“လူ့အခွင့်အရေးချိုးဖောက်မှုပြောရမယ်ဆို ဘယ်သူကပဲ ချိုးဖာက်ဖောက် လူ့အခွင့်အရေး ချိုးဖောက်သူ မှန်သမျှက တာ၀န်ယူမှု တာ၀န်ခံမှုရှိရမယ်။ ဒီနောက်ပိုင်းတွေ့လာရတာက စစ်ကောင်စီကနေပဲ မဟုတ်ဘဲ တော်လှန်ရေး အင်အားစုတွေက ချိုးဖောက်တာတွေပါ တွေ့လာရတယ်။ အဲ့ဒီလိုဖြစ်လာတဲ့ အခါမှာ မှတ်တမ်းတွေကောက်ယူရတာတွေရှိတယ်” (ဆရာမဝါဝါ)

နိုင်း/ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၂ ရက်

မြန်မာနိုင်ငံရဲ့ နယ်ပယ်အသီးသီး ကဏ္ဍအသီးသီးက အမျိုးသမီးတွေဟာ စစ်ကောင်စီရဲ့ အာဏာသိမ်းမှုကို လက်မခံနိုင်တဲ့အတွက် စစ်အာဏာရှင် တော်လှန်ရေးမှာ ကျရာအခန်းကဏ္ဍကနေ ပါဝင်လာကြပါတယ်။ အဲ့ဒီလိုပါဝင်လာကြသူတွေထဲမှာ လူ့အခွင့်အရေးလှုပ်ရှားမှုတွေကို ဆောင်ရွက်နေတဲ့ ဆရာမဝါဝါလည်း တစ်ဦးအပါအဝင်ဖြစ်ပါတယ်။

ဆရာမဝါဝါဟာ စစ်အာဏာသိမ်းစကာလမှာပဲ CDM ထောက်ပံ့ကူညီရေး ကိစ္စရပ်တွေကို ကူညီဆောင်ရွက်ခဲ့ပြီး အခုအခါမှာတော့ အိန္ဒိယ-မြန်မာ နယ်စပ်မှာ ရှိတဲ့ စစ်ဘေးရှောင်များအတွက် လူ့အခွင့်အရေး လှုပ်ရှားမှုတွကို ဆောင်ရွက်ပေးနေသူတစ်ဦး ဖြစ်ပါတယ်။

ဆရာမဝါဝါရဲ့ လူ့အခွင့်အရေးလှုပ်ရှားမှု အကြောင်းအရာတွေနဲ့ စစ်ဘေးရှောင်‌ ကူညီထောက်ပံ့မှု အကြောင်းအရာတွေကို ဧရာဝတီတိုင်းမ် သတင်းဌာနမှ သတင်းထောက်နိုင်းက ဆက်သွယ်မေးမြန်း ထားပါတယ်။

🟥ဧရာဝတီတိုင်းမ်။ ။ဆရာမရဲ့ အကြောင်းနဲ့ လက်ရှိဆရာမ အလုပ်လုပ်ဆောင်နေတဲ့ အဖွဲ့အစည်း၊ ဌာနကိုပြောပြ ပေးလို့ရမလား။

ဆရာမဝါဝါ။ ။ကျွန်မကတော့ ဝါဝါပါ။ ၂၀၁၅ လောက်ထဲကနေ အခုချိန်အထိ equality Myanmar မှာ နည်းပြအနေနဲ့ တာ၀န်ထမ်းဆောင်နေပါတယ်။ နောက်တစ်ခုကတော့ စစ်ဘေးရှောင်တွေရဲ့အရေးကို တတ်‌နိုင်သလောက်ကူညီနိုင်ဖို့အတွက်ဆိုပြီး Youth for Myanmar မှာ leaderအနေနဲ့ တာ၀န်ယူထားပါတယ်။ Youth for Myanmar ဟာ စစ်ရှောင်ကလေးတွေအနေနဲ့ ကောင်းမွန်တဲ့ ပညာရေးကို ရရှိနိုင်ဖို့ တတ်နိုင်သမျှကူညီဆောင်နေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။

