
ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ ဒီဇင်ဘာ ၁ ရက်)
တစ်ခုမဟုတ် တစ်ခု အမြဲလိုအပ်နေတဲ့ ကျွန်တော်တို့ လူသားတွေဟာ ကိုယ့်ရဲ့မျက်နှာမှာလည်း တစ်ခုခုလိုအပ်နေတယ်လို့ ထင်တတ်ကြပါတယ်။ ပိုတာလျှော့ လိုတာတိုး လုပ်ချင်နေတဲ့ဗီဇစိတ်ကြောင့် မျက်နှာမှာပေါက်တဲ့မျက်ခုံးမွေးကိုပင်လျှင် အငြိမ်မနေရရှာပါဘူး။ ထူနေတဲ့မျက်ခုံးမွေးလေးတွေ အရိပ်ခံရ အနုတ်ခံရပါတယ်။ မျက်ခုံးတွေလှဖို့အတွက်လည်း မျက်ခုံးမွေးစိုက်တာ မျက်ခုံးတက်တူးထိုးတာတွေ လုပ်ပြီး အရောင်ဖြည့်ကြပါတယ်။
မျက်ခုံးအလှတက်တူး ရေပန်းစားလူကြိုက်များနေတာကြောင့် ဒီအကြောင်းလေးနဲ့ပတ်သက်ပြီး သိလိုကြသူတွေ အတွက် ကျန်းမာရေးနှင့်သက်ဆိုင်တဲ့အသိအမြင်လေးတွေမျှဝေပေးပါမယ်။မျက်ခုံးတက်တူး
ဆေးမင်ရည်အပျော့စားဖြင့် မျက်ခုံးမွေးပေါက်ရာ နေရာတွေမှာ ဆေးမင်စုတ်ထိုးလိုက်တာကို မျက်ခုံးတက်တူးထိုးတယ်လို့ ခေါ်ပါတယ်။ သဘာဝကျကျတိတိပပ ပြည့်ပြည့်ဝ၀ ခြယ်သထားသလို အမြဲထင်းနေဖို့အတွက် ဒီနည်းလမ်းကို သုံးကြပါတယ်။
မျက်ခုံးအလှပုံဖော်တက်တူးထိုးတဲ့အခါ တက်တူးထိုးစဉ်ပိုးဝင်ခြင်း၊ ဆေးမင်ဓာတ်မတည့်ခြင်း၊ အမာရွတ်ထင်ကျန်ခြင်း၊ ဆေးမင်အရောင်ပြောင်းခြင်း၊ ဆေးမင်အရောင်မညီခြင်း တွေကတော့ မလိုချင်ဘဲဖြစ်လာရတဲ့နောက်ဆက်တွဲပြဿနာတွေ ဖြစ်ကြပါတယ်။
မျက်ခုံးအလှတက်တူး သင်ကြားတတ်ကျွမ်းနားလည်သူများနှင့် စနစ်တကျပုံဖော်ပြင်ဆင်ကြသူ တွေမှာပင် ရောင်ရမ်းနီရဲခြင်း၊ အရေပြားခြောက်သွေ့ခြင်းကဲ့သို့ အခြေအနေလေးတွေ ကြုံရ တတ်ပါတယ်။ တစ်ချို့သောလူတွေမှာတော့ မျိုးရိုးဗီဇအရ တက်တူးထိုးရာနေရာမှာအသားပိုအဖုတွေ အနာအမာရွတ်ကြီးတွေ ကြုံရတတ်ပါတယ်။မျက်ခုံးတက်တူးထိုးစဉ်ပိုးဝင်ခြင်း
မျက်ခုံးတက်တူးထိုးစဉ်ပိုးဝင်ခြင်းဟာ မျက်ခုံးအလှတက်တူးထိုးသူတွေ အကြုံရဆုံးပြဿနာပဲ ဖြစ်ပါတယ်။ မျက်ခုံးဆေးမှင်ကြောင်ထိုးကရိယာများ ရာနှုန်းပြည့် ပိုးမရှိသန့်ရှင်းဖို့လိုအပ်ပါတယ်။ မဟုတ်ပါက မျက်ခုံးတက်တူးနေရာ ပိုးဝင်ပြီး ရောင်ရမ်းပြည်တည်တတ်ပါတယ်။ မျက်ခုံးဟာ ဦးနှောက်နဲ့အနီးဆုံး မျက်လုံးနဲ့အနီးဆုံးအရေပြားမှာ ဖြစ်တာကြောင့် နောက်ဆက်တွဲအန္တရာယ်ကြီး တွေက ဆိုးရွားစွာစောင့်ကြိုနေပါတယ်။ ဆေးရုံတင်ပြီး ပိုးသတ်ဆေးများသွင်းကာ ကုသရနိုင်သလို အခန်းမသင့်ပါက ခွဲစိတ်ကုသရသည်အထိကို ဆိုးရွားသွားနိုင်ပါတယ်။
