
ဧရာဝတီတိုင်းမ်
(ရေတာရှည်)၊ အောက်တိုဘာ ၂၁ ရက်
ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ ရွာသစ်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကော်မရှင်တပ်စခန်းကို ယမန်နေ့အောက်တိုဘာ ၂၀ ရက်နေ့က နေပြည်တော်တိုင်းစစ်ဌာန လက်အောက်ရှိတပ်ရင်းများဖြင့် စုဖွဲ့ထားသည့် ဗျူဟာစစ်ကြောင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ရွာသစ်ရွာတွင် တပ်ဖွဲ့ဝင်အင်အား ၆၀ ဝန်းကျင်ဖြင့် စခန်းချတပ်စွဲထားသော စစ်ကော်မရှင်တပ်သည် ထိုသို့တိုက်ခိုက်ခံရမှုကြောင့် တပ်ရင်းမှူးအပါအဝင် ၁၅ ဦးသေဆုံးပြီး နှစ် ဦးကို အရှင်ဖမ်းဆီးရမိခဲ့ကာ ကျန်တပ်ဖွဲ့ဝင်များလည်း အထိနာကာ ဆုတ်ခွာထွက်ပြေးသွားကြောင်း သိရသည်။
တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ညီညီနိုင် (လေကြောင်းရန်ကာကွယ်ရေးတပ်/လကတ-၂၀၂၉) ကိုမူ အရှင်လက်ရဖမ်းဆီးမိသော်လည်း ပစ္စတိုထုတ်၍ ခုခံမှုပြုလုပ်သည့်အတွက် ပြန်လည်ပစ်ခတ်ခဲ့ရာတွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
အဆိုပါရွာသစ်ကျေးရွာရှိ စစ်ကော်မရှင်အထိုင်စခန်းနှင့် ရွာတွင်းရှိကင်းစခန်းများအားလုံးကို တော်လှန် ရေးတပ်ဖွဲ့များက အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ် မှုများကြားတွင် ပိတ်မိနေသည့် ဒေသခံများကိုလည်း တိုက်ပွဲလွတ်ရာသို့ ကယ်ထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင်စစ်ကော်မရှင်ထံမှ ဒရုန်းဂျမ်မာ(ရေဒီယိုလှိုင်းနှောက်စက်) အထိုင်စက်ကြီး တစ် လုံး၊ MA-11 တစ် လက်၊ MA-3 တစ် လက်၊ G-3 သုံး လက်၊ ၆၀-မမ တစ် လက်၊ ပစ္စတို တစ် လက်အပါအဝင် ကျည်မျိုးစုံနှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်းလည်း သိရသည်။
လက်ရှိတွင် စစ်ကော်မရှင်ဘက်မှ စစ်ကူများဖြည့်ကာ ပြန်လည်စစ်ကြောင်းထိုးလာသည့်အတွက် တိုက်ပွဲငယ်များ ဆက်လက်ဖြစ်ပွားနေပြီး အနီးနားစစ်တောင်းမြစ်ကမ်းဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံများအနေဖြင့် စစ်ရေးသတိဖြင့်နေထိုင်ကြပါရန်လည်း နေပြည်တော်တိုင်းစစ်ဌာနက သတိပေး ထားသည်။
ဓာတ်ပုံ – Nay Pyi Taw PDF