🟥ဧရာဝတီတိုင်းမ်။ ။ဆရာမက လူ့အခွင့်အရေးလှုပ်ရှားမှုတွေကို ဆောင်ရွက်နေသူတစ်ယောက်လို့ သိထားရတယ်။ ဘယ်အချိန်ကတည်းက စလုပ်ခဲ့တယ်ဆိုတာနဲ့ဘယ်နေရာ ဘယ်ဒေသတွေမှာ ဘယ်လိုမျိုး လူ့အခွင့်အရေးလှုပ်ရှားမှုတွေကို လုပ်ဆောင်နေလဲဆိုတာ ပြောပြပေးလို့ရမလား။

ဆရာမဝါဝါ။ ။ပထမဦးဆုံးကတော့ ပညာပေးမှုလုပ်ဆောင်တာပေါ့နော်။ လူ့ အခွင့်အရေးနဲ့ပတ်သက်တဲ့ အသိပညာပေး သင်တန်းတွေကို မြန်မာနိုင်ငံနဲ့ အဝှမ်းခရီးတွေသွားပြီးတော့မှ သင်တန်းပေးခဲ့တာ တွေရှိတယ်။ ၂၀၁၅ ‌လောက်ကစ လုပ်ဆောင်ခဲ့တာပေါ့နော်။ လုပ်ဆောင်နေရင်းနဲ့ ၂၀၂၁မှာ အာဏာ သိမ်းလိုက်တယ်။

အာဏာသိမ်းပြီးနောက်ပိုင်းမှာ နိုင်ငံရေးအရ မတည်မငြိမ်ဖြစ်တော့ ၂၀၂၁ လောက်မှာတော့ လူ့အခွင့် အရေး သင်တန်းတွေကိုမပေးဘဲနဲ့ ခဏထားတာပေါ့နော်။ အဲ့ဒီလိုနားနေတဲ့ အချိန်မှာ CDM ထောက်ပံ့ရေးလုပ်ငန်းတွေကို လုပ် ဆောင်ခဲ့တယ်။ မြို့နယ်တစ်ခုမှာရှိတဲ့ CDM ဌာနပေါင်း ၅၄ ဌာန လောက်နဲ့ ချိတ်ဆက်ပြီးတော့ CDM ၀န်ထမ်းတွေကို ထောက်ပံ့ရေးလုပ် ဆောင်နိုင်ခဲ့တယ်။ အဲ့ဒီလို လုပ်ဆောင်နေရင်း လုံခြုံရေးအခြေအနေကြောင့် ကျွန်မနယ်စပ်ကိုရောက်လာခဲ့တယ်။ နယ်စပ်ကို ရောက်လာတဲ့ အချိန်မှာ စစ်ရှောင်စခန်းတွေသွားပြီးတော့ လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းတွေကို ကိုယ်တိုင် ကိုယ်ကျ ကောက်ယူတာရှိတယ်။ အွန်လိုင်းကနေ မှတ်တမ်းကောက်ယူတာကို လုပ်ဆောင်ခဲ့ တယ်။ နောက်ပိုင်းမှာတော့ စစ်ရှောင်စခန်းတွေအထိသွားရောက်ပြီးတော့ လူ့အခွင့်အရေးပညာ‌ပေးမှု တွေကို ဆက်လက်ပြီးလုပ်ဆောင်နေတာ အခုထိပဲဖြစ်ပါတယ်။

🟥ဧရာဝတီတိုင်းမ်။ ။ဆရာမဝါဝါအနေနဲ့ ဒီအိန္ဒိယ-မြန်မာ နယ်စပ်မှာ စစ်ဘေးရှောင်တွေကို ကူညီပေးတာမျိုး၊ အသိပညာပေးတာမျိုးကို လုပ်ဆောင်နေတယ်လို့လဲသိထားရတယ်။ သူတို့ (စစ်ရှောင်တွေ) နဲ့ ပတ်သက်ပြီး ဘယ်လိုမျိုး ဆောင်ရွက်ခဲ့တယ်ဆိုတာ ပြောပြပေးလို့ရမလား။

ဆရာမဝါဝါ။ ။ကျွန်မတို့က လူ့အခွင့်အရေး ပညာပေးမှုတွေလုပ်တယ်။ မှတ်တမ်းကောက်ယူတာတွေ လုပ်တယ်ပေါ့နော်။ ၂၀၂၁ လောက်မှာ အဲ့လိုမျိုးတွေလုပ်နေရင်းနဲ့ တစ်ဆက်တည်းမှာ ကျွန်မတို့ဘာ စဉ်းစားမိတာလဲဆိုတော့ ဒီကာလ ဒီအခြေအနေမှာ လူ့အခွင့်အရေး ပညာပေးမှုပဲ လုပ်နေလို့မရဘူး။ တစ်ဖက်တည်းမှာ နိုင်ငံရေးအရ လိုအပ်တဲ့လှုပ်ရှား ဆောင်ရွက်မှုတွေ လုပ်ဖို့လိုသေးတယ်ဆိုတာမျိုး စဉ်းစားမိလာတယ်ပေါ့နော်။

