ဧရာဝတီတိုင်းမ်
သြဂုတ်လ ၁၅ ရက်

တရုတ်ပြည် ကူမင်းမြို့နှင့် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ကို သွယ်တန်းထားသည့် ကျောက်ဖြူ – ကူမင်း ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းအနီးတွင် သြဂုတ်လဆန်းပိုင်း၌ မကွေးတိုင်းအတွင်းက ဒေသခံတွေက ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

သူတို့တောင်းဆိုချက် အနှစ်ချုပ်က “တရုတ်အစိုးရအနေဖြင့် မြန်မာပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ် နေသည့် စစ်ကောင်စီဘက်မှ မရပ်တည်ဖို့၊ အာဏာသိမ်းစစ်တပ်ကို ကူညီပေးနေသည့်လုပ်ရပ်များအားလုံး ရပ်တန့်ပေးဖို့” ဖြစ်သည်။

အာဏာသိမ်း စစ်ကောင်စီသည် ၂၀၂၁ ခုနှစ် မေလမှ ယနေ့အထိ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်း၌ နယ်မြေရှင်းလင်းရေး ပြုလုပ်ရင်း နေအိမ်ပေါင်း ၂ သောင်းနီးပါးကို မီးရှို့ဖျက်ဆီးပြီး အရပ်သား ဒါဇင်ပေါင်း များစွာကို ရက်စက်စွာ အကြမ်းဖက်သတ်ဖြတ်ခဲ့သည်။

ယခုလို ဒေသခံပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်နေသည့် စစ်ကောင်စီကို တရုတ်အစိုးရက ကျောထောက်နောက်ခံပေး၍ နည်းလမ်းမျိုးစုံဖြင့် ကူညီနေခြင်းက တရုတ်အစိုးရအနေဖြင့် ၎င်းတို့အပေါ် အကြမ်းဖက်သတ်ဖြတ်မှုများကို သွယ်ဝိုက်၍ အားပေးနေခြင်းဟု မြန်မာပြည်သူများက မှတ်ယူနေကြသည်။

မြန်မာပြည်သူတို့၏ တရုတ်အစိုးရအပေါ် သဘောထားက တရုတ်နိုင်ငံသည် စစ်တပ်၏ အကြမ်းဖက် အာဏာသိမ်းမှုကို နောက်ကွယ်မှ ပံ့ပိုးခဲ့သည်၊ အာဏာသိမ်းစစ်တပ်အပေါ် နိုင်ငံရေး၊ စီးပွားရေး၊ သံတမန်ရေး အရ အကာအကွယ်ပေး ထောက်ပံ့ကူညီနေသည်၊ ယင်းလုပ်ရပ်က ပြည်သူများကို ပစ်ခတ်သတ်ဖြတ်ရန် စစ်ကောင်စီ၏ သေနတ်အတွင်းသို့ တရုတ်နိုင်ငံက ကျည်ဖြည့်ပေးနေခြင်းဟု မြန်မာပြည်သူတွေ အလေးအနက် ရှုမြင်နေကြသည်။

ယင်းရှုမြင်မှုအကျိုးဆက်အရ မြန်မာပြည်သူတို့၏အတွင်းစိတ်၌ တရုတ်မုန်းတီးရေးနှင့် တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ်များ တစထက်တစ ပိုမိုကြီးထွားနေသည်။ ထို့ကြောင့်လည်း စစ်အာဏာသိမ်းစ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက ရန်ကုန်မြို့ရှိ တရုတ်နိုင်ငံသားပိုင် စက်ရုံတချို့ မီးရှို့ခံခဲ့ရသလို ၂၀၂၂ ခုနှစ်အတွင်း စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ တရုတ်နိုင်ငံပိုင် ဝမ်ပေါင်ကုမ္ပဏီကို တိုက်ခိုက်ခြင်းများ ပေါ်ပေါက်ခဲ့သည်။

သန်းပေါင်းများစွာသော မြန်မာပြည်သူတို့သည် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လက်နက် အားကိုး အနိုင်ကျင့်၍ တိုင်းပြည်အာဏာသိမ်းယူမှုကို လုံးဝလက်မခံသဖြင့် ယနေ့အထိ နေရာဒေသ အများအပြား၌ နည်းလမ်းပေါင်းစုံဖြင့် ခုခံဆန့်ကျင်နေဆဲဖြစ်သည်။

အာဏာသိမ်းစစ်တပ်သည် ရှိသမျှသော အကြမ်းဖက်နည်းလမ်းပေါင်းစုံဖြင့် ပြည်သူလူထုကို ဖိနှိပ် သတ်ဖြတ်နေသော်လည်း မြန်မာပြည်သူတို့သည် အသက်ပေါင်းများစွာပေးဆပ်၍ စစ်တပ်ကို အကြမ်းမဖက် ဆန္ဒပြမှုများနှင့် လက်နက်ကိုင်လမ်းစဉ်တို့ဖြင့် တော်လှန်နေဆဲဖြစ်သည်။

ထို့ကြောင့် တရုတ်အစိုးရအနေဖြင့် အလေးအနက် သိသင့်သည်က မြန်ာမာပြည်သူတို့သည် အသက်ပေါင်း များစွာ၊ ဘဝပေါင်းများစွာနှင့် စည်းစိမ်ဥစ္စာများစွာ ရင်းနှီးပေးဆပ်ထားသော “မြန်မာ့ နွေဦးတော်လှန်ရေး”ကို အောင်မြင်သည်အထိ ဆက်လက်ဆင်နွှဲကြရန် စိတ်ပိုင်းဖြတ်ထားကြပြီး ဖြစ်သည်။

