
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၄ ရက်
တပ်တွင်း၊ တပ်ပြင် စည်းလုံးညီညွတ်ရေးကို ခိုင်မာစွာတည်ဆောက်ရမည်ဖြစ်ပြီး “ဘယ်သူခွဲခွဲ ဒို့မကွဲ အမြဲစည်းလုံးမည်” ဆိုသည့် ဆောင်ပုဒ်အတိုင်း တပ်မတော်သားများနှင့် မိသားစုဝင်များ စုစည်း ညီညွတ်ဖို့ အထူးလိုအပ်သည်ဟု စစ်ခေါင်းဆောင်က အမျိုးသမီးဗိုလ်လောင်းများကို ပြောဆိုခဲ့သည်။
ရန်ကုန်မြို့ မှော်ဘီဗိုလ်သင်တန်းကျောင်း စစ်ရေးပြကွင်းတွင် ယမန်နေ့ ဒီဇင်ဘာလ ၂၃ ရက်နေ့က ပြုလုပ်ခဲ့သည့် ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၁၁) သင်တန်းဆင်းပွဲ စစ်ရေးပြ အခမ်းအနား၌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမိန့်ပေးပြောကြားခဲ့ခြင်းဖြစ်သည်။
ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းများအနေဖြင့် မြဲသုံးမြဲကို လက်ကိုင်ထားပြီး အမြဲတမ်းလေ့ကျင့်၊ အမြဲတမ်း စစ်ရေးသတိ၊ အမြဲ တမ်းတိုက်ပွဲဝင်ရန်အသင့်စသည့် မြဲသုံးမြဲကို လက်ကိုင်ထားပြီး တိုက်ပွဲဝင်ရန် အဆင်သင့်ဖြစ်နေရမည်ဟုလည်း ပြောဆိုခဲ့သည်။
ပြီးခဲ့သည့် ၁၀၂၇ ဒုတိယပိုင်းအဆက်ဖြစ်သည့် လားရှိူးမြို့ရှိ ရမခစစ်တိုင်းဌာနချုပ် တိုက်ပွဲတွင် အမျိုး သမီးစစ်သည်များပါ ပါဝင်တိုက်ခိုက်ခဲ့ရပြီး အမျိုး သမီးတပ်ရေးဗိုလ်ကြီး အပါအဝင် အမျိုးသမီးစစ် သည် သုံးဦးသာကျန်ရှိပြီး လာရောက်ကယ်ဆယ်သူမရှိသဖြင့် အရန်အင်အားတပ်ရင်းတခုသို့ ထွက်ပြေး ခဲ့ကြရကြောင်း တပ်သတင်းရင်းမြစ်ထံက သိရသည်။
ထို့အပြင် နိုင်ငံတော်ကိုကာကွယ်ရန် ကျား/မ မရွေး နိုင်ငံသားတိုင်းထမ်းရွက်ကြရမည့် မွေးရာပါ သမိုင်းပေးတာဝန်ဖြစ်သည့်အတွက် အမျိုးသမီးစစ်မှုထမ်းတပ်ဖွဲ့ဝင်များကို လေ့ကျင့်မွေးထုတ်ပေးနေ ခြင်း ဖြစ်သည်ဟု စစ်ခေါင်းဆောင်က ဆိုသည်။
အမျိုးသမီး စစ်မှုထမ်းများအနေဖြင့် အမျိုးသားများနှင့်ရင်ဘောင်တန်းပြီး စွန့်လွှတ်အနစ်နာခံမှု၊ ရဲဝံ့စွန့် စားမှုများဖြင့် ပါဝင်တိုက်ခိုက်ရမည်ဟု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။
#အမျိုးသမီး #စစ်သည် #တိုက်ပွဲဝင်ရန် #အသင်ပြင်ထားရန် #စစ်ခေါင်းဆောင်ပြော #Ayeyarwaddy_Times