ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၇ ရက်

မိုးရာသီကုန်ဆုံးတော့မည်ဖြစ်ကာ အနောက်တောင်မုတ်သုံလေသည် မြစ်ဝကျွန်း‌ပေါ်ဒေသမှ ဆုတ်ခွာနေပြီး လာမည့်နှစ်ရက်အတွင်း ယင်းဒေသတွင် မိုးထစ်ချုန်းရွာမည်ဖြစ်ကြောင်း သိရသည်။

မြစ်ဝကျွန်းပေါ်ဒေသ ဧရာဝတီတိုင်းတွင် နေရာကွက်ကွက်ကြားမိုးထစ်ချုန်းရွာမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန(မိုး/ဇလ)က ယနေ့ အောက်တိုဘာ ၇ ရက်နေ့တွင် ထုတ်ပြန်သည်။

စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်တို့တွင် မိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီး ယင်းရွေ့လျားရာ နေရာ တစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ် ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းတို့လည်း ဖြစ်ပေါ်နိုင်ကြောင်းပါဝင်သည်။

စစ်ကိုင်းတိုင်း(အထက်ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင် နေရာအနှံ့အပြား၊ တနင်္သာရီတိုင်းနှင့် ရှမ်းပြည်နယ် (တောင်ပိုင်း)တို့တွင် နေရာစိပ်စိပ်၊ နေပြည်တော်၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းနှင့် ပြည်နယ်များတွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်ဖြစ်ကြောင်း မိုး/ဇလ က ဆိုထားသည်။

ထို့ပြင် ယခုနှစ် မုတ်သုံရာသီပြီးဆုံးချိန်တွင် ယမန်နှစ် ၂၀၂၃ ခုနှစ်ထက် တောင်တရုတ်ပင်လယ်ပြင်နှင့် ပစိဖိတ်သမုဒ္ဒရာအနောက်ပိုင်းတွင် တိုက်ဖွန်းမုန်တိုင်းနှင့်ဆက်စပ်သော လေပွေလှိုင်းများအာရှတိုက် ကိုဝင်ရောက်နိုင်သဖြင့် မိုးစပါးရိတ်သိမ်းချိန် အဖျက်မိုးရွာနိုင်ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ (NUG)၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန(MoHADM) က အောက်တိုဘာ ၇ ရက်မှ ၁၃ ရက်နေ့အထိ တစ်ပတ်စာထုတ်ပြန်သည်။

အနောက်တောင်မုတ်သုံလေသည် ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနှင့် မြန်မာနိုင်ငံမြစ်ဝ ကျွန်းပေါ်ဒေသများမှ အောက်တိုဘာလ ၇ ရက်နေ့တွင် ဆုတ်ခွာခဲ့ပြီဖြစ်ကြောင်း မိုး/ဇလ က ယနေ့တွင် ထုတ်ပြန်သည်။

#မြစ်ဝကျွန်းပေါ်ဒေသ #ဧရာ၀တီ #အနောက်တောင်လေဆုတ်ခွာ #လာမည့်၂ရက်အတွင်း #မိုးထစ်ချုန်းရွာမည် #Ayeyarwaddy_Times