ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၅ ရက်

မြန်မာနိုင်ငံ၏ သတ္တမမြောက်ကုန်သွယ်ဖက် နိုင်ငံအဖြစ် အိန္ဒိယနိုင်ငံက ရပ်တည်နေပြီး ယခင်နှစ် ၂၀၂၃ – ၂၀၂၄ ဘဏ္ဍာနှစ်တွင် နှစ်နိုင်ငံကုန်သွယ်မှု အမေရိကန်ဒေါ်လာ သန်းတစ်ထောင်ကျော်ရှိကြောင်းစစ်ကောင်စီထုတ်ပြန်ချက်အရ သိရသည်။

ယမန်နေ့ကလည်း မြန်မာနှင့် အိန္ဒိယနိုင်ငံတို့ကြား မြန်ဆန်စွာအကျိုးဖြစ်ထွန်းစေမည့် ( Quick Impact Project – QIPs) အကောင်အထည်ဖော်ရန် နားလည်မှုစာချွန်လွှာကို နေပြည်တော်တွင် ထိုးခဲ့ကြသည်။

နှစ်နိုင်ငံကုန်သွယ်မှုတွင် အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၁၅၀ ဒသမ ၁၈၁ ရှိပြီး အပြန်အလှန်ကုန်သွယ်မှုတိုးမြှင့်နိုင်ရန်ဆောင်ရွက်နေသည်ဟုလည်း စစ်ခေါင်းဆောင်က ဆိုသည်။

လက်ရှိမြန်မာနိုင်ငံတွင် ရင်းနှီးမြှပ်နေသည့် နိုင်ငံပေါင်း ၅၃ နိုင်ငံရှိကာ ယခုနှစ် ဇန်နဝါရီအထိ စာရင်းများအရ အိန္ဒိယနိုင်ငံက အဆင့် ၁၁ တွင်ရှိကြောင်း၊ အိန္ဒိယနိုင်ငံသည် တကယ့်မိတ်‌ဆွေကောင်းဖြစ်ကြောင်း စစ်‌ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံထံ ပဲမျိုးစုံတင်ပို့ပြီး အိန္ဒိယမှ ဆေးဝါးမျိုးစုံ၊ စက်သုံးဆီ၊ နေကြာစေ့၊ ဝါစေ့များတင်သွင်းပြီး ငွေပေးချေရာတွင် ကျပ်နှင့် ရူပီးတိုက်ရိုက်ပေးချေနိုင်ရန်ဆွေးနွေးလျက်ရှိသည်။

အာဏာသိမ်းစစ်တပ်နှင့် အိန္ဒိယနိုင်ငံသည် စစ်သုံးပစ္စည်းထောက်ပံ့ရေးအပါအဝင် နည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆက်လက်လုပ်ဆောင်နေခြင်းဖြစ်သည်။

အိန္ဒိယသည် စစ်ကောင်စီအာဏာသိမ်းထားသည့် ၂၀၂၁ ခုနှစ် ဇန်နဝါရီမှ ၂၀၂၄ ခုနှစ် စက်တင်ဘာအထိ ဘွဲ့လွန်ပညာသင်ဆု ၉၀၀ ကျော်ပေးထားကြောင်းလည်းသိရသည်။

အိန္ဒိယနိုင်ငံသည် အမေရိကန်ဒေါ်လာ သန်း ၅၀၀ တန်ဖိုးဖြင့် မြန်မာနိုင်ငံရှိ ရခိုင်ပြည်နယ်တွင် ကုလားတန်မြစ်ဘက်စုံစီမံကိန်းအကောင်အထည်ဖော်လျက်ရှိရာတွင် လက်ရှိနယ်မြေအများစုကို ရခိုင်တပ်တော် ( AA) သိမ်းပိုက်ထားသည်။

ဓာတ်ပုံ – MOI
#မြန်မာ #အိန္ဒိယ #ကုန်သွယ်မှု #ဒေါ်လာသန်းတစ်ထောင်
#Ayeyarwaddy_Times