အဲ့တော့ ကျွန်မတို့ ဒီဘက်နယ်စပ်ဒေသကို ရောက်ရှိလာတဲ့ လူငယ်လေးတွေစုပြီး တော့မှ ဒီနိုင်ငံရေး အရွေ့မှာ တတ်နိုင်သလောက် ပါဝင်ကြမယ်။ အဲ့ဒီလိုပါဝင်နိုင်ဖို့အတွက် အဖွဲ့လေးဖွဲ့ကြမယ် ဆိုပြီးတော့ စဉ်းစားချက်နဲ့ ကျွန်မတို့ Youth for Myanmar ကို ဖွဲ့လိုက်တယ်။ Youth for myanmar မှာတော့ ကျွန်မက ခေါင်းဆောင်အနေနဲ့ တာဝန်ယူထားတယ်။

Youth for Myanmar က အဓိကဘာတွေလုပ်လဲဆို တော့ပထမတုန်းကတော့ ရန်ပုံငွေရှာတဲ့ fundraising တွေလုပ်တယ်။ ရလာတဲ့ငွေတွေ အားလုံးကို ကျွန်မတို့ စစ်ရှောင်စခန်းတွေပေါ့နော်။ စစ်ရှောင်စခန်းဆိုတဲ့ အထဲမှာမှ မီဇိုရမ်ဘက်မှာရှိနေတဲ့ စစ်ရှောင်စခန်းတွေထဲကမှ လိုအပ်ချက် အများဆုံးဖြစ်တဲ့ camp တွေကို ကျွန်မတို့ အကုန်လှူခဲ့တာတွေ ရှိတယ်ပေါ့နော်။

အဲ့လို မျိုးလုပ်နေရင်းနဲ့ fundraising လုပ်ဖို့ ပြည်သူလူထုက ပန်းလာကြတဲ့အခါမှာ အဲဒါတွေကို ဆက်မလုပ်တော့ပဲနဲ့ ကျွန်မတို့ camp တွေသွားနေရင်းနဲ့ ဘာမြင်လာလဲဆိုတော့ သူတို့မှာ ဘာသာစကား အခက်အခဲရှိတယ်ဆိုတာမျိုးတွေ တွေ့ရတယ်။ ဒါကြောင့် မီဇိုးရ်ဘာသာစကား အစီအစဉ်ဆိုပြီးတော့ ကျွန်မတို့ ဘတ်ဂျက်တစ်ပြားမှ မရှိဘဲနဲ့ ဖုန်းလေးနဲ့ ရိုက်တယ်။ Youth for Myanmar အဖွဲ့သားတွေ ဝိုင်းပြီးတော့ edit လုပ်တယ်။ script တွေလည်း ကိုယ်တိုင်ရေး ကြတယ်။ အဲ့ဒီလိုမျိုးတွေ လုပ်ပြီးတော့မှ မီဇိုးရ် ဘာသာစကား အစီအစဉ်ဆိုပြီး ထုတ်လွှင့်ခဲ့တာလေးတွေ ရှိတယ်။

နောက်ပြီးတော့ ကျွန်မတို့ရိုက်ကူးရေးတွေ လုပ်ပြီးတော့ ရိုက်ကူးရေးကနေရတဲ့ ငွေတွေနဲ့ ရသမျှ အကုန်လုံး အခက်ခဲဆုံး camp တွေ လူအယောက်အပေါက် အနည်းဆုံး camp တွေ သွားပြီးတော့ ကိုယ့်စရိတ် ကိုယ်စိုက်တယ်။ ပြီးရင်တော့ အဲဒီ ကနေ ရိုက်ကူးလို့ ရလာတဲ့ငွေတွေ အကုန်လုံးကို လှူဒါန်း တဲ့ဟာမျိုးတွေ လုပ်တယ်ပေါ့နော်။ အဲ့ဒီ သွားရောက်လှူဒါန်းတဲ့ အချိန်မှာတုန်းကတော့ ကျွန်မတို့ WJ က လူ တွေလည်းပါတယ်။ သူတို့လည်း တတ်နိုင်သလောက် ကူညီထောက်ပံ့တာတွေရှိတယ်။ သူတို့ကတော့ အမျိုးသမီး ကဏ္ဍ ပေါ့။ နောက် Project Chin Hills ကလည်း သူတို့လည်း ဝိုင်းကူကြတယ်။ ကျွန်မတို့ YFM နဲ့ သူတို့အဖွဲ့တွေ ပေါင်းပြီးတော့မှ စစ်ရှောင်စခန်း သုံးခုကို ကူညီနိုင်ခဲ့တယ်။

