နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၇ ရက်
စစ်ခေါင်းဆောင်၏ တရုတ်ခရီးစဉ်ပြီးနောက် စစ်ကောင်စီ လက်အောက်ခံ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC)နှင့် ၎င်းတို့အသိအမှတ်ပြု နိုင်ငံရေးပါတီများ ရွေးကောက်ပွဲ လုံခြုံရေးကိစ္စရပ်များ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီနှင့် နိုင်ငံရေး ပါတီအချို့ထံက သိရသည်။
စစ်ကောင်စီ၏ NSPNC နှင့် နိုင်ငံရေးပါတီ ၅၁ ပါတီတို့သည် နေပြည်တော်တွင် ဒီဇင်ဘာ ၅ ရက်မှ ၆ ရက်အထိ ထိုကိစ္စရပ်အပါအဝင် အိန္ဒိယဖက်ဒရယ်စနစ်၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေး စသည်တို့ကို တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုအတွက် စစ်ကောင်စီက ၎င်းတို့ကို ကြိုတင်၍ ရွေးကောက်ပွဲ လုံခြုံရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးဆိုသည့် ခေါင်းစဉ်နှစ်ခုပေးထား ခဲ့သလို ယနေ့ ဒီဇင်ဘာ ၇ ရက်တွင်လည်း UEC နှင့် တွေ့ဆုံရန်ရှိကြောင်း နိုင်ငံရေးပါတီအချို့ထံက သိရသည်။
အလားတူ စစ်ကောင်စီကလည်း ထုတ်ပြန်ထားပြီး နိုဝင်ဘာပထမပတ်အတွင်း အိန္ဒိယနိုင်ငံသို့ ၎င်းတို့နှင့် အပစ်ရပ်အဖွဲ့၊ နိုင်ငံရေးပါတီများ သွားရောက်ခဲ့သည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာဆွေးနွေးပွဲ ခရီးစဉ်အကြောင်းနှင့် အိန္ဒိယဖက်ဒရယ်စနစ်တို့ကို ဆွေးနွေးခဲ့သည်ဟု ဖော်ပြထားသည်။
အဆိုပါ တွေ့ဆုံမှုများသည် စစ်ခေါင်းဆောင်၏ တရုတ်ခရီးစဉ်ပြီးနောက် ပေါ်ပေါက်လာခြင်းဖြစ်သလို ယင်းခရီးစဉ်နှင့် ပတ်သက်၍ စစ်ကောင်စီက ဂုဏ်ယူဖွယ် ပြောဆိုနေလို ၎င်းတို့ ရွေးကောက်ပွဲအတွက် တရုတ်အစိုးရက ထောက်ခံကူညီပေးမည်ဟုလည်း ဆိုထားကြောင်း သိရသည်။
စစ်ကောင်စီ လက်အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC)နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံရန်ရှိသော်လည်း ခေါင်းစဉ်ပေးထားခြင်း မရှိသေးသလို စစ်ခေါင်းဆောင် ပြောသွားသည့် ရွေး ကောက်ပွဲတွင် ကျင့်သုံးမည့် စနစ်ကိစ္စပါနိုင်ကြောင် ဒီမိုကရက်တစ်ပါတီ ဒုဥက္ကဋ္ဌ ဦးတင့်ဆွေက ဆိုသည်။
