ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ နိုဝင်ဘာ ၃ ရက်)
ဒိန်ချဉ်စားသုံးခြင်းက ခန္ဓာကိုယ်အတွက် ကောင်းကျိုးများပါတယ်။ ကျန်းမာစေရုံသာမက လှပကျော့ရှင်းစေတဲ့အာနိသင်တွေ ဒိန်ချဉ်မှာ ပါဝင်ပါတယ်။ ဒိန်ချဉ်ရဲ့ကောင်းကျိုးတွေကပါဝင်နေတဲ့ ပရိုဘိုင်အိုတစ် ခန္ဓာကိုယ်အကျိုးပြုဘက်တီးရီးယားတွေကြောင့် ဖြစ်ပါတယ်။ အစားအသောက် တွေထဲကို ဒိန်ချဉ်ထည့်စားပေးခြင်း၊ ဒိန်ချဉ်ကိုအချိုတည်းခြင်း ဖြင့် နေ့စဉ်စားသုံးကြပါတယ်။
ကောင်းမွန်တဲ့ဒိန်ချဉ်ရွေးချယ်ရာမှာ အိမ်တွင်းဖြစ် လက်လုပ်ဒိန်ချဉ်များကိုတော့ ဂရုပြုရွေးချယ် စေချင်ပါတယ်။ မသန့်ရှင်းတဲ့အခြေအနေနဲ့ကြုံပါကဝမ်းလျှောနိုင်ပါတယ်။ ဒိန်ချဉ်ဝယ်ရာမှာပမာဏ များများပါတဲ့ ဘူးကြီးများဝယ်ယူခြင်းထက် သုံးနိုင်တဲ့ ပမာဏအတိုင်းအတာ ရှိတဲ့ဘူးသေးများ သာဝယ်ယူပြီးတော့သုံးစေချင်ပါတယ်။ ဖွင့်ဖောက်ပြီးတာနဲ့တစ်ခါတည်းကုန်အောင်စားသောက်ခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ သကြား ပျားရည် ထန်းလျက်ရည် သကာရည်တို့နဲ့ တွဲဖက်စားသုံးပါက အချိုပစ္စည်းများရဲ့သန့်ရှင်းလတ်ဆတ်မှုနဲ့ အန္တရာယ်ကင်းမှုကို ဂရုပြုကြစေလိုပါတယ်။
အိန္ဒိယဟင်းလျာများမှာလည်း ဒိန်ချဉ်ကို ဟင်းခတ်အမွှေးအကြိုင်ပစ္စည်းတစ်ခုအဖြစ်သုံးကြပါတယ်။ ကြက်သား၊ ဆိတ်သား၊ အမဲသား တို့ ချက်ပြုတ်ရာမှာလည်း ဒိန်ချဉ်ဖြင့်နှပ်ပြီး ဟင်းလျာ ချက်ပြုတ် ကြပါတယ်။ မည်သို့ပင်ဖြစ်ပါစေ ဒိန်ချဉ်ကို သန့်ရှင်းစွာကိုင်တွယ်ဖို့ အရေးကြီးပါတယ်။
အစာခြေလွယ်ကူခြင်း
ဒိန်ချဉ်မှာပါဝင်တဲ့ ပရိုဘိုင်အိုတစ် ခန္ဓာကိုယ်အကျိုးပြုဘက်တီးရီးယားတွေကြောင့် အစာအိမ်နဲ့ အူလမ်းကြောင်းမှာ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့အခြေနေတွေကိုဖြစ်စေပါတယ်။ အူရောင်အူနာ ဖြစ်ခြင်း၊ အူလှိုင်းထမူမမှန်ရောဂါဖြစ်ခြင်း စတဲ့ရောဂါတွေကို သက်သာစေပါတယ်။
ဝမ်းပျက်ဝမ်းလျှော ဝမ်းကိုက်ခြင်းတွေ ဖြစ်စေတတ်တဲ့ရောဂါပိုးတွေ မပွားများအောင် အူအတွင်း ခိုအောင်း၍မရအောင် အကျိုးပြုဘတ်တီးရီးယား ပရိုဘိုင်အိုတစ်တွေက ကာကွယ်ပေးပါတယ်။