နောက်ပိုင်းမှာ အဲ့လိုလုပ်နေရင်းနဲ့ ကျွန်မတို့ ဒီနှစ်ပိုင်းမှာ ဘာဖြစ်လာလည်းဆိုတော့ ဒီစစ်ရှောင် ကလေးငယ်တွေရဲ့ ပညာရေးကဏ္ဍက လိုအပ်လာတယ်ဆိုတာကို မြင်လာတာပေါ့နော်။ အဲဒီတော့ တတ်နိုင်တဲ့ အလှူရှင်တွေနဲ့ အလှူရှင်အဖွဲ့အစည်းတွေကို ချိတ်ဆက်ပေးပြီးတော့ ပလက်ဝ မြို့နယ်ထဲမှာ Teacher training နှစ် ကြိမ် ပေးနိုင်ခဲ့တယ်။ ပြီးရင်တော့ ကျွန်မတို့ ဒီမီဇိုရမ်ကို ရောက်ရှိနေ ကြတဲ့ CDM ဆရာမတွေကို ထောက်ပံ့ငွေတွေ ပေးနိုင်ခဲ့တယ်။ ဆက်လက်ပြီးတော့လည်း ကျွန်မတို့ ဒီ ကလေးတွေရဲ့ ပညာရေးကဏ္ဍ တိုးတက်လာဖို့အတွက် တတ်နိုင်သလောက် လှူဒါန်းမယ့်သူတွေနဲ့လည်း ချိတ်ဆက်ပြီးတော့ ဆောင်ရွက်နေတဲ့အပိုင်းတွေ လုပ်ဆောင်နေပါတယ်။ ဒါကတော့ စစ်ရှောင်ကူညီတဲ့ အပိုင်းပေါ့နော်။

နောက်တစ်ခုကတော့ လူအခွင့်အရေး လှုပ်ရှားမှုနဲ့ပတ်သက်ပြီးတော့လည်း ဒီစစ်ရှောင်စခန်းတွေ မှာရှိတဲ့ ဆရာ၊ ဆရာမ တွေကို လူ့အခွင့်အရေး သင်တန်းနဲ့ ကလေး အခွင့်အရေး၊ အမျိုးသမီးအခွင့် အရေး သင်တန်းတွေ ပေးတယ်။ နောက်လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့် ဆိုင်ရာ သင်တန်းတွေပေါ့နော်။ အဲ့ဒါမျိုးလေးတွေကို ပေးပြီးတော့မှ ဒီသက်ဆိုင်ရာ ဆရာမတွေကနေပြီးတော့ သက်ဆိုင်ရာကျောင်းလေးတွေမှာ ပြန်ပြီး ပို့ချတဲ့အပိုင်းကို လုပ်ဆောင်ပါတယ်။ ပြီးရင်တော့ လူ့အခွင့်အရေး အခမ်းအနားတွေမှာ တတ်နိုင်သလောက် ပါဝင်နိုင်ဖို့အတွက် အခမ်းအနားပွဲလေးတွေ ကျင်းပတဲ့ အပိုင်းနမှာဆက်လက်ပြီးတော့ ဆောင်ရွက်နေပါတယ်။

