
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၃၀ ရက်
စစ်ကိုင်းတိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) က စစ်ကိုင်းတိုင်း တပ်မဟာ အသစ်ဖွဲ့စည်း၍ ထိုးစစ်အရှိန်မြှင့်တင်မည်ဖြစ်ကြောင်း သိရသည်။
“မိမိတို့အနေဖြင့် လာမည့် ၂၀၂၅ ခုနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၌ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၏ တပ်မဟာအသစ် တစ်ခုဖွဲ့စည်း၍ စစ်ဆင်ရေးအရှိန်အဟုန်ကို တိုးမြှင့်ဖော်ဆောင် သွားမည်” ဟု ယနေ့ ဒီဇင်ဘာ ၃၀ ရက်နေ့ရက်စွဲဖြင့် MDY-PDF က ထုတ်ပြန်လာခြင်းဖြစ်သည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) သည် TNLA (တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်) နှင့်လက်တွဲ၍ ၁၀၂၇ စစ်ဆင်ရေးများတွင် ပါဝင်တိုက်ခိုက်ခဲ့ပြီး မန္တလေးတိုင်းအတွင်းရှိ မြို့များကိုလည်း တိုက်ခိုက်သိမ်းပိုက်ရရှိထားသည်။
MDY-PDF အနေဖြင့် အသစ်ဖွဲ့စည်းမည့် စစ်ကိုင်းတပ်မဟာတွင် လာရောက်ပူးပေါင်းမည့် စစ်သည်တော်များနှင့် မိတ်ဖက်တော်လှန်ရေးတပ်ဖွဲ့များကို ကြိုဆိုဖိတ်ခေါ်ထားပြီး စစ်ကိုင်းတိုင်းရှိ တော်လှန်ရေးတပ်ဖွဲ့များနှင့်လည်း စစ်ဆင်ရေးများကို ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်သွားရန် အဆင်သင့်ရှိကြောင်း အသိပေးထုတ်ပြန်ထားသည်။
အလားတူ မြောက်ပိုင်းညီနောင်မဟာမိတ်များနှင့်အတူ မြို့သိမ်းတိုက်ပွဲများကို ပါဝင်တိုက်ခိုက်ခဲ့သည့် ဗမာပြည်သူ့လွတ် မြောက်ရေးတပ်တော်(BPLA)သည်လည်း အညာဒေသတွင် အခြေချ၍ စစ်ဆင်ရေး များဖော်ဆောင်မည်ဖြစ်ကြောင်း BPLA တပ်ဖွဲ့ တာဝန်ခံက ဆိုထားသည်။
“ပြည်သူတွေကို အသိပေးချင်တာတစ်ခုက BPLA ဟာ မကြာခင် အညာဒေသမှာအခြေချပြီး စစ်ဆင်ရေးတွေ ဖော်ဆောင်လာနိုင်တော့မယ်ဆိုတာပါပဲ။ အညာလူထုကလည်း ကျွန်တော် တို့ကို ကြိုဆိုမယ်လို့ ယုံကြည် မျှော်လင့်ပါတယ်”ဟု BPLA တပ်ဖွဲ့ တာဝန်ခံမောင်ဆောင်းခက သူ၏ လူမှုကွန်ရက်တွင် ပြီးခဲ့သည့်နိုဝင်ဘာ ၂၇ ရက်နေ့က ရေးသားထားသည်။
“၁၀၂၇ စစ်ဆင်ရေးတွင်” စစ်ရေးအတွေ့အကြုံရှိခဲ့သည့် တပ်များ စစ်ကိုင်းတိုင်းအတွင် အခြေချလာမည့်အပေါ် စစ်ကိုင်းတိုင်းအတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့များကလည်း ကြိုဆိုကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM) တပ်ဖွဲ့တာဝန်ခံ ကိုနွေဦးကလည်း ဧရာ၀တီတိုင်းမ်ကို အသိပေးပြောကြားထားသည်။
ဓာတ်ပုံ-MDY_PDF (ပုံဟောင်း)
#MDY_PDF #စစ်ကိုင်းတပ်မဟာ #အသစ်ဖွဲ့စည်းမည် #Ayeyarwaddy_Times