
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁ ရက်
မြန်မာရေတပ်မှသင်္ဘောတစ်စင်းဟာ စနေနေ့က ရနောင်းပြည်နယ်ကမ်းလွန်မှာ ထိုင်းငါးဖမ်း လှေတွေကို ပစ်ခတ်ခဲ့ရာ တံငါသည်တစ်ဉီး ရေနစ်သေဆုံးပြီး ငါးဖမ်းလှေတစ်စင်းမှ လူ ၃၁ ဉီးကို ဖမ်းဆီး ခဲ့တယ်လို့ ထိုင်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
မြန်မာရေပိုင်နက်အတွင်း ရေမိုင် ၄ မိုင်မှ ၅ ဒသမ ၇ မိုင်အထိ ဝင်ရောက်နေတဲ့ ထိုင်းငါးဖမ်းလှေ ၁၅ စင်းအနက် နှစ်စင်းကို ပစ်ခတ်ခဲ့တာလို့ ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ သာနာတစ်ဆာဝမ်ဆန်က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။
တံငါသည်သုံးဉီးက ရေထဲခုန်ချခဲ့ရာ တစ်ဉီးက ရေနစ်သေဆုံးခဲ့ပြီး နှစ်ဉီးကို ထိုင်းရေတပ်က ကယ်ဆယ်ခဲ့တယ်လို့ ဗိုလ်မှူးကြီး သာနာတစ်က ပြောပါတယ်။
မြန်မာရေတပ်က ငါးဖမ်းလှေတစ်စင်းကို သိမ်းဆည်းခဲ့ပြီး လှေပေါ်ပါ တံငါသည် ၃၁ ဉီးကို ခေါ် ဆောင်သွားခဲ့လို့ ၎င်းတို့လွတ်မြောက်ရေး ထိုင်းရေတပ်က စေ့စပ်ညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ သူက ဆိုပါတယ်။
ထိုင်းလူမျိုးလေးဉီးနဲ့ မြန်မာနိုင်ငံသား ၂၇ ဉီး စုစုပေါင်း ၃၁ ဉီးကို မြန်မာနိုင်ငံရှိ ရန်ရှောက်ကျွန်း သို့ ခေါ်ဆောင်သွားတယ်လို့ ယူဆရကြောင်း၊ ထိုင်းငါးဖမ်းလှေတွေဟာ မြန်မာရေတပ်ရဲ့ သတိပေးပစ် ခတ်မှုကို အာခံကာ ထိုင်းရေပိုင်နက်ထက် ငါးအရင်းအမြစ်ပိုပေါတဲ့ မြန်မာရေပိုင်နက်မှာ ငါးဖမ်းခဲ့တယ် လို့ ရေတပ်ဒုတိယဗိုလ်ချုပ်ကြီး ဆူဝပ်က ပြောပါတယ်။
ယခုဖြစ်စဉ်ဟာ သတိပေးပစ်ခတ်မှုသာဖြစ်ပြီး တိုက်ခိုက်မှုတစ်ရပ်မဟုတ်ကြောင်း၊ အာဏာပိုင် တွေက အချက်အလက်တွေကို စုံစမ်းစစ်ဆေးဖို့ ပြင်ဆင်နေတယ်လို့ ကာကွယ်ရေးဝန်ကြီး ဖန်သန်ဝီချာ ယာချိုင်းက သတင်းထောက်တွေကို ပြောပါတယ်။
တံငါသည်တွေ လွတ်မြောက်ရေးအတွက် မြန်မာအာဏာပိုင်တွေနဲ့ ညှိနှိုင်းဆောင်ရွက်နေတယ် လို့ ထိုင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နီကွန်ဒက်ဂျ်ဘာလန်ကူရာက ပြောပါတယ်။
ထိန်းသိမ်းခံရတဲ့ တံငါသည်တွေကို ကူညီပေးရေး စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ လက် တွဲဆောင်ရွက်ဖို့ ထိုင်းဝန်ကြီးချုပ် ပေထောင်တန်ရှင်နာဝပ်ထရာက တာဝန်ရှိသူတွေကို ညွှန်ကြားခဲ့ပြီး အပြည်ပြည်ဆိုင်ရာဉပဒေ ချိုးဖောက်ခြင်း ရှိ မရှိ စုံစမ်းစစ်ဆေးဖို့ ပြောကြားခဲ့ပါတယ်။
ထိန်းသိမ်းခံရတဲ့ ထိုင်းတံငါသည်တွေကို ကူညီပေးမယ့် ဖြစ်နိုင်ဖွယ်ရာ နည်းလမ်းအားလုံး ရှာဖွေ နေတယ်လို့ ထိုင်းရေတပ်ချုပ် ဗိုလ်ချုပ်ကြီး ဂျီရာပိုလ်ဝမ်ဝစ်က ပြောပါတယ်။
ထိုင်းနဲ့မြန်မာဟာ ကပ္ပလီပင်လယ်ပြင် အပါအဝင် ကုန်းမြေနဲ့ ပင်လယ်ရေပြင်နယ်နိမိတ် ကီလိုမီ တာ ၂၄၀၀ ထိစပ်နေပါတယ်။
ကိုးကား – Bangkok Post
Ref; 31 crew from Thai boats ‘taken into Myanmar’
#Ayeyarwaddy_Times