ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၁ ရက်

စစ်ကော်မရှင်လက်အောက်ခံ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စသုံးလုံး) သည် လစ်လပ်နေသော လက်ထောက်စုံစမ်းရေးမှူး ရာထူး ၉၀ နေရာအတွက် ဝန်ထမ်းများ ခေါ်ယူခဲ့ပြီး ယင်းသို့ခေါ်ယူမှုသည် ပြည်သူကို ဖိနှိပ်ရန်နှင့် တော်လှန်ရေး သတင်းများ စုဆောင်းရန်အတွက် အင်အားဖြည့်တင်းခြင်း ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်သည်။

စသုံးလုံးဌာနတွင် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်ကလည်း လက်ထောက်စုံစမ်းရေးမှူး ရာထူးနေရာများစွာ ခေါ်ယူပြီး ၂၀၂၄ ဇန်နဝါရီတွင် လက်ထောက်စုံစမ်းရေးမှူး ရာထူး ၆၅ နေရာ ခေါ်ယူခဲ့သည်။

စသုံးလုံး ဌာနသည် ၎င်း၏ မူလတာဝန်များအနက် “နိုင်ငံတော်လုံခြုံရေးအတွက် သတင်းများ စုဆောင်းတင်ပြရေး” ကိုသာ ပိုမိုအာရုံစိုက်လာပြီး ယခုကဲ့သို့ အင်အားတိုးမြှင့်ခြင်းမှာ တော်လှန်ရေး သတင်းများထောက်လှမ်းရန်၊ ပြည်သူလူထုကိုဖိနှိပ်ရေးယန္တရားဖြင့်အရေးယူနိုင်ရန်၊ စစ်ကော်မရှင်၏ အုပ်ချုပ်ရေး ယန္တရား ထိန်းချုပ်ရန် စသည့်ရည်ရွယ်ချက်များကို ပိုမိုလုပ်ဆောင်လာကြောင်း နိုင်ငံရေးလေ့လာသူများက ဆိုသည်။

“”မင်းအောင်လှိုင် အာဏာသိမ်းပြီးနောက်ပိုင်းမှာ စသုံးလုံးက နိုင်ငံရေးအရ အရေးပါတဲ့ဌာနတစ်ခုအဖြစ် မြင့်တက်လာတယ်။ စစ်ကော်မရှင် အာဏာတည်မြဲရေးအတွက် ထောက်လှမ်းစုံစမ်းမှု အပိုင်းကို အဓိကထားပြီး ပိုလုပ်လာတာ တွေ့ရတယ်” ဟု လေ့လာသုံးသပ်သူတစ်ဦးက ဧရာ၀တီတိုင်းမ် ကို ပြောသည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အာဏာမသိမ်းမီ ၂၀၁၈ ခုနှစ်တွင် အထူးစုံစမ်း စစ်ဆေးရေး ဦးစီးဌာန (စသုံးလုံး) ကို နောက်ဆုံးအကြိမ် တိုးချဲ့ဖွဲ့စည်းခဲ့ပြီး စုစုပေါင်းဝန်ထမ်းအင်အား ၂,၈၄၆ ဦး အထိ ရှိခဲ့သည်။

စသုံးလုံးသည် စစ်အုပ်စုအာဏာသိမ်းပြီးနောက်ပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)၊ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)နှင့် ဆက်စပ်သူများနှင့် ငွေကြေးထောက်ပံ့မှုများကို ထောက်လှမ်းစုံစမ်းခြင်း၊ CDM တွင် ပါဝင်သည့် ဝန်ထမ်းများနှင့် ထောက်ပံ့သူများကို ဖော်ထုတ် အရေးယူခြင်း၊ စစ်ကော်မရှင်ကို ဝေဖန်သူများ၊ တော်လှန်ရေးသတင်းများ ဖြန့်ဝေသူများ (အထူးသဖြင့် လူမှုကွန်ရက်သုံးစွဲသူများ) ကို ပုဒ်မ ၅၀၅-က၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ၊ ဆက်သွယ်ရေး ဥပဒေ စသည်တို့ဖြင့် တရားစွဲဆိုနိုင်ရန်အတွက် အချက်အလက် စုဆောင်းခြင်းများ လုပ်ဆောင်လာသည်။

ပုံစာ-စသုံးလုံး ဥပဒေဘာသာရပ် အထူး သင်တန်းတွင်တွေ့ရသည့် သင်တန်းသားများ။ (ပုံဟောင်း)