🟥ဧရာဝတီတိုင်းမ်။ ။အဲ့ဒီကို ရောက်လာသူတွေက ဘယ်ဒေသက စစ်ရှောင်တွေ အများဆုံးဖြစ်မလဲ။

ဆရာမဝါဝါ။ ။ ဒီဘက်ကိုရောက်လာတဲ့ လူအများစုကတော့ ချင်းပြည်နယ်က လူများတယ်ပေါ့နော်။ နောက်တစ်ခုကတော့ ဒီစစ်ကိုင်း၊ မကွေးဘက်ကသူတွေလည်းများတယ်။ ဒါပေမယ့် ကျွန်မနဲ့အများဆုံး ချိတ်ဆက်ပြီးတော့မှ လှုပ်ရှားမှုတွေအများဆုံး ဆောင်ရွက်နေတာကတော့ ချင်းပြည်နယ်ကလာကြတဲ့ စစ်ရှောင်တွေနဲ့က ပိုပြီးတော့မှ အများဆုံးဆောင်ရွက်ဖြစ်တယ်ပေါ့နော်။ ဒီဘက်ရောက်လာတဲ့ အများစုကလည်း ချင်းပြည်နယ်ကစစ်‌ရှောင်တွေ ဖြစ်တာဆိုတော့လေ။

🟥ဧရာဝတီတိုင်းမ်။ ။ဆရာမ အနေနဲ့အခုလိုမျိုး နယ်စပ်ဒေသမှာအခွင့်အရေးနဲ့ဆိုင်တဲ့ လှုပ်ရှားမှုတွေ လုပ်တဲ့ အခါမှာ ဘယ်လိုအခက်အခဲမျိုးတွေ ရင်ဆိုင်ရတာမျိုးရှိလဲ။ စိန်ခေါ်မှုက ဘာဖြစ်မလဲ။

ဆရာမဝါဝါ။ ။အဓိက အခက်အခဲလို့ပြောတဲ့အခါမှာ နှစ်ပိုင်းပြောချင်တယ်။ ပထမတစ်ခုကတော့ raise(မြှင့်တင်ရေး) လုပ်တဲ့အပိုင်းပေါ့နော်။ အဓိကကျွန်မတို့သင်တန်းတွေ ပေးကြတဲ့အခါမှာ ဘယ်ဘက်ပိုင်းကိုပဲ ဦးစားပေး ပြောရလဲဆိုတော့ လက်ရှိ မြန်မာနိုင်ငံမှာကြုံတွေ့နေရတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေတွေပေါ့နော်။ ဒါတွေကိုပဲ အဓိကထားပြောလေ့ရှိတယ်။

ဘာလို့လဲဆိုတော့ ကျွန်မတို့ ဒီဘက် အိန္ဒိယနယ်စပ်မှာ ဖြစ်နေတဲ့အခြေအနေတွေကို သိပ်ပြီးတော့ မပြောဖြစ်ဘူးပေါ့နော်။ ဘာလို့လဲဆိုတော့ ကျွန်မတို့ကိုယ်တိုင်ကလည်း ဒီဘက် အကာအကွယ် အစောင့်အရှောက်ကို တရားဝင်ရနေတာ မဟုတ်ဘူးလေ။ မီဇိုးရမ်အစိုးရ ကိုယ်တိုင်ကပဲ နားလည်မှုနဲ့ ညီအစ်ကို မောင်နှမတွေကို စောင့်ရှောက်ထားတဲ့ ပုံစံမျိုးဖြစ်တာကိုး။ အဲ့လိုအခါမျိုးမှာ ကျွန်မတို့လူ့ အခွင့်အရေးချိုးဖောက်မှုလို့ ပြောတဲ့အခါ မြန်မာပြည်တွင်းထဲမှာရှိနေတဲ့အခြေအနေ မြန်မာအစိုးရက ကျွန်မတို့အပေါ်မှာ ချိုးဖောက်ခံရတဲ့အခြေ အနေဒီလိုဟာမျိုး‌တွေကိုပဲ အဓိကထား ဆွေးနွေးရတဲ့ အပိုင်းရှိတယ်။ ဘာလို့လဲဆိုတော့ တခြားကိစ္စရပ်တွေကို ပြောမယ်ဆိုလို့ရှိရင် ကိုယ့်အတွက်လည်း လုံခြုံရေးအရ စိန်ခေါ်မှုတွေအများကြီးရှိနိုင်တယ်။ အဲ့ဟာကတစ်ပိုင်းပေါ့နော်။

