ဧရာဝတီတိုင်းမ်
(အုတ်ဖို)၊ ဒီဇင်ဘာ ၅ ရက်
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ တိမ်မြုပ်ရွာအခြေစိုက် ခမရ-၆ တပ်ရင်းမှ ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ယမန်နေ့ ဒီဇင်ဘာ ၄ ရက်၊ နံနက် ၉ နာရီဝန်းကျင်တွင် သာယာဝတီခရိုင် တပ်ရင်း-၃၈၀၂၊ တပ်ခွဲ-၄(မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို) က စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
တပ်တွင်း သတင်းပေးပို့မှုအရ ခမရ-၆ တပ်ရင်းအတွင်းမှ ဆိုင်ကယ် လေး စီးဖြင့် ထွက်ခွာလာသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင် ရှစ် ဦးကို တပ်ရင်းနှင့် ကိုက် ၂၀၀ အကွာတွင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ဗိုလ်ကြီးသိန်းဝင်း နှင့် တပ်ကြပ်တင်အောင်တို့မှာ နေရာတွင်ပင် သေဆုံးခဲ့ကြောင်း သိရသည်။
“ကျန်တဲ့အလောင်း တွေက တပ်နဲ့နီးတော့သူတို့ပြန်ဆွဲသွားတယ်။ ဒီနေ့ တပ်က လူတွေအပြင်ထွက်မယ်ဆိုတာ သတင်းကြိုရလို့ စောင့်ပြီးတိုက်ခိုက်ခဲ့တာ။ အခုတော့ စစ်ကောင်စီဘက်က ကားတွေနဲ့ စစ်အင်အားတွေ ထပ်ပို့နေတယ်လို့ကြားတယ်” ဟုသာယာဝတီခရိုင် တပ်ရင်း-၃၈၀၂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယား ကဧရာဝတီတိုင်းမ်ကို ပြောသည်။
တိုက်ခိုက်မှုအတွင်း အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားများမှ တပ်တွင်းသို့ ဆုတ်ခွာထွက်ပြေးသွားရာ MA-3 သေနတ် တစ်လက်၊ ကျည်ဘောက် နှစ်ခု၊ ၅.၅၆ ကျည် ၄၉တောင့်၊ လက်ပစ်ဗုံး သုံးလုံး၊ မိုလ်ဘိုင်းဖုန်း နှစ်လုံး နှင့် ဆက်စပ်ပစ္စည်းများ၊ ခမရ-၆ တပ်၏ လျှို့ဝှက်စာရွက်စာတမ်းများကို သိမ်းဆည်းရရှိခဲ့ကြောင်းလည်း သိရသည်။
အလားတူ တပ်တွင်းသတင်းပေးပို့မှု ကြောင့် ယမန်နှစ် ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၃၁ ရက်နေ့ကလည်း အုတ်ဖိုမြို့နယ်၊ အေးမြသာယာမြို့သစ်တွင် တာဝန်ကျ နေသည့် ဗိုလ်ကြီးတင်အောင်မျိုးကို ပစ်ခတ်နိုင်ခဲ့ပြီး ၎င်းထံမှ MA-3 မောင်းပြန်တစ်လက် နှင့် ဆက်စပ်ပစ္စည်းများ ရရှိခဲ့ဖူး ကြောင်းလည်း မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို ထံက သိရသည်။
ဓာတ်ပုံ – ပေးပို့
#အုတ်ဖို #စစ်ကောင်စီ #ခမရ၆ #သေဆုံး #တပ်တွင်းသတင်းပေး #Ayeyarwaddy_Times