ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၆ရက်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ရှိ ကင်းတောင်ရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် သေဆုံးသူဒေသခံ ခုနစ်ဦးအထိ ရှိလာကြောင်း သိရသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် အောက်တိုဘာ ၄ရက်နေ့က တောင်ကုတ်ရှိ ကင်းတောင်ကျေးရွာကို လူအများအိပ်မောကျချိန် နံနက် ၂နာရီတွင် ဗုံးကြဲချတိုက်ခိုက်သဖြင့် ဒေသခံ လေး ဦးသေဆုံးပြီး ခုနစ်ဦး ဒဏ်ရာ ရရှိခဲ့သည်။

ထို့အပြင် ညနေ ၄နာရီတွင်လည်း စစ်ကောင်စီက ထပ်မံ၍ လာရောက် ဗုံးကြဲခဲ့သည့်အတွက် အမျိုးသမီးငယ်တစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာ ရရှိခဲ့သည်။

ဒဏ်ရာရရှိသူများကို ဒေသခံများက တောင်ကုတ်ဆေးရုံသို့ ပို့၍ ဆေးကုသရာ အဆိုပါ ဒဏ်ရာရရှိသူထဲမှ နှစ် ဦးမှာ ထပ်မံသေဆုံးသွားကြောင်း ဒေသခံများထံက သိရသည်။

“ဆေးရုံတင်လိုက်တဲ့အထဲက နှစ်ယောက်သေတယ်။ မျက်နှာတွေပါသွားတဲ့သူတွေပဲဖြစ်မယ်။ ညနေ ဘက် ထပ်လာကြဲတာမှာ ခြေထောက်ပါသွားတဲ့သူရှိတယ်။ ဘယ်လို ရည်ရွယ်ပြီး ကြဲနေတာလည်း မသိရဘူး။ လူတွေသေကုန် ဒဏ်ရာရကုန်တယ်” ဟု တောင်ကုတ်ဒေသခံ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ကင်းတောင်ရွာကို တစ်နေ့တည်း နှစ်ကြိမ် ဗုံးကြဲချ တိုက် ခိုက်သည့်အတွက် ဒေသခံခုနစ်ဦး သေဆုံးပြီး ပြင်းထန်ဒဏ်ရာရရှိသူ ခြောက်ဦးကျော်ရှိကြောင်း သိရသည်။

ကျေးရွာအတွင်းရှိ နေအိမ်များလည်း ထိခိုက်ပျက်စီးကာ ဒေသခံအချို့မှာ စစ်ကောင်စီက ထပ်မံ၍ ဗုံးလာကြဲမည်ကို စိုးရိမ်၍ စစ်ရှောင်ရန်ပြင်ဆင်နေကြရကြောင်း သိရသည်။

ပုံစာ- အောက်တိုဘာ ၄ရက်နေ့က ဗုံးကြဲခံရ၍ ပျက်စီးသွားသည့် နေအိမ်အချို့

#တောင်ကုတ် #ကင်းတောင် #စစ်ကောင်စီ #ဗုံးကြဲ #လူထိခိုက်သေဆုံး #Ayeyarwaddy_Times