
ဧရာဝတီတိုင်းမ်
(ရေး)၊ အောက်တိုဘာ ၁၉ ရက်
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရေး-သံဖြူဇရပ်ကားလမ်းပေါ်ရှိ စံပြကျေးရွာအနီးတွင် တပ်စွဲထားသည့် စစ်ကောင်စီအထိုင်စခန်းတစ်ခုကို ပြီးခဲ့သည့် အောက်တိုဘာ ၁၇ ရက်နေ့က တော်လှန်ရေး ပူးပေါင်း အဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့ရာ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ငါး ဦးသေဆုံးခဲ့ကြောင်း သိရသည်။
စစ်ကောင်စီ၏ အမှတ်(၁၉) စစ်ဆင်ရေးကွပါကဲမှုဌာနချုပ် လက်အောက်ခံ ခမရ-၅၈၈ တပ်ရင်း၏ ယာယီစခန်းကို တိုက်ခိုက်ရန်သွားစဉ် အဆိုပါစခန်းမှ ကင်းလှည့်လာသည့် တပ်ဖွဲ့ဝင်များနှင့် မျက်နှာချင်းဆိုင်တွေ့ကာ ထိတွေ့တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
နှစ်ဖက်ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ဗိုလ်ကြီးလှိုင်ဝင်းထွဋ် အပါအဝင် တပ်ဖွဲ့ဝင် ငါး ဦးသေဆုံးခဲ့ပြီး သုံး ဦးဒဏ်ရာရရှိခဲ့ကာ အဆိုပါ သေဆုံးဒဏ်ရာရ တပ်သားများကို လူနာတင်ယာဉ် လေး စီးဖြင့် ရေးမြို့ပြည်သူ့ဆေးရုံကြီးသို့ သယ်ဆောင်သွားကြောင်း ဒေါနစစ်ကြောင်းထံက သိရသည်။
“ယာယီစခန်းဆိုပေမယ့် လာထိုင်ထားတာ နှစ်ဝက်လောက်ရှိပါပြီ။ အင်းအား ၄၀ ကျော်ရှိတဲ့ ယာယီ စခန်းပါဗျ။ နောက်ဆက်တွဲအနေနဲ့က ရန်သူ(စစ်ကောင်စီ)ဘက်က အင်အားတွေ ထပ်တိုးချထားတယ်။ ကျွန်တော်တို့ဘက်ကလည်း နေရာစုံဖြန့်ကျက်ပြီးတော့ နှစ်ဖက်စစ်ရေး တင်းမာနေတဲ့ အခြေအနေ ဖြစ်ပါတယ်” ဟု ဒေါနစစ်ကြောင်း ပြန်ကြားရေးတာဝန်ခံ ရဲဘော်ယုယက ဧရာဝတီတိုင်းမ်ကို ပြောသည်။
တိုက်ပွဲအတွင်း ဒေါနစစ်ကြောင်း၊ စနိုက်ပါတပ်ဖွဲ့မှ ရဲဘော်တစ်ဦး နှင့် ရေးပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်မိုးကြိုး တို့ နှစ်ဦး ကျဆုံးခဲ့ရကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း စစ်ကောင်စီ ခမရ- ၁၀၆ တပ်ရင်းမှ ၈၁-မမ လက်နက်ကြီးဖြင့် လေး ကြိမ် လက်နက်ကြီးပစ်ကူပေးခဲ့ရာ သုံးလုံးမှာ စံပြကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံ နေအိမ်ပျက်စီးခဲ့ရကြောင်းလည်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနတပ်ရင်း တပ်ရင်းလုံခြုံရေးတပ်ခွဲ ၊ဒေါန တပ်ခွဲ(၃)ရေးပျောက်ကျားတပ် YGF တပ်ခွဲ၊ဗျူဟာ(၃၃) အထူးစစ်ဆင်ရေးတပ်ဖွဲ့၊ မွန်ပြည်တော်လှန် ရေးတပ်-MSRF၊ KNLA တပ်ရင်း-၂၇၊ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင် တိုက်ဖျက်ရေးအဖွဲ့ (NMSP-AD)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) တပ်ရင်း-၁၊YPDF တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြကြောင်းလည်း သိရသည်။
ဓာတ်ပုံ – ပေးပို့
#ရေး #တိုက်ပွဲ #စစ်ကောင်စီ #သေဆုံး #ယာယီစခန်း #PDF #KNLA #Ayeyarwaddy_Times