“ဆွေမျိုးပေါက်ဖော် ဆက်ဆံရေး”ဟူသော ခေါင်းစဉ်လှလှဖြင့် တရုတ်အစိုးရက အားပေးထောက်ခံ ကူညီ ပေးနေသည့် စစ်ကောင်စီ၏အာဏာသိမ်းမှုက ပြည်သူတို့၏ဆန့်ကျင်မှုကြောင့် ယနေ့အထိ မအောင်မြင် သေးသလို နောင်လည်း အောင်မြင်မည့်အလားအလာ စိုးစဉ်မျှမရှိချေ။

ကျိန်းသေရှုံးမည်ဖြစ်သော မြင်းကို တရုတ်နိုင်ငံအနေဖြင့် မြန်မာပြည်သူတို့၏ အမုန်းတရားနှင့် ဆန့်ကျင်မှုတို့ကို အရင်းအနှီးပြု၍ လောင်းကြေးမထပ်သင့်ပေ။

လက်ရှိအချိန်တွင် မြန်မာပြည်သူတို့၏တောင်းဆိုချက်ကို အလေးအနက်ထားကာ အာဏာသိမ်း စစ်ကောင်စီ ဘက်မှ ရပ်တည်ကူညီပေးနေမှုများကို ရပ်တန့်ပြီး စစ်ကောင်စီဘက်မှ ဆုတ်ခွာခဲ့လျှင် အချိန်မီသေးသည်။ ထိုသို့ ဆောင်ရွက်ခြင်းက “မြန်မာ့နွေဦး တော်လှန်ရေး” အောင်မြင်ရေးအတွက် တရုတ်နိုင်ငံမှ သွယ်ဝိုက်သော နည်းဖြင့် တဖက်တလမ်းက ကူညီရာရောက်မည်ဖြစ်သည်။

ထို့ပြင် ၁၉၈၈ ခုနှစ်နောက်ပိုင်း ပေါ်ပေါက်ခဲ့သည့် စစ်အာဏာရှင်များကို အကာအကွယ်ပေးကာ မြန်မာနိုင်ငံ အပေါ် စီးပွားရေးအရ ဂုတ်သွေးစုပ်ချယ်လှယ်ခဲ့မှုကြောင့် ဆယ်စုနှစ်ပေါင်းများစွာ ညစ်ထေးခဲ့သော တရုတ် – မြန်မာ ဆက်ဆံရေးသည်လည်း မှန်ကန်သော လမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိမည် ဖြစ်သည်။

မြန်မာပြည်သူတို့၏ ချစ်ခြင်းမေတ္တာကို ရရှိဖို့အတွက် အလွယ်ဆုံးနည်းလမ်းကတော့ ပြည်သူလူထု အများစုကြီး အားပေး ထောက်ခံသည့် နိုင်ငံရေးအဖွဲ့အစည်းများကို ထိတွေ့ဆက်ဆံ အားပေးခြင်းဖြစ်သည်ဟူသော အချက်ကိုလည်း တရုတ်အစိုးရ အလေးအနက် ထည့်သွင်းစဉ်းစားဖို့ လိုပါသည်။

ထိုသို့မဟုတ်ဘဲ ယခင်မူဝါဒအတိုင်း ကျိန်းသေရှုံးမည်ဖြစ်သော အာဏာသိမ်း စစ်ကောင်စီဟူသည့်မြင်းကို တရုတ်အစိုးရက လောင်ကြေးများ ပုံအော၍ ဆက်လောင်းမည်ဆိုပါက မြန်မာနိုင်ငံအတွင်းရှိ တရုတ်အစိုးရ၏ စီမံကိန်းများအပေါ် ကြီးမားသည့် အန္တရာယ်များ ကျရောက်နိုင်သည့်အလားအလာများ မိမိတို့ မြင်တွေ့နေရသည်။

မြန်မာပြည်သူတို့သည် ၎င်းတို့ကို အကြမ်းဖက်သတ်ဖြတ်နေသော စစ်ကောင်စီကို ခုခံတော်လှန် တိုက်ခိုက်နေသလို စစ်ကောင်စီကို ကူညီကာ လူမိုက်အားပေးလုပ်နေသည့် မည်သူ့ကိုမဆို တိုက်ခိုက်သွားရန် ဝန်လေးနေမည်မဟုတ်ပေ။

ထို့ကြောင့် တရုတ်အစိုးရအနေဖြင့် အချိန်မနှောင်းမီ ၅၄ သန်းကျော်သော မြန်မာပြည်သူတို့၏ သဘောထားနှင့် တောင်းဆိုချက်များကို အလေးအနက်ထားနားထောင်၍ မြန်မာနိုင်ငံအပေါ်ထားရှိသည့် မူဝါဒများကို ပြန်လည် သုံးသပ်ကာ စစ်ကောင်စီကို အားပေးကူညီခြင်းများ ရပ်တန့်ဖို့ လိုအပ်နေပြီဖြစ်သည်။

ပြည်သူလူထုကို အကြမ်းဖက်သတ်ဖြတ်နေသော မြန်မာစစ်ကောင်စီအပေါ်တွင် တည်ရှိနေသည့် “သန်းပေါင်း များစွာသောမြန်မာlပြည်သူလူထု၏အမျက်ဒေါသကို တရုတ်အစိုးရက ခွဲဝေမယူပါနှင့်”ဟု မိမိတို့ တိုက်တွန်း ရေးသားလိုက်ရပါသည်။