ဒိန်ချဉ်ဟာ အာဟာရများ အူမှာကောင်းစွာစုပ်ယူနိုင်အောင်လည်း အကူအညီပေးပါသေးတယ်။ အသားတွေ၊ အဆီတွေ၊ အစာခြေလွယ်ဖို့ကူညီပေးပြီး ရင်ပူခြင်း၊ အစာမကြေရင်ပြည့်ရင်ကယ် ဖြစ်ခြင်းကို လျော့နည်းစေပါတယ်။
ခန္ဓာကိုယ်ရောဂါခုခံစွမ်းအားတိုးမြှင့်ပေးခြင်း
အစာအိမ်နဲ့အူလမ်းကြောင်းကိုကောင်းကျိုးတွေဖြစ်စေတဲ့ ဒိန်ချဉ်ရဲ့အစွမ်းက ကိုယ်ခံအားကိုလည်း တိုးမြှင့်ပေးပါတယ်။ ခန္ဓာကိုယ်ရောင်ရမ်းနာကျင်တဲ့အခါ ဖြစ်လာရတဲ့ပြောင်းလဲမှုတွေကို သက်သာ စေတဲ့ အစွမ်းကြောင့်လည်း ဒိန်ချဉ်က ဖျားနာခြင်း၊ ရောင်ရမ်းကိုက်ခဲခြင်းတွေကို သက်သာစေတယ် ဆိုပြီး ခေတ်မီကျန်းမာရေးဆောင်းပါးတွေမှာ နာမည်ကြီးပါတယ်။ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အာဟာရတွေဖြစ်တဲ့ ကယ်လ်ဆီယမ် ထုံးဓာတ်၊ ပရိုတိန်း၊ အသားဓာတ် ဗီတာမင် ဘီအုပ်စုဝင်များ (vitamins B2 , B12) နှင့် ဇင့် သွပ်ဓာတ် တွေလည်းပါဝင်ပါတယ်။
ခန္ဓာကိုယ်ရဲ့ရောဂါခုခံစွမ်းအားတိုးမြှင့်ဖို့ သွေးဖြူဥ၊ သွေးနီဥ သွေးအားကောင်းစေဖို့၊ ယိုယွင်း ပျက်စီးနေတဲ့ခန္ဓာကိုယ်ပြန်တည်ဆောက်ဖို့အတွက် အားဆေးတစ်ခွက်ဟာ ဒိန်ချဉ်ပဲဖြစ်ပါတယ်။
ခန္ဓာကိုယ်အလေးချိန်ထိန်းသိမ်းပေးခြင်း
အသားဓာတ်ပြည့်ဝပြီး အာဟာရတန်ဖိုးကောင်းမွန်တဲ့ ဒိန်ချဉ်တစ်ခွက်က အလွယ်တကူဗိုက်ပြည့်စေပြီး နောက်တစ်ကြိမ်ဗိုက်ဆာခြင်းဖြစ်လာတာကို နှေးသွားစေပါတယ်။ ဒါကြောင့် ဝိတ်ချနေသူ မိတ်ဆွေများအတွက် အကောင်းဆုံးဆေးတစ်ခွက်လည်းဖြစ်ပါတယ်။ ခန္ဓာကိုယ်ဇီဝရုပ်ဖြစ်ပျက်မှု မျှခြေကိုထိန်းပေးထားနိုင်ဖို့ ဒိန်ချဉ်က ကူညီပေးနိုင်ပါတယ်။
အမေရိကန် အစာအဟာရတွေ့ရှိချက်တွေဖော်ပြနေတဲ့ကျန်းမာရေးဂျာနယ်က နေ့စဉ် ဒိန်ချဉ်သုံးခွက် မှန်မှန်စားပေးပါက ခါးမှာရှိနေတဲ့အဆီတွေအပြင် တစ်ကိုယ်လုံးမှာရှိနေတဲ့အဆီတွေပါ လျော့သွားနိုင်ကြောင်း ဖော်ပြခဲ့ပါတယ်။ ခန္ဓာကိုယ် ဝိတ်ကျဖို့ကြိုးစားနေကြသူတွေအတွက် ဒိန်ချဥ်ကိုအားကိုးဖို့ အကြံပြုပါရစေ။
ကိုလက်စထရော (Cholesterol)အဆီကျစေခြင်း