နောက်တစ်ခုကတော့ စစ်ရှောင်တွေကို ကူညီဆောင်ရွက်ကြတဲ့အပိုင်းပေါ့နော်။ Youth for Myanmar အနေနဲ့ ဆောင်ရွက်ကြတဲ့အခါမှာ လိုအပ်ချက်တွေက အများကြီးဖြစ်နေတယ်။ ကျွန်မတို့လုပ်နိုင်တဲ့ အတိုင်းအတာနဲ့ လိုအပ်ချက်က မမျှဘူး ဖြစ်နေတဲ့အခါ ဦးစားပေးတွေထားပြီး လုပ်ဆောင်ရတဲ့အပိုင်း တွေရှိတယ်ပေါ့နော်။ အဲ့ဒီဟာတွေကတော့စိန်ခေါ်မှုတွေ အနေနဲ့ရှိတယ်။

🟥ဧရာဝတီတိုင်းမ်။ ။ ဆရာမ အကူအညီမှု‌ပေးမှုတွေ လုပ်ပေးနေတဲ့စစ်ဘေးရှောင်တွေထဲမှာ စစ်ဘေးရှောင်အမျိုးသမီးတွေအနေနဲ့ ဘယ်လိုအခက်အခဲတွ အဓိကရင်ဆိုင်ကြုံ တွေ့နေရလဲ။ ဘယ်လို ခံစားနေရလဲ ဆိုတာကို ပြောပြ ပေးလို့ရမလား။

ဆရာမဝါဝါ။ ။စိန်ခေါ်မှုအခက်အခဲလို့ ပြောလိုက်တဲ့အခါမှာ ကျွန်မတို့အားလုံးက နယ်စပ်ရောက်လာတဲ့ စစ်ရှောင်တွေဖြစ်တဲ့အခါ များသောအားဖြင့် တူလေ့ရှိတာက အလုပ်အကိုင် အခွင့်အလမ်းရှားပါးတာ ခက်ခဲ့တာပေါ့။ အဲ့ဒီအထဲမှာမှ အမျိုးသမီးတွေဆိုရင် လုပ်ခလစာ အမျိုးသားတွေထက် ပိုနည်းပြီးမှ ရတယ်ဆိုတဲ့ကိစ္စပေါ့နော်။ ဒါဟာ ဒီဘက်စစ်ရှောင်စခန်းတွေမှာလည်းကြုံတွေ့နေရတဲ့ စိန်ခေါ်မှုလို့ ကျွန်မမြင်တယ်။

နောက်တခုကတော့ Camp တွေမှာ များသောအားဖြင့် Camp ရဲ့ ဦးဆောင်ဦးရွက်မှု ပြုတဲ့ကဏ္ဍတွေကို ကြည့်လိုက်မယ်ဆိုရင် အမျိုးသမီးတွေပါတဲ့ Camp တော်တော်နည်းတယ်လို့ ပြောလို့ရတယ်။ ဒီတော့အလှူရှင်တွေက တစ်ခုခုချိတ်ဆက်တော့မယ်ဆို အဲ့လိုအခါမျိုးမှာ အမျိုးသမီးတွေရဲ့အသံကို ထုတ်ဖော်နိုင်ဖို့အတွက် အမျိုးသမီးတွေကို ကိုယ်စားပြုနိုင်မယ့်သူမရှိဘူး။ ဆိုလိုချင်တာက တကယ့် အခြေခံအကျဆုံးဖြစ်တဲ့ Camp တွေမှာတောင်မှ အမျိုးသမီးတွေက Campရဲ့ ဦးဆောင်ဦးရွက် ပြုရမယ့် နေရာမှာ မပါသေးတာက အမျိုးသမီးတွေ အသံကို ကိုယ်စားပြုနိုင်မယ့်အရာမှာ အများကြီး စိတ်ခေါ်မှု ရှိတယ်။

ဘာကြောင့်လဲဆိုတာ ပြန်ဆန်းစစ်ကြည့်လိုက်တဲ့အခါ်မှာ ဘယ်မှာပြန်တွေ့ရလဲဆို ကျွန်မတို့ Women Right Training (အမျိုးသမီးအခွင့်အရေးသင်တန်း) ပေးတာရှိတယ်။ အမျိုးသမီး တွေကိုယ်တိုင်က ယဉ်ကျေးမှုဓလေ့ ထုံးစံတွေကို အမှန်တရားတစ်ခုအနေနဲ့ လက်ခံကျင့်သုံးနေတာ၊ အမျိုးသမီးတွေ ကိုယ်တိုင် ယူဆပြီး Internalizing ဖြစ်နေတဲ့အပိုင်းတွေကို အများကြီးတွေ့ နေရသေးတယ်။ ဒါကတော့ ကျွန်မမြင်တွေ့ရတဲ့ ကျွန်မရဲ့အတွေ့အကြုံအရ အမျိုးသမီးတွေအတွက် ကြုံတွေ့ နေရတဲ့ စိန်ခေါ်မှုလို့ထင်ပါတယ်။

