ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၂ ရက်
ဓာတ်သတ္တု(ရွှေ) ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်းလိုင်စင် ပြန်မလျှောက်သူများကို အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ ၅ ဖြင့်အရေးယူမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်သိမ်းရေးဝန်ကြီးဌာနက ယမန်နေ့ ဒီဇင်ဘာ ၁၁ ရက်နေ့က ထုတ်ပြန်သည်။
လုပ်ငန်းလိုင်စင်လျှောက်ထားရာတွင် လုပ်ငန်းပမာဏ၏ ၂၅ ရာခိုင်နှုန်းကို လုပ်ငန်းအတွက် ရင်းနှီးမြှုပ်နှံ ငွေထားရှိရန်နှင့် ယင်းငွေရှိကြောင်းဘဏ်စာရင်းရှင်းတမ်း ( Bank Statement) ထားရှိရမည်ဟု ဓာတ်သတ္တု(ရွှေ)ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ခွင့်အမိန့် ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။
ထို့ကြောင့် ရွှေလုပ်ငန်းလုပ်သူများအနေဖြင့် စံချိန်မီရွှေ ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်းလိုင်စင် နှင့် ရွှေ၊ ရွှေကြမ်း၊ လက်ဝတ်ရတနာ၊ ရွှေနှင့်ရွှေကြမ်း ဖြင့်ပြုလုပ်သော အနုပညာပစ္စည်းများနှင့် အသုံး အဆောင်ပစ္စည်းများ ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်း လိုင်စင်လျှောက်ထားရမည်ဖြစ်သည်။
တစ်လအတွင်းအများဆုံး ရွှေရောင်းဝယ်မှုပြုလုပ်နိုင်သည့်ပမာဏ နှင့် လိုင်စင်လျှောက်ထားရာတွင် လက်ရှိနေရပ်လိပ်စာ၌ အမှန်တကယ်နေထိုင်လျက်ရှိကြောင်း သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးရုံး၏ ထောက်ခံချက်များပါဝင်ရမည်ဖြစ်ကြောင်း တင်းကျပ်ထားသည်။
ထို့ပြင် နေ့စဉ်၊ လစဉ်အရောင်းအဝယ်စာရင်းနှင့် လက်ကျန်စာရင်းများကိုပြုစုပြီး သက်ဆိုင်ရာ ကနဦး စိစစ်ရေး အဖွဲ့သို့ လစဉ် လဆန်း ၅ ရက်အတွင်း မပျက်မကွက် တင်ပြရမည်ကြောင်းပါဝင်သည်။
သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်သိမ်းရေးဝန်ကြီးဌာန ဓာတ်သတ္တု(ရွှေ)ဝန်ဆောင်မှုနှင့် ပတ်သက်ပြီး လုပ်ပိုင်ခွင့် ရထားသဖြင့် ယင်းဌာနတွင် လုပ်ငန်းလိုင်စင် ပြန်လည်လျှောက်ထားရမည် ဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီသည် ပြည်တွင်းရွှေဈေးနှုန်းကို ထိန်းချုပ်ရန် ဓာတ်သတ္တု(ရွှေ) ရည်ညွှန်းဈေး သတ်မှတ်ရေး ကော်မတီဖွဲ့စည်းပြီး ဒီဇင်ဘာ ၆ ရက်နေ့မှစတင်ကာ ရွှေဈေးနှုန်းကိုထုတ်ပြန်ခဲ့သော်လည်း ပြင်ပပေါက်ဈေးနှင့်ကွာခြားလျက်ရှိသည်။
စစ်ကောင်စီသည် ဓာတ်သတ္တု(ရွှေ)ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်းကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ ၄၊ ပုဒ်မခွဲ(ဂ)အရ အရေးကြီးဝန်ဆောင်မှုအဖြစ် အောက်တိုဘာ ၂၅ ရက်တွင် ကြေညာခဲ့ခြင်းဖြစ်သည်။
ထို့ပြင် စံချိန်မီရွှေ၊ ရွှေ၊ ရွှေကြမ်း၊ လက်ဝတ်ရတနာ၊ ရွှေနှင့် ရွှေကြမ်းဖြင့်ပြုလုပ်သော အနုပညာ ပစ္စည်းများနှင့် အသုံး အဆောင်ပစ္စည်းများကို ရွှေဈေးကွက်မတည်မငြိမ်ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် ရောင်းဝယ်ခြင်းမပြုရဟု တားမြစ်ထားသည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်
#ရွှေလုပ်ငန်း #လိုင်စင်ပြန်လျှောက်ရမည် #ပိုင်ဆိုင်မှု၂၅ရာခိုင်နှုန်းပြရ #ရွှေအရောင်းစာရင်း #နေ့စဉ်တင်ပြရမည် #Ayeyarwaddy_Times