HIV ပိုးနှင့် သွေးမှတဆင့်ကူးစက်သော အသည်းရောင်အသားဝါဝါဘီပိုးနှင့် စီပိုး တွေဟာလည်း မျက်ခုံးတက်တူးထိုးရာမှ ကူးစက်နိုင်တဲ့အလားအလာရှိပါတယ်။မျက်ခုံးတက်တူးဆေးသားဓာတ်မတည့်ခြင်း
မျက်ခုံးတက်တူးထိုးသည့်ဆေးများကလည်း တစ်ခါတစ်လေမှာ လူကိုဒုက္ခပေးနိုင်ပါတယ်။ အထူးသဖြင့် အနီရောင်နှင့် အနက်ရောင် ဆေးသားတွေက ဓာတ်မတည့်ခြင်းဖြစ်စဉ်ကိုဖြစ်ပေါ် စေတတ်ပါတယ်။ နီရဲ ရောင်ရမ်း ဖောင်းတင်းယားယံခြင်းတွေ ဖြစ်ပေါ်လာတတ်ပြီး တဖြည်းဖြည်းနဲ့ သက်သာ ပျောက်ကင်းသွားတတ်ပါတယ်။
ဆိုးဆိုးရွားရွားအခြေအနေတွေမှာတော့ ကိုယ်ခံအားထိန်းချုပ် စတီးရွိုက်ဆေးဝါးတွေ သုံးပြီး ကုသရသလို ဆေးမှင်တွေဖယ်ရှားတဲ့ ခွဲစိတ်ကုသမှုမျိုးပါ လုပ်ရတတ်ပါတယ်။ ဒီလိုဖြစ်မှာကြောက်ကြ သူအများစုကတော့ မျက်ခုံးတက်တူးဆေးကို ခန္ဓာကိုယ်အရေပြားမှာနှစ်ပတ်လောက်ကြိုတင် စမ်းသပ်ထိုးကြည့်ကြပါတယ်။ ဓာတ်မတည့်မှုမဖြစ်တော့မှသာ မျက်နှာပေါ်မျက်ခုံးဆေးအရောင်တင် ကြပါတယ်အရေပြားအသားပိုအဖုအလုံး (Granulomas, Keloid )
ခန္ဓာကိုယ်ကမျက်ခုံးတက်တူးကို ပုံမှန်ထက်ပိုပြီးလွန်လွန်ကဲကဲ တုံ့ပြန်ခြင်းကြောင့် အရေပြား အသားပိုအဖုအလုံးတွေနဲ့ အလှပျက်စရာရုပ်ဆိုးဆိုး အမာရွတ်တွေ တင်ကျန်လာတတ်ပါတယ်။ ဖြစ်နိုင်ခြေနည်းပေမယ့်လည်း ရှားရှားပါးပါးကြုံလာသူတွေမှာ ပိုးသတ်ဆေး စတီးရွိုက်ဆေးတွေ သုံးကာ အချိန်ယူ ကုသရပါတယ်။ အသားပိုအဖုတွေကို ခွဲစိတ်ဖဲ့ထုတ်ခြင်းတွေပါ လုပ်ဆောင် ရတတ်ပါတယ်။ အသားညိုသူတွေမှာ Keloid လို့ခေါ်တဲ့ အရေပြားအမာရွတ်ကြီးများတတ်တဲ့ဗီဇ ပါဝင်မှုက အသားရောင်ဖျော့သူတွေထက် ပိုများပါတယ်။မျက်ခုံးဆေးမင်အရောင်ပြောင်းခြင်း
မျက်ခုံးဆေးမင်က အချိန်ကာလကြာတဲ့အခါ အရောင်ဖျော့သွားခြင်း ပတ်ပတ်လည် အရေပြား ကိုပျံ့နှံ့ခြင်း တွေကြုံရတတ်ပါတယ်။ နေရောင်ထိတွေ့မှုကြာချိန် အရေပြားအမျိုးအစား မျက်ခုံး တက်တူးဆေးမင်ရဲ့အရည်အသွေး တို့အပေါ်မူတည်ပြီး မျက်ခုံးဆေးမင်အရောင်ပြောင်း တတ်ပါတယ်။ မျက်ခုံးတက်တူးထိုးပြီးပါကလည်း ကျွမ်းကျင်ပညာရှင်များနှင့်ပြသပြီး မျက်ခုံးလေးကိုဂရုစိုက် ပြသ ဆွေးနွေးပေးသင့်ပါတယ်။MRI သံလိုက်ဓာတ်မှန်နှင့်မျက်ခုံးတတ်တူး
