ဧရာဝတီတိုင်းမ်
(မင်းတပ်)၊ ဒီဇင်ဘာ ၁၃ ရက်

ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်းတိုက်ပွဲတွင် ချင်းညီနောင်ဘက်က စစ်ကောင်စီ၏ တပ်စခန်းအများစုကို သိမ်းပိုက်နိုင်ခဲ့ပြီး အောင်မြင်မှုရရှိနေကြောင်း သိရသည်။

မင်းတပ်မြို့သိမ်းတိုက်ပွဲတွင် အသာစီးရနေသော ချင်းညီနောင်နှင့် မဟာမိတ်ပူးပေါင်းတပ်များကို စစ်ကောင်စီက လေကြောင်းဖြင့် ပြင်းထန်စွာ တိုက်ခိုက်နေပြီး မင်းတပ်မြို့စွန်ရှိ လူနေအိမ်များကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဆက်လက်မီးရှို့ခဲ့ကြောင်းသိရသည်။

“ဒီနေ့ ၊ညနေ လေးနာရီကျော်အချိန်က ဂျက်ဖိုက်တာတစ်စီးနဲ့ မင်းတပ်မြို့ပေါ်တနေရာကို ပေါင် စ်ထောင် ဗုံးလို့ ယူဆရတဲ့ ပေါက်ကွဲအားပြင်းထန်တဲ့ ဗုံးတစ်လုံးနဲ့ တိုက်ခိုက်သွားပါတယ်။ နောက်ထပ် ဂျက်ဖိုက်တာတက်တာတွေ ရှိပါတယ်ဗျ။ တိုက်ပွဲတွေ ဆက်ဖြစ်နေဆဲဆိုတော့ စစ်ကောင်စီကလည်း နေ့တိုင်းလိုလို လေကြောင်းနဲ့ လာရောက်ဗုံးကြဲနေပါတယ်” ဟု မင်းတပ်မြို့၊ ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောကြားသည်။

ချင်းညီနောင်ထိန်းချုပ်ထားသော နေရာဒေသများကို ယခုနှစ်၊ ၂၀၂၄ခုနှစ်အတွင်း စစ်ကောင်စီကင်းစင်ရေးအတွက် တိုက်ခိုက်သွားမည်ဖြစ်ကြောင်းသိရပြီး မတူပီမြို့နှင့်ကျင်ဒွေးမြို့တို့ကို သိမ်းပိုက်နိုင်ခဲ့သလို လက်ရှိတွင် မင်းတပ်မြို့နှင့် ဖလမ်းမြို့သိမ်းတိုက်ပွဲကို ဖော်ဆောင်လျှက်ရှိသည်။

မင်းတပ်မြို့ကို ချင်းညီနောင်အဖွဲ့ဝင် ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)နှင့် မဟာမိတ်ပူးပေါင်းတပ်များက ပြီးခဲ့သည့် နိုဝင်ဘာလ ၉ ရက်နေ့မှ စတင်၍ မြို့သိမ်းတိုက်ပွဲကို ဆင်နွှဲခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ဓာတ်ပုံ-CDF-မင်းတပ်(ပုံဟောင်း)

#မင်းတပ်မြို့သိမ်းတိုက်ပွဲ #ချင်းညီနောင် #အောင်မြင်မှုရနေ #စစ်ကောင်စီ #လေကြောင်း #ပြင်းထန် #ဆက်လက်
တိုက်ခိုက်နေ #Ayeyarwaddy_Times