
ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၃ ရက်
ဧရာဝတီတိုင်း၊ ကျုံပျော်တွင် ဒေသခံအချို့ကို ရဲခေါ်၍ ရိုက်နှက်နှိပ်စက်လေ့ရှိသည့် စစ်ကောင်စီခန့် အုပ်ချူပ်ရေးမှူးက ဒေသခံလူငယ်များကို ခြိမ်းခြောက်ပြီး စ်မှုထမ်းရန် အဓမ္မခေါ်ဆောင်ပြီး စစ်လေ့ကျင့်ရေးသင်တန်းကျောင်းသို့ ပို့ဆောင်နေကြောင်း ဒေသခံများထံက သိရသည်။
စစ်မှုထမ်း စုဆောင်းခံရသည့် လူငယ်များမှာ အသက် ၁၈နှစ်မှ ၃၅နှစ်အတွင်းရှိပြီး လူ ၂၅ ဦးထက်မနည်းကို စာရင်းကောက်ယူပြီး အုပ်ချုပ်ရေးမှူးရုံးတွင် အဓမ္မလက်မှတ်ထိုးခိုင်းကာ ပုသိမ်မြို့ ရွှေမြင်တင် စစ်လေ့ကျင့်ရေးသင်တန်းကျောင်း အမှတ် ၆ သို့ပို့ခဲ့ကြောင်း ဒေသခံများကပြောသည်။
“မဲနှိုက်ရတာလဲမဟုတ်ဘူး။ ရဲစစ်သားခေါ်လာပြီး စစ်မှုထမ်းဖို့ခေါ်တာ။ နောက်ထပ်လည်း ထပ်ခေါ်ဖို့ အုပ်စုမှာပြင်ဆင်နေတယ်။ အုပ်စုမှာ အဲဒီအုပ်ကြီးက တစ်ခုခုဆို ရဲနဲ့စစ်တပ်ခေါ်ရိုက်နှက်တာတွေပါလုပ်တာ။ ပိုက်ဆံလည်းအရမ်းတောင်းတယ်၊ စစ်မှုထမ်းကိစ္စတွေပေါ်လာပြီးမှ စီးပွားလည်းအတော်ဖြစ်လာတယ်” ဟု ကျုံပျော်မြို့နယ်ရှိ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
အဆိုပါ စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူး ဦးပေါက်စမှာ ရွှေကညင်ပင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဖြစ်ပြီး မိုးကြိုးပစ်ကျေးရွာအုပ်စု စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူး ဦးခင်မောင်လွင်နှင့် ပူးပေါင်းကာ မိုးကြိုးပစ်ကျေးရွာ၊ ဂရက်ရှည်ကျေးရွာ၊ ရွာသာကြီးကျေးရွာ၊ ကွင်းကောက် စသည့်ကျေးရွာများရှိ ဒေသခံလူငယ်အများစုကို လက်ရှိအချိန်ထိ ပြည်သူ့စစ်မှုထမ်းရန် စာရင်းကောက်ယူနေကြောင်း ဒေသခံများကပြောသည်။
ထို့ပြင် ရွှေကညင်ပင်ကျေးရွာအုပ်စု စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူး ဦးပေါက်စသည် ပြည်သူ့စစ်မှုထမ်း စစ်လေ့ကျင့်ရေးကျောင်းသို့ လူတစ်ဦး ပို့နိုင်လျှင် ကျပ်ငွေ သိန်းလေးဆယ်အထိ စစ်ကောင်စီက ချီးမြှင့်ကြောင်း ၎င်းနှင့်နီးစပ်သည့် အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ဆက်လက်ပြောသည်။
ပုသိမ်မြို့၊ ရွှေမြင်တင်၊အမှတ်(၆)စစ်အခြေခံ စစ်လေ့ကျင့်ရေးကျောင်းအတွင်း သင်တန်းပြီးဆုံးခဲ့သည့် ပြည်သူ့စစ်မှုထမ်း အမှတ်စဥ်(၁)၊ အမှတ်စဉ် (၂) ၊ အမှတ်စဉ် (၃) ၊ အမှတ်စဉ် ( ၄ )နှင့် ( ၅ ) ပြည်သူ့စစ်မှုထမ်းသင်တန်းသားများကို တပ်အင်အားလိုနေသည့် ရခိုင်စစ်မျက်နှာပြင်သို့ ပို့ဆောင်ခဲ့ပြီး ထိခိုက်သေဆုံးမှုများလည်းရှိနေကြောင်း တပ်တွင်းသတင်းရင်းမြစ်ကပြောသည်။
ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်အများစုတွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များသည် ၎င်းတို့၏ သားသမီးများကို အမှတ်စဥ် (၁) ၊ အမှတ်စဥ်(၂) ၊အမှတ်စဥ် (၃) ၊အမှတ်စဥ် (၄) ၊အမှတ်စဥ် (၅) ၊အမှတ်စဥ် (၆) နှင့် အမှတ်စဥ် (၇) တို့တွင် စစ်မှုထမ်းဆောင်ရန်ချန်လှပ်ထားပြီး ၎င်းတို့နှင့် ပြေလည်ခြင်းမရှိသူ၊ ငွေကြေးမပြည့်စုံသူ အများစုကိုသာ စစ်မှုထမ်းဆောင်ရန် စစ်လေ့ကျင့်ရေးသင်တန်းကျောင်းသို့ ပိုဆောင်နေကြောင်း စုံစမ်းသိရှိရသည်။
လက်ရှိတွင် ဧရာဝတီတိုင်းအပြင် ကျန်တိုင်းနှင့်ပြည်နယ်များတွင်လည်း အသက် ၁၈ နှစ်နှင့် ၃၅နှစ်အကြားရှိ လူငယ်များကို ပြည်သူ့စစ်မှုထမ်းရန် မဲနှိုက်ခိုင်းသည့်အပြင် အကြောင်းအမျိုးမျိုးပြ၍ ဖမ်းဆီးခံရသည့် လူငယ်များကိုလည်း စစ်မှုထမ်းသင်တန်းကျောင်းများသို့ ပို့ဆောင်၍ သင်တန်းဆင်းပြီးပါက ရှေ့တန်းစစ်မျက်နှာများကို ပို့ဆောင်လျက်ရှိသည်။
ပုံစာ-ပုသိမ်မြို့၊ ရွှေမြင်တင်၊အမှတ်(၆)စစ်အခြေခံတန်းမြင့်လေ့ကျင့်ရေးကျောင်း
#ကျုံပျော် #ဒေသခံအချို့ #ရဲခေါ်ရိုက်နှက် #စစ်ကောင်စီခန့် #အုပ်ချူပ်ရေးမှူး #လူငယ် #ခြိမ်းခြောက် #စစ်လေ့ကျင့်ရေးသင်တန်းကျောင်း #Ayeyarwaddy_Times