
ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၆ ရက်
တိုက်ပွဲတွင်ဖြစ်ပွားခြင်းမရှိသည့် ဧရာဝတီတိုင်းတွင် တန်ဆောင်တိုင်ပွဲတော်စည်းကားစေရေးအတွက် လက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းများကို ဖိအားပေးကာ စတုဒီသာကျွေးခိုင်းခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး၏ မြို့တော်ဖြစ်သည့် ပုသိမ်မြို့တွင် တန်ဆောင်တိုင်ပွဲတော်စည်ကားစွာ ကျင်းပရေးအတွက် တိုင်းဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ကိုယ်တိုင်ဦးဆောင်ပြီး တိုင်းအဆင့်ဌာနဆိုင်ရာများအား ခေါ်ယူကာ အောက်တိုဘာလကုန်ပတ်က အစည်းဝေးပြုလုပ်ခဲ့ကြောင်း စစ်ကောင်စီတပ်နှင့်နီးစပ်သူများထံမှ သိရသည်။
“ ဌာနဆိုင်ရာအကုန်လုံးပါတယ် ၊ ဌာနတစ်ခုကို တမျိုးကျွေးရတာပေါ့။ မြို့တော်ခန်းမရှေ့ ရှုခင်းသာရင်ပြင်မှာ အကုန်ဌာနဆိုင်ရာတန်းစီပြီး ကျွေးမွေးရတာ။ စိတ်ပါလည်းလုပ် မပါလည်း လုပ်ရတာ။ ဝန်ထမ်းတွေက ပိတ်ရက်လေးမိသားစုနဲ့အတူတူ ရှိချင်တာ။ ဒါပေမယ့် တာဝန်ပေးတော့ လုပ်ရတာပေါ့”ဟု စစ်ကောင်စီတပ်လက်အောက်ခံ ဌာနဆိုင်ရာ ဝန်ထမ်း အသက် ၃၀ ကျော်အရွယ် အမျိုးသားတဦးမှ ဧရာဝတီတိုင်းမ်သို့ ပြောသည်။
ပုသိမ်မြို့၊ အမှတ် (၄)ရပ်ကွက်၊ ကမ်းနားလမ်း မြို့တော်ခန်းမရှေ့တွင် ပြုလုပ်သည့် တန်ဆောင်တိုင်မီးထွန်းပွဲတော်ကို စစ်ကောင်စီခန့် ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးတင်မောင်ဝင်းတက်ရောက်ခဲ့ပြီး လမ်းများပိတ်ကာ လုံခြုံရေးအများအပြားဖြင့် ပြုလုပ်ခဲ့သည့်အပြင် ဒရုန်းများအသုံးပြုကာ စောင့်ကြည့်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါပွဲကို စားဝတ်နေရေးအခက်အခဲဖြစ်နေသည့် ဒေသခံအများစုသွားရောက်ပြီး စတုဒိသာစားသောက်ခြင်းများရှိသလို လူစည်ကားသည့်အချိန်စောင့်ကာ စစ်ကောင်စီတပ်လက်အောက်ခံ သတင်းဌာနများမှ ဓါတ်ပုံမှတ်တမ်းများယူနေခြင်းကိုတွေ့ရှိခဲ့ကြောင်း ပုသိမ််မြို့ခံများထံမှ သိရသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် တန်ဆောင်တိုင်ပွဲတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူထိခိုက်မှုမရှိခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
#ဧရာဝတီတိုင်း #ဝန်ထမ်း #ဖိအားပေး #စတုဒိသာကျွေးခိုင်း #Ayeyarwaddy_Times