ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၀ ရက်

စစ်ကောင်စီက ကျင်းပသည့် ပဉ္စမအအကြိမ် အမျိုးသားအားကစားပွဲတော်တက်ရောက်လာသော အာဆီယံ-တရုတ်စင်တာ အတွင်းရေးမှူးချုပ် Mr. Shi Zhongjun သည် စစ်ကောင်စီဝန်ကြီးဌာနသုံးခုမှ ဝန်ကြီးများနှင့် တွေ့ဆုံကာ ခရီးသွားလုပ်ငန်းနှင့် စိုက်ပျိုးရေးအကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ ပေကျင်းမြို့အခြေစိုက် အာဆီယံ-တရုတ်စင်တာ အတွင်းရေးမှူးချုပ် Mr. Shi Zhongjun သည် ယမန်နေ့ ဒီဇင်ဘာ ၉ ရက်နေ့က နေပြည်တော်တွင် စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဒေါက်တာသက်သက်ခိုင်အပါအဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဦးမင်းနောင် တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။

စစ်ကောင်စီ၏ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဒေါက်တာသက်သက်ခိုင်က အာဆီယံ-တရုတ်စင်တာ အတွင်းရေးမှူးချုပ်နှင့်တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကူညီပံ့ပိုးနိုင်ရေး၊ တရုတ်နိုင်ငံသား ခရီးသည်များလည်ပတ်ရေးနှင့် ကောင်းမွန်သော ဝန်ဆောင်မှုများပေးနိုင်ရန် တရုတ်ဘာသာစကား သင်တန်းများကိုဖွင့်လှစ်သင်ကြားပေးနိုင်ရေးနှင့် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့် ခရီးသွားကဏ္ဍတွင် တရုတ်နိုင်ငံမှရင်းနှီးမြှုပ်နှံနိုင်ရန်တို့ကို ပြောကြားခဲ့ ကြောင်းသိရသည်။

စစ်ကောင်စီ၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဦးမင်းနောင်က မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်များ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ တင်ပို့နိုင်ရေး၊ လယ်ယာသုံးစက်ကိရိယာ အသေးစားထုတ်လုပ်သည့် စက်ရုံများ မြန်မာ နိုင်ငံတွင်ရင်းနှီးမြှုပ်နှံရေး၊ စိုက်ပျိုးရေး၊မွေးမြူရေးဆိုင်ရာ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် နည်းပညာဖလှယ်ရေးတို့ကို ပူးပေါင်းလုပ်ဆောင်ရန် ဆွေးနွေး ခဲ့ကြောင်းသိရသည်။

ယင်းပြင် မြန်မာနိုင်ငံတွင် ပိုးမွှားကင်းစင်ကြောင်း အသိအမှတ်ပြုလက်မှတ်(e-phyto)ထုတ်ပေးခြင်းနှင့် ဓာတ်ခွဲခန်းအဆင့်မြှင့်တင်ခြင်း စီမံကိန်းဆောင်ရွက်ရန်ဆွေးနွေးကြောင်းသိရသည်။

ထို့ပြင် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရေးကိစ္စများတွင် စိုက်ပျိုးရေးထုတ်ကုန် မြှင့်တင်မှုဆိုင်ရာ သင်တန်းများ၊ ကုန်သွယ်မှုမြှင့်တင်ရေးနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဆိုင်ရာ နည်းပညာမြှင့်တင်ရေး ကိစ္စရပ်များကို စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်နှင့် ဆွေးနွေး ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – စစ်ကောင်စီ
#အာဆီယံတရုတ်စင်တာ #အတွင်းရေးမှူးချုပ် #စစ်ကောင်စီဝန်ကြီးဌာန #၃ခုတွေ့ဆုံ #Ayeyarwaddy_Times