
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂ ရက်
ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှထွက်ခွာသည့် ကုန်တင်ကားများကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလကုန်ပတ်မှစတင်ပြီး ပိတ်ထားကြောင်း သတင်းရရှိသည်။
အမှတ် ၁၃ ရပ်ကွက်ရှိ ကုန်တင်ကားများသည် ထွက်ခွာခွင့်မရသည့်အတွက် ကားအားလုံး ရပ်နားထားရကြောင်း ဒေသခံများထံက သိရသည်။
“ ကုန်ကားတွေတော့တွေ့တယ် အားလုံးရပ်ထားရတာ၊ ဘာဖြစ်လို့လဲဆိုတာတော့ မသိဘူးလေ။ ဒီနောက်ဆုံးပတ်လောက်မှာ အားလုံးမထွက်ရတော့တာ”ဟု မျက်မြင်တွေ့ရှိခဲ့သည့် အသက် ၄၀ ကျော်အရွယ် ဒေသခံအမျိုးသမီးတဦးမှ ဧရာဝတီတိုင်းမ်ကို ပြောသည်။
ကုန်တင်ကားများထွက်ခွင့်မရသည်မှာ စစ်ကောင်စီတပ်က ပိတ်ပင်ထားခြင်းဖြစ်ပြီး ဂွမြို့မကျခင် ကုန်တင်ကားများအား ချောဆွဲချိန် တွင် ကားများသာပေးပြီး ယာဉ်မောင်းများမလိုက်သဖြင့် ကုန်ကားများထွက်ခွင့်ကို ပိတ်ပင်လိုက်ခြင်းဖြစ်ကြောင်း စစ်ကောင်စီတပ်နှင့်နီးစပ်သည့် အသိုင်းဝိုင်းထံမှ စုံစမ်းသိရှိရသည်။
“ ဂွမကျခင်ရက်က ကုန်တင်ကားတွေကိုချောဆွဲတာ ကားသမားတွေက မလိုက်ရဲတော့ သူတို့အလုပ်မဖြစ်ဘူး။ အဲ့တာကိုအငြိုးထားပြီး နယ်လုံက ပိတ်ခိုင်းထားလိုက်တာ”ဟု စစ်ကောင်စီတပ်နှင့် နီးစပ်သူတဦးမှ ဧရာဝတီတိုင်းမ်သို့ ပြောသည်။
စစ်ကောင်စီတပ်က ဂွမြို့နယ်မကျခင်ရက်ပိုင်းအလိုကဧရာဝတီတိုင်းအတွင်းရှိ ကုန်တင်ကားများအား ချောဆွဲခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
#ပုသိမ်မြို့ #ကုန်ကားများ #စစ်ကောင်စီ #ထွက်ခွင့်ပိတ်ထား #Ayeyarwaddy_Times