ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၁ ရက်

ထိုင်းနိုင်ငံတွင် စီးပွားရေးကျဆင်းသည့် လက္ခဏာများရှိလာသော်လည်း Lazada၊ Shopee၊ Tiktok ကဲ့သို့ အွန်လိုင်းမှဈေးရောင်းသည့် ဈေးကွက်သည် ဘီလီယံချီသည့် ဝယ်လိုမှုများမြင့်တက်နေကြောင်းထိုင်း သတင်းမီဒီယာများ၏ဖော်ပြချက်အရ သိရသည်။

လက်လီရောင်းချမှုများ အရှိန်ကျလာစဉ်တွင် အွန်လိုင်းဒစ်ဂျစ်တယ်ဈေးကွက်တွင် မရှိမဖြစ်ကုန်ပစ္စည်းများဖြစ်သည့် အိမ်အသုံးအဆောင်များ၊ ဖက်ရှင်ပစ္စည်းများ၊ အလှကုန်များမှာ အရောင်းရဆုံးပစ္စည်းများဖြစ်လာပြီး Lazada၊ Shopee၊ Tiktok Shop တို့မှာ အဓိကဝယ်ယူမှုများသည့် အွန်လိုင်းပလက်ဖောင်းများဖြစ်လာကြသည်။

အရှေ့တောင်အာရှဒေသ၏ အွန်လိုင်းစီးပွားရေးကဏ္ဍသည် နှစ်စဉ် ၁၂ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းခန့် တိုးတက်ပြီး ထိုင်းနိုင်ငံသည် ဒေသတွင်းအကြီးဆုံးနှင့် ဝယ်လိုအားအများဆုံးဖြစ်ကြောင်းလည်း ဒီဂျစ်တယ်စီးပွားရေးအစီရင်ခံစာများအရ သိရသည်။

“အွန်လိုင်းက၀ယ်တာများတယ် Lazada တို့ shopee တို့က၀ယ်တယ်။ ခုနောက်ပိုင်းလည်း Tik tok shop မှာလည်း ၀ယ်ဖြစ်တယ်။ အပြင်သွားစရာမလို‌တော့ လမ်းစရိတ်လည်းသက်သာတယ်။ ပြီးတော့ အွန်လိုင်းမှာက ဒီဈေးပဲ ကြိုက်ရင်၀ယ် မကြိုက်ရင်မဝယ်ဆိုတော့ ပိုအဆင်ပြေတယ်။ ရွေးချယ်စရာလည်းပိုများတယ်။ အွန်းလိုင်းမှာဈေး ပိုသက်သာတယ် တခါတလေ discount တွေလည်းရှိတော့ ဒီကပဲပိုဝယ်ဖြစ်တယ်” ဟု အွန်လိုင်းမှဈေးဝယ်လေ့ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ထိုင်းနိုင်ငံအတွင်း ယခင်ရှိပြီးသား ထိုင်းရောက်မြန်မာနိုင်ငံသားများအပြင် အာဏာသိမ်း စစ်အုပ်စုကြောင့် ပြောင်းရွှေ့အခြေချလာသည့် မြန်မာနိုင်ငံသားများ‌ကြောင့် လူဦးရေသန်းချီ ထပ်မံတိုးမြင့်လာသည့်အတွက် Shopee ဈေးဝယ်ပလက်ဖောင်းမှ ထိုင်းနှင့်အင်္ဂလိပ် အပြင် မြန်မာဘာသာစကားဖြင့်ပါ အသုံးပြုနိုင်ရန် ပြင်ဆင်ပေးခဲ့ကြောင်း သိရသည်။

ထို့ပြင် အွန်လိုင်း ဈေးဝယ်ပလက်ဖောင်းများမှဝယ်ယူသူများအတွက် ပရိုရှင်းအစီအစဉ်များမှာ အဓိကဆွဲဆောင်မှုများဖြစ်ကြောင်းသိရှိသည့်အတွက် ‌လွယ်ကူစွာငွေပေးချေနိုင်ရေး၊ အရစ်ကျအစီအစဉ်များကဲ့သို့ ရွေးချယ်စရာအမျိုးမျိုးကိုလည်း အမြဲတမ်းမြှင့်တင်ပြုလုပ်ပေးလျက်ရှိသည်။

လက်ရှိတွင် ထိုင်းအွန်လိုင်း‌စီးပွားရေးဈေးကွက်၏ လေးပုံတစ်ပုံကို Lazada အွန်လိုင်း‌စီးပွားရေးက နေရာယူထားကြောင်းလည်း သိရသည်။

ကိုးကား – The Nation Thailand