🟥ဧရာဝတီတိုင်းမ်။ ။အခုစစ်အာဏာသိမ်းပြီးနဲ့ မသိမ်းခင်မှာ ဒီလိုလူ့အခွင့်ရေးလှုပ်ရှားမှု လုပ်ငန်း‌တွေ လုပ်ဆောင်ရတာမှာ ဘာတွေကွာခြားချက်ရှိလာလဲဆိုတာ ပြောပြ ပေးလို့ရမလား။

ဆရာမဝါဝါ။ ။ အာဏာမသိမ်းခင်က နိုင်ငံရေးအရ ပွင့်လင်းတဲ့ အခြေအနေလို့ပြောလို့ရတာပေါ့။ လူအခွင့်ရေး ပညာပေးမှုတွေကို ပွင့်ပွင့်လင်းလင်းလုပ် ဆောင်နိုင်တယ်။ လူ့အခွင့်အရေး ချိုးဖောက်တဲ့ ဥပဒေတွေရှိရင်လည်း တာ၀န်ရှိသူတွေကို တိုက်ရိုက်တွေ့ဆုံပြီးတော့မှ စည်းရုံး လုပ်ဆောင်တဲ့ အခြေအနေတွေကို ပေါ်ပေါ်တင်တင်လုပ်ဆောင်လို့ရတဲ့ အနေအထားဖြစ်တယ်ပေါ့။ ဒါပေမယ့် လက်ရှိကာလမှာတော့ ကျွန်မတို့က အန္တရာယ်တော်တော်များတယ်ပြောရမယ်။

လူ့အခွင့်အရေးချိုးဖောက်မှုပြောရမယ်ဆို ဘယ်သူကပဲ ချိုးဖာက်ဖောက် လူ့အခွင့်အရေး ချိုးဖောက်သူ မှန်သမျှက တာ၀န်ယူမှု တာ၀န်ခံမှု ရှိရမယ်။ ဒီနောက်ပိုင်းတွေ့လာရတာက စစ်ကောင်စီ(စကစ)ကနေပဲ မဟုတ်ဘဲ တော်လှန်ရေး အင်အားစုတွေက ချိုးဖောက်တာတွေပါ တွေ့လာရတယ်။ အဲ့ဒီလိုဖြစ်လာတဲ့ အခါမှာ မှတ်တမ်းတွေကောက်ယူရတာတွေရှိတယ်။ သင်တန်းတွေမှာ အဲ့လိုမလုပ်ဆောင်ရဘူး ပြောရ တာတွေရှိတယ်။ အဲ့လိုဖြစ်တဲ့အခါမှာ လူ့အခွင့်အရေးလှုပ်ရှားနေရသူ‌အနေနဲ့ ဟိုဘက်ကော ဒီဘက်ကော ကြည့်နေရတဲ့အပိုင်းလေးတွေက လက်ရှိကာလမှာ စိန်ခေါ်မှုအများဆုံးနဲ့ အရင် အခြေ အနေနဲ့ ကွာခြားတဲ့ ကွာခြားချက်လို့ပြောလို့ရပါတယ်။

