ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၁ ရက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကံဆီးဒေသရှိ KIA တပ်မဟာ ၉ တပ်ရင်း ၆ နယ်မြေကို စစ်ကောင်မရှင်က ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယနေ့ အောက်တိုဘာ ၂၁ ရက် နံနက်ပိုင်းအချိန်တွင် စစ်ကော်မရှင်က Y 12 လေယာဉ်ဖြင့် တပ်ရင်း ၆ နယ်မြေအတွင်းသို့ ဗုံးအလုံးရေ ၃၆ လုံးကျော် ကြဲချတိုက်ခိုက်ခဲ့သည်ဟုဆိုသည်။

“တပ်ရင်း ၆ နယ်မြေအတွင်းမှာ စစ်တပ်က မြေပြင် ဝေဟင် စစ်ကြောင်းထိုးလာတဲ့အတွက် တိုက်ပွဲပြင်းထန်နေပါတယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကော်မရှင်နှင့် ရှမ်းနီတပ် SNA တို့ အင်အားအလုံး အရင်းဖြင့် တပ်ရင်း ၆ နယ်မြေအတွင်းသို့ စစ် ကြောင်းထိုး ဝင်ရောက်လာသည့်အတွက် တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားနေခြင်းဖြစ်သည်။

စစ်ကော်မရှင်တပ်စွဲထားသည့် ဆိုင်းတောင်-ယူမာလမ်းပေါ်ရှိ အဲဗားဝင်း၊ မျောခြံနှင့် မရှီကထောင်၊ တရုတ်ဘုံကျောင်း၊ ရခိုင်ကုန်းပေါ်တို့တွင် ထိတွေ့တိုက်ပွဲများ ပြင်းထန်နေသည်။

ဖားကန့်တွင် ဝင်ရောက်စစ်ကြောင်းထိုးနေသည့် စစ်ကော်မရှင်တပ်အချို့ ထွက်ခွာသွားသော်လည်း ကျန်ရှိသည့် စစ်ကောင်စီနှင့် ရှမ်းနီပြည်သူ့စစ်များ ပူပေါင်းပြီး တပ်ရင်း ၆ နယ်မြေအတွင်း စစ်ကြောင်းထိုးလာသည့်အတွက် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းဖြစ်သည်။