
ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၈ ရက်
ဧရာတီတိုင်းတွင် တိုက်ပွဲများဖြစ်ပွားမှု မရှိသော်လည်း ရခိုင်ပြည်နယ်နှင့် ထိစပ်နေသည့် ကမ်းခြေ ဒေသများတွင် စစ်ကောင်စီတပ်က ကင်းထောက်လေယာဉ်အသုံးပြု၍ စောင့်ကြည့်မှုများ ပြုလုပ် နေကြောင်း သိရသည်။
လေယာဉ်အသေးစား အပေါ့စားလေယာဉ်အသုံးပြုကာ ကင်းပတ်သည့်သဘောဖြင့် နေ့စဉ်ပျံသန်း လေ့ရှိကြောင်း ကမ်းခြေဒေသနေထိုင်သူများထံက သိရသည်။
“ တစ်နာရီ တခါလောက်ပတ်နေတာပဲ ပင်လယ်ဘက်ကို ပတ်တာတော့ မဟုတ်ဘူး။ တောတွေထဲကို နိမ့်နိမ့်လေး ပတ်ပျံတာ”ဟု ချောင်းသာကမ်းခြေတွင် နေထိုင်သည့် ဒေသခံ အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
တိုက်ပွဲဖြစ်ပွားမှုမရှိသော်လည်း အာရက္ခတပ်တော်(AA) တပ်ဖွဲ့ဝင်များ ဝင်ရောက်လာမည်ကို ကြောက်သဖြင့် ရေကြောင်းတွင် ရေတပ်မှစောင့်ကြည့်နေပြီး ကုန်းပေါ်တွင်လည်း လေယာဉ်ဖြင့် ထောက်လှမ်းမှုပြုလုပ်ခြင်းဖြစ်နိုင်ကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။
စစ်ကောင်စီတပ်သည် ကမ်းခြေဒေသများတွင် ထောက်လှမ်းမှုများပြုလုပ်ရာ၌ လူနှစ်ဦးခန့်စီးနိုင်သော အရွယ်အစားရှိသည့် လေယာဉ်မျိုးဖြင့် လာလေ့ရှိကြောင်း ဒေသခံများက ဆိုသည်။
#ဧရာဝတီတိုင်း #ရခိုင်ပြည်နယ် #နယ်နိမိတ်ထိစပ် #ကမ်းခြေဒေသများ #စစ်ကောင်စီ #လေယာဉ်အသုံးပြု #ကင်းထောက် #Ayeyarwaddy_Times