ဧရာဝတီတိုင်းမ်
အောက်တ်ိုဘာ ၂၀ ရက်

တနင်္သာရီတိုင်း၊ ပလောမြို့နယ်၊ ပလောက်မြို့၊ အမှတ်(၁၂) တန်းမြင့်လေ့ကျင့်ရေးကျောင်း (တတက-၁၂) တွင် ပြည်သူ့ စစ်မှုထမ်းသင်တန်းသားများ၏ စားနပ်ရိက္ခာများကို စစ်ကောင်စီ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ရဲကျော်ကျော်မှ အလွဲသုံးစားပြုလုပ်နေကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။

သင်တန်းသားများ၏ စားနပ်ရိက္ခာများကို ထ်ုသို့ အလွဲသုံးစားပြုလုပ်ခြင်းကြောင့် အမှတ်စဥ် (၆) ပြည်သူ့စစ်မှုထမ်းသတင်တန်းကို ပလောက်မြို့၊ တန်းမြင့်လေ့ကျင့်ရေးကျောင်း (တတက-၁၂) တွင် ဖွင့်လှစ်ခြင်းမပြုတော့ဘဲ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ရေတပ်သင်တန်းကျောင်းသို့ ပြောင်းရွှေ့ပြီး အောက်တိုဘာလ ၂၁ ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

“လုံခြုံရေးအကြောင်းပြပြီး မဖွင့်တာပါ။ အမှန်က သင်တန်းမှာ ကျောင်းအုပ်ကြီးက ရိက္ခာရောင်းစားတဲ့ ကိစ္စတွေကြောင့် သင်တန်းမဖွင့်တော့တာပါ။ အကြောင်းပြတာကတော့ လုံခြုံရေးအရ မဖွင့်တော့ ဘူးပေါ့။ ဆက်ဖွင့်ရင် မှီခိုအတွက်ဆန်ဝယ်စရာမလိုဘူးဆိုပြီး ဆန်ဝယ်ယူလိုမှု မရှိကြောင်း နိုဝင်ဘာလ အထိတင်ထားတယ်။ အထက်အရာရှိတွေကလည်း သူ့ကိုကာကွယ်ပေးထားကြတယ်” ဟု စစ်ကောင်စီ လက်အောက်ခံ အရာရှိစစ်သည်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

သင်တန်းကို နယ်မြေလုံခြုံရေးအရ နေရာပြောင်းလဲဖွင့်လှစ်ခြင်းဖြစ်သည်ဟု စစ်ကောင်စီတပ်၏ အထက်အရာရှိများ ဖုံးဖိ၍ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ရဲကျော်ကျော်ကို ကာကွယ်ပေးထားကြောင်း တပ်တွင်းသတင်းရင်းမြစ်၏ ပြောကြားချက်အရ သိရသည်။

ထိုသို့ ရိက္ခာများကို အလွဲသုံးစားပြုလုပ်မှုကြောင့် သင်တန်းပြောင်းရွှေ့ရသည်ဆိုလျင် ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ရဲကျော်ကျော်ကို အထက်အရာရှိများက အရေးယူရမည်ဖြစ်၍ ဖုံးဖိကာပြောဆိုခြင်း ဖြစ်ကြောင်း တပ်တွင်းသတင်းရင်းမြစ်ကဆိုသည်။

“ကြက်ဥနေ့စဥ်ကျွေးနိုင်အောင် ရိက္ခာစိုငွေထဲက သုံးစရာမလိုအောင် သီးခြားကိုကြက်ဥအတွက် ပေးထားတာ၊ ဒါလဲတစ်ပတ်မှ သုံးလုံးလောက်ပဲ သင်တန်းသားတွေကိုကျွေးတယ်။ အထက် တင်ပြတော့ ကြက်ဥစျေးက တစ်လုံး ၂၈၀ ကျပ် သင်တန်းက ၃၅၀ ပေးဝယ်ရတယ်။ အဲဒီလိုတွေ ကိုယ်ကျိုး အတွက်ပဲလုပ်နေလို့ သင်တန်းကို ကျွန်းစုမှာပြောင်းဖွင့်လိုက်တာ” ဟု အရာရှိစစ်သည်တစ်ဦးက ဆက်လက်ပြောသည်။

ထို့ပြင် ပလောက်မြို့ တတက-၁၂ တွင် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဥ် (၃) နှင့် (၄) တို့ကိုလည်း သင်တန်းမပေးဘဲ ရပ်နားခဲ့ရပြီး လက်ရှိတွင် အမှတ်စဥ် (၅) အဖြစ် ပြည်သူ့စစ်မှုထမ်းသင်တန်းသား ၃၇၁ ဦးကို စစ်သင်တန်းပေးနေပြီး လာမည့် နိုဝင်လ နောက်ဆုံးပတ်တွင် သင်တန်းပြီးဆုံးမည် ဖြစ်ကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။

ဓာတ်ပုံ-ပလောက် တန်းမြင့်လေ့ကျင့်ရေးကျောင်းမှ ပြည်သူ့စစ်မှုထမ်းများ

#ပြည်သူ့စစ်မှုထမ်းသင်တန်းသား #ရိက္ခာအလွဲသုံးစား #ပလောက်မြို့ #တတက၁၂ #သင်တန်းပြောင်းလဲဖွင့်လှစ် #Ayeyarwaddy_Times