဖြတ်ချက် ချမှတ်တဲ့ ကဏ္ဍတိုင်းမှာ အမျိုးသမီးတွေပိုမိုပါဝင်စေရေးကို တစိုက်မတ်မတ် လုပ်ဆောင်ခဲ့တဲ့အတွက် BWU က ပြုလုပ်တဲ့ အလုပ်သင်အစီအစဉ်တွေ၊ စွမ်းရည်မြှင့်တင်ရေးသင်တန်းတွေမှာ တက်ရောက်ခဲ့တဲ့ အမျိုးသမီး တွေဟာ အခုဆိုရင် BWU မှာသာမကဘဲ အခြားအဖွဲ့အစည်းတွေအပြင် နိုင်ငံတကာမှာ ပါရောက်ရှိပြီး ဦးဆောင်တဲ့ကဏ္ဍတွေ၊ ဆုံးဖြတ်ချက်ချမှတ်တဲ့နေရာတွေမှာ ပါဝင်နေကြသူအမျိုးသမီး များစွာ ရှိပါတယ်။

🟥ဧရာဝတီတိုင်းမ်။ ။ ဒီနှစ် (၃၀)တာကာလမှာ မြန်မာနိုင်ငံရဲ့စစ်အာဏာရှင် အဆက်ဆက်ကို ဖြတ်သန်းခဲ့ရတယ်။ အခုတော်လှန်ရေးကာလမှာလည်း BWU အနေနဲ့ မြန်မာနိုင်ငံက အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍအတွက် ဘယ်လိုပါဝင်လှုပ်ရှားမှုတွေ ဆောင်ရွက်ခဲ့လဲဆိုတာ ပြောပြပေးလို့ ရမလား။

ဆရာမ ဝေဝေ။ ။ BWU အနေနဲ့ မြန်မာနိုင်ငံက အမျိုးသမီးတွေရဲ့အခန်းကဏ္ဍအတွက် ဘယ်လိုပါဝင် လှုပ်ရှားမှု တွေဆောင်ရွက်ခဲ့လဲဆိုတာပြောရမယ်ဆိုရင် BWU ကို စတင်ဖွဲ့စည်းတည်ထောင်တဲ့ အမျိုးသမီးတွေဟာ BWU လို့မပေါ်ပေါက်ခင်ကတည်းက မြန်မာနိုင်ငံမှာ အာဏာရှင်စနစ်ကျဆုံးရေးနဲ့ ဒီမိုကရေစီစနစ် ပေါ်ထွန်းရေးအတွက် တော်လှန်ရေးရေစီးကြောင်းတစ်ခုဖြစ်တဲ့ ရှစ် လေးလုံးလူထု အရေးတော်ပုံကြီးမှာ တက်ကြွစွာ ရှေ့တန်းက ပါဝင်လှုပ်ရှားတိုက်ပွဲဝင်ခဲ့ကြတဲ့ အမျိုးသမီး ခေါင်းဆောင်တွေ ဖြစ်ကြပါတယ်။

BWU ဟာ အရှေ့မှာပြောခဲ့သလိုပဲ အမျိုးသမီးတွေ ပုံစံမျိုးစုံ နည်းမျိုးစုံနဲ့ ခွဲခြားဖိနှိပ်ဆက်ဆံ ခံရတာတွေကို လျော့နည်းပပျောက်အောင် လုပ်ဆောင်နေတာအပြင် နိုင်ငံရေးနဲ့ ဆုံးဖြတ်ချက် ချမှတ်တဲ့ကဏ္ဍတွေမှာ အမျိုးသမီးတွေပိုမိုပါဝင်လာနိုင်စေရေးကို လုပ်ဆောင်ခဲ့တာ လုပ်ဆောင် နေတာကြောင့် အခုနွေဦးတော်လှန်ရေးမှာလည်း BWU က ညီအမတွေကတက်တက်ကြွကြွနဲ့ ပါဝင် လုပ်ဆောင်နေတာ ရှိပါတယ်။

အမျိုးသမီးလူ့ အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေကို လုံခြုံရေးအတွက် ပံ့ပိုးကူညီတာ၊ စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာ အားပေးကူညီတာ၊ ပဋိပက္ခကာလအတွင်း အမျိုးသမီးတွေရင်ဆိုင် ကြုံတွေ့ရတဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး တရားမျှတမှုကို ရှာဖွေဖော်ထုတ်နိုင်ဖို့ မှတ်တမ်း တင်တဲ့ လုပ်ငန်းတွေမှာ လုပ်ဆောင်တာတွေကို လုပ်ဆောင်နေပါတယ်။

BWU ဟာ WLB လို့ခေါ်တဲ့ အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) ပေါ်ပေါက်ရေးမှာ တက်တက်ကြွကြွ ဦးဆောင် ပါဝင်ခဲ့တဲ့ သမိုင်း မှတ်တမ်း တွေလည်းရှိတယ်။ ဒီနေ့တော်လှန်ရေးမှာ အမျိုးသမီးတွေ ရဲ့အခန်းကဏကို မြှင့်တင်နိုင်အောင်၊ BWU နဲ့အတူ WLB အဖွဲ့ဝင်အဖွဲ့အစည်းတွေအားလုံးက တက်တက်ကြွကြွပါဝင် ဆောင်ရွက်ကူညီပံ့ပိုးပေးနေကြပါတယ်။

🟥ဧရာဝတီတိုင်းမ်။ ။ ဆရာမအနေနဲ့ ထပ်မံဖြည့်စွက်ပြောကြားချင်တာများ ရှိပါသေးလား။

ဆရာမ ဝေဝေ။ ။ ကျေးဇူးတင်ပါတယ်။

🟥ဧရာဝတီတိုင်းမ်။ ။ အခုလိုဖြေကြားပေးတဲ့အတွက် ဆရာမကို ကျေးဇူးတင်ပါတယ်ရှင့်။

#မြန်မာ့အမျိုးသမီးသမဂ္ဂ #BWU #နှစ်သုံးဆယ်ပြည့် #အမျိုးသမီးကဏ္ဍ #အင်တာဗျူး #Ayeyarwaddy_Times

မြန်မာနိုင်ငံတွင် စစ်တပ် အာဏာသိမ်းမှုကြောင့် လက်ရှိအမျိုးသမီးများ ရင်ဆိုင်နေရသည့် အခက်အခဲ၊ စိန်ခေါ်မှုနှင့် ကျော်ဖြတ်ခဲ့ရသည့် အခြေအနေများအပြင် အမျိုးသမီးများဦးဆောင်၍ လုပ်ဆောင် နေသည့် အကြောင်းအရာများကို “အမျိုးသမီးကဏ္ဍ” အနေဖြင့် အပတ်စဉ် အင်္ဂါနေတိုင်း တင်ဆက် ပေးနိုင်ရန် ကြိုးစားသွားမည်ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုနိုင်ပါကြောင်း ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အသိပေးအပ်ပါသည်။)