မျက်ခုံးတက်တူးထိုးထားသူတချို့က သံလိုက်ပုံရိပ်ဖော်ဓာတ်မှန်ရိုက်တဲ့အခါ မျက်ခုံးနေရာမှ နေမထိ ထိုင်သာ အဆင်မပြေဖြစ်ခြင်းကို ကြုံရတတ်ပါတယ်။ တက်တူးဆေးမင်အတွင်းမှာ ပါဝင်လာတဲ့သတ္တု ဓာတ်တွေက သံလိုက်စက် ကွင်းမှာ ရောက်သွားတဲ့အခါ ဆေးမင်ထိုးထားသူကို ကသိကအောင့်ဖြစ် စေတယ်လို့ ယူဆထားကြပါတယ်။
ဖွံ့ဖြိုးပြီးနိုင်ငံကြီးတွေမှာတော့ သံလိုက်ဓာတ်မှန်ရိုက်ရန် လိုအပ်သူ လူနာဟာ မျက်ခုံးမွေး တက်တူး ထိုးထားကြောင်းနှင့် ဆေးအမျိုးအစားကို ပြောပြပြီး ဖြစ်ပေါ်နိုင်တဲ့အခြေအနေကို ဓာတ်မှန်ပညာရှင်နှင့် ဆွေးနွေးနိုင်ပါတယ်။ ဒါကြောင့် ကိုယ်အသုံးပြုခဲ့တဲ့ မျက်ခုံးဆေးမင်အမျိုးအစားကိုပါ မှတ်ထားဖို့ လိုအပ်ပါတယ်။
မျက်ခုံးတက်တူးထိုးမယ့်သူအတွက် အကြံဉာဏ်ပေးလိုတာကတော့ ဆေးမင်မထိုးမီ သန့်စင်စေဖို့ အချိန်မှန် မျက်နှာဆေးကြောခြင်းအလေ့အထ ပြုကျင့်ပါ။
မျက်ခုံးတက်တူးထိုးပြီးတဲ့ အခါမှာလည်း နီရဲရောင်ရမ်းခြင်းကျဖို့ အအေးဝတ်ကပ်ပေးခြင်း၊ အရောင်ကျအကိုက်ခဲပျောက်ဆေးသောက်ခြင်း၊ နေရောင်ခြည်ပြင်းပြင်းနဲ့ မထိတွေ့အောင် ရှောင်ခြင်း တွေကို ပြုလုပ်ပေးနိုင်ပါတယ်။ မျက်ခုံးတက်တူးအတွက် ညွှန်းထားတဲ့ အစိုဓာတ်ဖြည့် ခရမ်တွေ လိမ်းပေးနိုင်ပါတယ်။ လက်ဖြင့်ခက်ကြမ်းကြမ်းပွတ်ခြစ်ခြင်း၊ ကုတ်ခြင်းတွေမလုပ်ရပါဘူ့း။ ခန္ဓာကိုယ် ရေဓာတ်ပြည့်ဝစေဖို့ အရည်များများသောက်ပေးရပါမယ်။
နောက်ဆုံးအကြံပေးလိုတာကတော့ ကျန်းမာရေးအသိမှတ်ပြု မျက်ခုံးအလှတက်တူးကျွမ်းကျင် ပညာရှင်တွေနဲ့ ဆိုင်တွေမှာသာပြုလုပ်ကြဖို့တိုက်တွန်းပါတယ်။
မျက်ခုံးတက်တူးနဲ့ပတ်သက်ပြီးအားလုံးလည်းနားလည်သဘောပေါက်ပြီလို့ယူဆပါတယ်။
နောက်တစ်ပတ်မှာတော့ အသင့်သောက်အချိုရည် အအေးဘူးများ အကြောင်းကို ကျန်းမာရေး ရှူထောင့်မှ ဖော်ပြပေးသွားမှာဖြစ်တာကြောင့် ပရိသတ်များအားလုံးလည်းစောင့်မျှော် အားပေးကြပါဦး ခင်ဗျာ။
#ကျန်းမာရေးအသိပညာပေးကဏ္ဍ #မျက်ခုံးလေးကိုအလှပြင် #ကျန်းမာရေးနဲ့ညီစေချင် #အမျိုးသမီးနှင့်အလှအပရေးရာ #ကျန်းမာရေးဆောင်းပါး #Ayeyarwaddy_Times