🟥ဧရာဝတီတိုင်းမ်။ ။ဒီလိုအရာတွေကို ဘာကြောင့် လုပ်နိုင်တယ်လို့ ထင်လဲ။

ဆရာမဝါဝါ။ ။ ကြုံတွေ့နေရတဲ့ အခြေအနေတွေကို စာနာနားလည်နိုင်တာကြောင့်လို့ထင်တယ်။ နောက်တစ်ခုက လက်ရှိသွားနေတဲ့ တော်လှန်ရေးမှာ ကိုယ်တတ်နိုင်တဲ့အင်အားနဲ့ပါ၀င်မယ် ဆိုတဲ့ စိတ်ကြောင့်လည်း လုပ်ဖြစ်တာလို့ထင်တယ်။ ဘာကြောင့်လည်းဆို‌ေတာ့ ကျွန်မရဲ့ Main(အဓိက) အလုပ်က လူ့အခွင့်ရေး ပညာပေးမှုကို လုပ်ဆောင်တာ ဖြစ်တယ်။ အဲ့လိုမျိုးပဲ ဒီမှာ ရှိနေတဲ့ camp တွေမှာ သွားတယ်။ သင်တန်းတွေပေးနေရင်းနဲ့ သူတို့တွေ ဘာလို အပ်သလဲ ဆိုတာကို အများကြီး မြင်တွေ့ရတဲ့ခါမှာ ပညာပေးနေရုံနဲ့ မလုံလောက်ဘူး ဆိုတာကို နားလည်လာလို့ ကျွန်မတို့ တတ်နိုင်တဲ့ ဘက်ကနေလူသားချင်းစာနာမှုတွေကို လုပ်ဆောင်လာဖြစ်တယ်။ အဲ့လိုလုပ်ဆောင်ရင်းနဲ့ အဲ့တာတွေ မကဘဲ လက်ရှိကျွန်မတို့ သွားနေကြတဲ့ နိုင်ငံရေးအရွေ့မှာ ကိုယ်ကနိုင်တဲ့ ဘက်ကနေ ပါ၀င်တယ်လို့ ယုံကြည်တယ်ပေါ့နော်။ ဒါကြောင့်မို့လို့လည်း ဒီအလုပ်ကို လုပ်ဖြစ်နေတာဖြစ်ပါတယ်။

🟥ဧရာဝတီတိုင်းမ်။ ။ဆရာမအနေနဲ့ သီးခြားဖြည့်စွက်ပြောချင်တာများရှိရင်လည်း ပြောပြပေးပါဦး။

ဆရာမဝါဝါ။ ။အခုဆိုရင် ဒီဘက် Youth for Myanmar အနေနဲ့ ပညာရေးကိစ္စကို လုပ်ဆောင်နေတဲ့ အခါမှာ လက်လှမ်းမှီသလောက် အချက်အလက်ကောက်ယူထားသလောက်ဆို ဒီဘက်ကို မီဇိုရမ်ဘက် ကို စစ်ရှောင်ကျောင်းက ၄၀ ကျော်တယ်လို့ပြောလို့ရတယ်ပေါ့နော်။ အဲ့ဒီကျောင်းပေါင်း ၄၀ ကျော်မှာလည်း တော်တော်ကို အခက်အခဲဖြစ်နေတဲ့ ကျောင်းတွေအများကြီးရှိသေးတယ်။ ဆရာ၊ ဆရာမတွေ အချိန်ပြည့် တစ်ပါတ်ကို ငါးရက်စာသင်ကြတယ်။ ရူပီး သုံးထောင်၊ သုံးထောင့်ငါးရာ တောင်မှပုံမှန်မရတဲ့ ကျောင်းတွေအများကြီးရှိသေးတယ်။ ဒါလေးက ကျွန်မဖြည့်စွက် ပြောဆိုချင် တာပါ။ ဒါကြောင့် ဘယ်သူတွေပဲဖြစ်ဖြစ် ကူညီချင်တာရှိတယ်ဆိုရင် ကူညီနိုင်ဖို့ မေတ္တာရပ်ခံချင် ပါတယ်။

ဧရာဝတီတိုင်းမ်။ ။အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဆရာမ။

#အိန္ဒိယမြန်မာနယ်စပ် # #စစ်ဘေးရှောင်များ #လူ့အခွင့်အရေးလှုပ်ရှားမှုများ #ဆရာမဝါဝါ #အမျိုးသမီးကဏ္ဍ #အင်တာဗျုး #Ayeyarwaddy_Times

(မြန်မာနိုင်ငံတွင် စစ်တပ် အာဏာသိမ်းမှုကြောင့် လက်ရှိအမျိုးသမီးများ ရင်ဆိုင်နေရသည့် အခက်အခဲ၊ စိန်ခေါ်မှုနှင့် ကျော်ဖြတ်ခဲ့ရသည့် အခြေအနေများအပြင် အမျိုးသမီးများဦးဆောင်၍ လုပ်ဆောင် နေသည့် အကြောင်းအရာများကို “အမျိုးသမီးကဏ္ဍ” အနေဖြင့် အပတ်စဉ် အင်္ဂါနေတိုင်း တင်ဆက် ပေးနိုင်ရန် ကြိုးစားသွားမည်ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုနိုင်ပါကြောင်း ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အသိပေးအပ်ပါသည်။)