
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၆ ရက်
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်သူ့ရင်ခွင်အကောင်အထည်ဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ တော်လှန်ရေး တပ်ဖွဲ့များထံသို့ ပြီးခဲ့သည့် နိုဝင်ဘာ တစ်လတာအတွင်း အလင်းဝင်ရောက်လာသူ ၃၃ ဦးရှိကြောင်း NUG ထံက သိရသည်။
နိုဝင်ဘာလအတွင်း အလင်းဝင် ရောက်လာသူများထဲတွင် ဗိုလ်မှူး တစ်ဦး ပါဝင်ပြီး တပ်သား နှင့် ရဲ စုစုပေါင်း ၃၃ ဦးရှိကာ လက်နက်နှင့်တကွ အလင်းဝင်ရောက်လာသူများလည်းရှိကာ လက်နက် ၂၀ လက် နှင့် ခဲယမ်း မျိုးစုံပါဝင်ကြောင်း သိရသည်။
ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် တပ်သားသစ်စု ဆောင်းခံရသူများကိုပါ အလင်းဝင်ရောက်နိုင်သူများ စာရင်းတွင် ထည့်သွင်းထားပြီး အလင်းဝင်ရောက်လာသူများတွင် လက်နက်ပါဝင်ပါက ဆုကြေးငွေ များကိုလည်း ချီးမြှင့်ခဲ့ကြောင်း NUG ထံက သိရသည်။
“သာမန်စစ်သားတွေပဲဖြစ်စေ၊ မတရားစစ်မှုထမ်း အနေနဲ့ ခေါ်ဆောင်ခံရတဲ့သူတွေပဲဖြစ်စေ ကျွန်တော်တို့ ပြည်သူ့ရင်ခွင်ကို လာဆက်သွယ်ပါ။ ကျွန်တော်တို့ အကောင်းဆုံးကြိုးစားပြီးတော့ ပြည်သူလူထုဘက်ကို ခိုလှုံနိုင်အောင်လုပ်ပေးမယ်။ နောက်တစ်ခုကကျတော့ ပြည်သူ့စစ်မှု ထမ်းပဲဖြစ်ဖြစ်၊ သာမာန်စစ်သားတွေပဲဖြစ်ဖြစ် ထွက်ခွာလို့မရတဲ့ အခြေအနေမျိုး ဖြစ်နေတယ် ဆိုရင်လည်း မိသားစုအရေးပဲဖြစ်ဖြစ် တပ်တွင်းကနေပဲ Pre CDM အနေနဲ့ပူးပေါင်းထားလို့ရတယ်။ ကျွန်တော်တို့ဆီကိုလာဆက်သွယ်ပါ။ ကျွန်တော်တို့ကြိုဆိုနေတုန်းပါပဲ” ဟု ပြည်သူ့ရင်ခွင်အဖွဲ့အစည်း တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
နောင်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူ့ဘက်သို့ ရပ်တည်လိုပါက ပြည်သူ့ရင်ခွင် အဖွဲ့အစည်း၊ နီးစပ်ရာ PDF၊ ပကဖ များနှင့် မဟာမိတ် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၏ တယ်လီဂရမ်၊ ဖေ့စ်ဘွတ် စသည့် လူမှုကွန်ရက် စာမျက်နှာများကို ဆက်သွယ် ချိတ်ဆက်ကာ အလင်းဝင်ရောက် နိုင်ကြောင်း NUG က ထုတ်ပြန်ထားသည်။
ထို့ပြင် ယခု ဒီဇင်ဘာလအတွင်းက ဧရာဝတီတိုင်းမှ လူငယ်နှစ်ဦးသည် စစ်ကောင်စီ၏ စစ်မှုထမ်း ဥပဒေဖြင့် တပ်သားသစ်အဖြစ် မတရားစုဆောင်းခံရ၍ စစ်သင်တန်းတက်ရာက် နေစဉ် ကတည်းက ပြည်သူ့ရင်ခွင်အဖွဲ့အစည်းနှင့်ချိတ်ဆက်ကာ ရှေ့တန်းအရောက်တွင် နီးစပ်ရာ ပခုက္ကူ(ပကဖ) မှ ကယ်ထုတ်ပေးခဲ့ပြီး ပြည်သူဘက်သို့ အလင်းဝင်ရောက်ခဲ့သည်။
“လှည်းကူးမှာ သင်တန်းတက်ရင်းနဲ့ပဲ သူငယ်ချင်းတစ် ယောက်ဆီကနေ သူ့မှာအဆက်အသွယ် ရှိတယ်တဲ့။ သူ့ဆီကနေ တစ်ဆင့် ပြည်သူ့ရင်ခွင်က အစ်ကိုနဲ့ ဖုန်းကနေစကား ပြောဖြစ်တယ်။ အဲ့ဒီ အစ်ကိုကနေတစ်ဆင့် ဒီက ညီအစ်ကိုတွေနဲ့ချိတ် ပေးလို့ ဒီဘက်(ပခုက္ကူ) ကို ရောက်လာခဲ့တယ်” ဟု အလင်းဝင်လာသည့် ပြည်သူစစ်သင်တန်းဆင် တပ်သားနိုင်လင်းထက်(အမည်လွှဲ)က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီလက်အောက်ခံ တပ်သား နှင့်ရဲ တို့အပြင် တပ်သားသစ်များ အနေဖြင့်လည်း စစ်ကောင်စီကို စွန့်ခွာလိုပါက ကိုယ်တိုင်ဖြစ်စေ၊ မိသားစု၊ အသိမိတ်ဆွများမှ တစ်ဆင့်ဖြစ်စေ ပြည်သူ့ရင်ခွင် အဖွဲ့အစည်းသို့ လာရောက် ဆက်သွယ်နိုင်ကြောင်းလည်း ပြည်သူ့ရင်ခွင် ထံက သိရသည်။
ဓာတ်ပုံ – အင်တာနက်(ပုံဟောင်း)
#NUG #စစ်ကောင်စီတပ်ဖွဲ့ဝင် #အလင်းဝင် #တပ်သားသစ် #ပြည်သူ့ရင်ခွင် #Ayeyarwaddy_Times