နာမည်ဆိုးဖြင့်ကျော်ကြားတဲ့ ကိုလက်စထရောအဆီ သွေးအတွင်းမှာများနေပါက သင့်ကျန်းမာရေး အတွက် စိတ်ပူရပါတယ်။ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ သွေးချိုဆီးချိုရောဂါ၊ လေဖြတ်ရောဂါ၊ ကင်ဆာရောဂါများအထိပါ နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေ တိုးစေပါတယ်။ ဒိန်ချဉ်က ဒီဆိုးရွားတဲ့ ကိုလက်စထရောအဆီကို လျော့ကျစေပါတယ်။ ဒါ့အပြင် အချိန်မတိုင်မိအိုမင်း ရင့်ရော်ခြင်းမှ ကာကွယ်တားဆီးပေးပါတယ်။
အရေပြားကျန်းမာလှပစေခြင်း
ဒိန်ချဉ်မှာ သက်စောင့်ဓာတ်-ဗီတာမင်တွေ သတ္တုဓာတ်တွေ အပြင် အရေးအကြီးဆုံး လက်တစ် အက်ဆစ် (lactic acid) ပါဝင်တာကြောင့်အရေပြားအလှအပအတွက် အင်မတန် အသုံးဝင်ပါတယ်။ အရေပြားအပေါ်ယံအလွှာကြမ်း ရှိ ဆဲလ်အသေများကွာကျစေပြီး အမဲစက်များကိုလျော့နည်းစေကာ ဝက်ခြံများကိုလည်းသက်သာစေပါတယ်။
အရေးအကြောင်းများကိုလည်း လျော့နည်းစေကာ မျက်နှာကိုတင်းတင်း ရင်းရင်း ဖြစ်စေပါတယ်။ မျက်နှာကိုဒိန်ချဉ်လိမ်းပါက ရောင်ရမ်းနေတဲ့ အနီကွက်များလျော့နည်းသွားစေပြီး ယားယံခြင်းများ ကိုလည်း သက်သာသွားစေနိုင်ပါတယ်။
အိုမင်းရင့်ရော်ခြင်းကိုကာကွယ်ပေးခြင်း
အာဟာရတန်ဖိုးမြင့်မားပြီး ဝမ်းချုပ်ခြင်းကိုကာကွယ်နိုင်တဲ့ ဒိန်ချဉ်မှာ ပရိုတိန်းအသားဓာတ်၊ သွပ်ဓာတ် ဗီတာမင်-ဒီ (vitamin D ) ကယ်စီယမ်-ထုံးဓာတ် တွေကြွယ်ကြွယ်ဝဝပါဝင်တာကြောင့် အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်းမဖြစ်စေဘဲ နှလုံးကျန်းမာစေခြင်း အရိုးကျန်းမာခြင်း မျိုးဆက်ပွားကျန်းမာခြင်း လှပကျော့ရှင်းခြင်းတွေကို ရရှိစေပါတယ်။
ဒိန်ချဉ်ဟာ ခန္ဓာကိုယ်အတွက် အကျိုးဖြစ်ထွန်းမှုများစေတာကြောင့် “နုပျိုကျန်းမာဖို့ ဒိန်ချဉ်သောက်ကြ ပါစို့” လို့ တောင် တင်စားချင်ပါတယ်။
ဒီတစ်ပတ်ကောင်းမွန်တဲ့ဒိန်ချဉ်နှင့်ကျန်းမာရေး အကြောင်းအရာကို ကျေနပ်ကြမယ်လို့ မျှော်လင့်ပါ တယ်။ နောက်တစ်ဖက်မှာတော့ ရေနစ်ခြင်းအန္တရာယ်အကြောင်း ဖော်ပြသွားမှာ ဖြစ်ပါတယ်။
ဧရာဝတီတိုင်းမ်သတင်းမီဒီယာကို စောင့်မျှော်အားပေးနေတဲ့ပရိသတ်များအားလုံးလည်း ကျန်းမာလှပ ပျော်ရွှင်တဲ့ဘဝတွေရရှိနိုင်ကြပါစေ။
#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ဒိန်ချဉ်နှင့်လှပကျန်းမာသောဘဝ #အမျိုးသမီးနှင့်အလှအပရေးရာ #ကျန်းမာရေးဆောင်းပါး #Ayeyarwaddy_Times