ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁ ရက်

ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ကုန်ပစ္စည်းအဝင် နည်းပါးလားသည့်အတွက် အခြေခံစားသောက်ကုန်များ စျေးမြင့်တက်နေကြောင်း ဒေသခံများထံက သိရှိရသည်။

ဟားခါးမြို့တွင် ယခုနှစ်ဖြစ်ပွားသည့် တိုက်ပွဲကြောင့် ကုန်ကားများသည် ယခင်ကဲ့သို့ ဝင်ရောက်လာခြင်းမရှိတော့ဘဲ ကုန်ပစ္စည်းအချို့ပြတ်လုနီးပါးဖြစ်တဲ့အထိဖြစ်ပွားခဲ့သည်။

“လောလောဆယ် ဒေသခံကားသမားတွေမောင်းတဲ့ ကုန်ကားလောက်ပဲရောက်တော့တယ်။ ပြည်မဘက်က ကားသမားတွေ လာရောက်တာမရှိတော့ဘူး။ တိုက်ပွဲကြောင့်ပါ။”ဟု ဟားခါးမြို့ ဒေသခံကုန်သည်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဟားခါးမြို့တွင် အခြေခံစားသောက်ကုန်များကို ယခင်ကဲ့သို လိုချင်သလောက်ဝယ်ယူ၍ မရရှိသည့်အပြင် ကုန်စျေးနှုန်းကလည်း မြင့်တက်သွားသည်။

ထိုအပြင် ကုန်ပစ္စည်းတင်ယူရာ လမ်းတလျာက်တွင် စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်အပြင် အခြားတော်လှန်ရေးတပ်ဖွဲ့များ၏ ဂိတ်များတွင် ဂိတ်ကြေးပေးရသည့်အတွက် ကုန်စျေးနှုန်းမှာ မြင့်တက်ရခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

“လမ်းမှာ ဂိတ် ငါးခုရှိရင် ငါးခုစလုံး ဂိတ်ကြေးပေးရတယ်။ အဲ့လိုဂိတ်ကြေးပေးရတဲ့အတွက် ကျွန်တော်တို့မှာ ပြန်ရောင်းတဲ့ခါ စျေးတင်ပြီးပြန်ရောင်းရတယ်။ အဲ့ဒီတော့ ကုန်စျေးနှုန်းတက်သွားတာဖြစ်တယ်” ဟု ဟားခါးမြို့ ဒေသခံကုန်သည်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဟားခါးမြို့ကို အဓိက ကုန်ပစ္စည်းတင်ပို့သည့် ကလေးမြို့ ဆည်ကြီးဂိတ်ကိုလည်း စစ်ကောင်စီတပ်က ရံဖန်ရံခါ ပိတ်ထားတတ်ပြီး ကုန်ပစ္စည်းတင်ပို့ခြင်းကို ယခုနှစ် ဧပြီလမှစ၍ ပြုလုပ်လျက်ရှိသည်။

ဟားခါးမြို့တွင် နေ့စဥ်နှင့်အမျှ ကုန်စည်းနှုန်းမြင့်တက်သွားသည့်အတွက် ဒေသခံများနှင့် စစ်ဘေးရှောင်များသည် စားဝတ်နေရေး ပိုမိုကြပ်တည်းလာကြောင်း သိရှိရသည်။

“တိုက်ပွဲတွေဖြစ်တော့ အလုပ်အကိုင်ရှားတယ်။ ရတဲ့လုပ်အားခက မိသားစုစားဝတ်နေရေး မလောက်ဘူးဖြစ်နေတယ်။ အရင်ကလို ရတဲ့အလုပ်လုပ်မယ်ဆိုတော့လည်း ခေတ်အခြေအနေမကောင်းတော့ အဝေးကြီးသွားလုပ်ရတာ၊ ညအိပ်လုပ်ရတာတွေ လုပ်မရဘူး” ဟု ဟားခါးမြို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဟားခါးမြို့တွင် ဖလမ်း၊ တီးတိန်၊ ပလက်ဝ၊ ထန်တလန် စသည့်မြို့နယ်မှ စစ်ဘေးရှောင်အများပြား လာရောက်ခိုလှုံနေကြကြောင်း သိရသည်။

#ဟားခါးမြို့ #ကုန်ပစ္စည်းအဝင်နည်းပါး #ကုန်စျေးနှုန်းမြင့်တက် #Ayeyarwaddy_Times