“ခန့်မှန်းမိတာတော့ ရွေးကောက်ပွဲအတွက် ဘာတွေပြင်ဆင်ထားသလဲ။ နောက်ပြီး နစကဥက္ကဌ (စစ်ခေါင်းဆောင်)က အစည်းအဝေးတစ်ခုမှာ PR လည်းလုပ်မယ်၊ FPTP လည်းလုပ်မယ်လို့ ပြောထား တော့ ဒီကိစ္စလည်း ပါမယ်ထင်တယ်” ဟု ၎င်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ခေါင်းဆောင်သည် ပြီးခဲ့သည့် နိုဝင်ဘာ ၁၉ ရက်က ပြုလုပ်ခဲ့သော စစ်ကောင်စီ အစည်းအဝေး၌ ရွေးကောက်ပွဲကို တိုင်းဒေသကြီး၊ ပြည်နယ်နှင့် အမျိုးသားလွှတ်တော်တွင် အချိုးကျ ကိုယ်စားပြု စနစ်(PR) ဖော်ဆောင်နိုင်ရေး ဆောင်ရွက်နေ သည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။
ယင်းမတိုင်ခင် အမျိုးသားလွှတ်တော်မှလွဲ၍ ကျန်လွှတ်တော် နှစ်ရပ်ဖြစ်သည့် ပြည်သူ့လွှတ်တော်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်တို့ကို PR စနစ်ကို ကျင့်သုံးမည်ဟု စစ်ခေါင်းဆောင်က ပြောဆို ထားပြီး ရွေးကောက်ပွဲကို လာမည့် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာတွင် လျာထားကြောင်း သိရသည်။
သို့သော် တစ်နှစ်အချိန်သာ ကျန်ရှိတော့သည့် လက်ရှိကာလအထိ စစ်ကောင်စီအနေဖြင့် ရွေးကောက်ပွဲဆိုင်ရာ အချိန် ဇယား၊ သက်ဆိုင်ရာ ဥပဒေများ ထုတ်ပြန်နိုင်ခြင်း မရှိသေးသလို ဝင်ပြိုင်မည့် နိုင်ငံရေးပါ တီများလည်း စိန်ခေါ်မှုရှိနေကြောင်း သိရသည်။
ယင်းစိန်ခေါ်မှုများမှာ ငွေကြေး၊ လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးတို့ ဖြစ်ကြပြီး ထိုအခြေအနေများကြောင့် ပါတီရုံးခန်းများဖွင့်လှစ်ခြင်း၊ ဆိုင်းဘုတ်ချိတ်ဆွဲခြင်း၊ ပါတီအင်အား စုဆောင်းခြင်းနှင့် ကိုယ်စားလှယ်လောင်းကိစ္စ စသည်တို့ကို ပေါ်ပေါ်ထင်ထင် လုပ်ဆောင်မရကြောင်း ပါတီများ၏ ပြောကြားချက်အရ သိရသည်။
လက်ရှိတွင် စစ်ကောင်စီ ကျင်းပမည်ဆိုသော ရွေးကောက်ပွဲကို နိုင်ငံတကာနှင့် ပြည်တွင်းပြည်ပ တော်လှန်ရေး အင်အားစုများက လက်မခံသလို ပြည်သူလူထုကလည်း အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာ သော နိုင်ငံရေး၊ စစ်ရေး၊ စီးပွါးရေး စသည်တို့ကြောင့် စိတ်ဝင်စားမှု မရှိကြောင်း သိရသည်။
ထို့ကြောင့် စစ်ခေါင်းဆောင်က ၎င်းတို့၏ ရွေးကောက်ပွဲ ကျင်းပနိုင်ရန် တရုတ်၊ ရုရှား၊ အိန္ဒိယ စသည့်နိုင်ငံများကို အပူတပြင်း အကူအညီ တောင်းခံလျက်ရှိသလို စစ်ရှုံးနေမှုများကြောင့် ရွေးကောက်ပွဲအား အပိုင်းလိုက်သာ ပြုလုပ်သွားမည်ဟု ပြောဆိုထုတ်ပြန်ထားသည်။
ဓာတ်ပုံ-စစ်ကောင်စီ
#စစ်ခေါင်းဆောင် #တရုတ်ခရီးစဉ် #ရွေးကောက်ပွဲလုံခြုံရေး #နိုင်ငံရေးပါတီများ #တွေ့ဆုံဆွေးနွေး #Ayeyarwaddy_Times