ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၃၀ ရက်
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင်အင်အား ၁၀၀ ကျော်ပါ စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၅၀ ကျော်သေဆုံးပြီး ၄၀ ဦးခန့်အရှင်ဖမ်းမိခဲ့ကြောင်း တော်လှန်ရေး တပ်ဖွဲ့ထံက သိရသည်။
ယနေ့ စက်တင်ဘာလ ၃၀ ရက် နေ့လယ် ၁၂ နာရီခန့်က ဘုတလင်မြို့မှ ကူတော်ရဲစခန်းသို့ စစ်ကူရောက်ရှိနေသည့် စစ်ကြောင်းသည် ဘုတလင်မြို့သို့စစ် ကြောင်းပြန်ထွက်ခွာချိန်တွင် တော်လှန်ရေးတပ်ဖွဲ့များ၏ ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်ကြောင်းတစ်ခုလုံး ပြုတ်သည်အထိ ဖြစ်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၂၀ ရက်နေ့က ကူတော်ရဲစခန်းနှင့် တပ်စခန်းများကို တော်လှန်ရေးတပ်များမှ တိုက်ခိုက်ရှင်းလင်းခဲ့သဖြင့် ဘုတလင်မှ စစ်ကောင်စီတပ်သည် ကူတော်သို့စစ်ကူရောက်ရှိလာပြီး တပတ်ကျော်အကြာတပ်စွဲ၍ ကျေးရွာများကို စစ်ကြောင်းထိုးဝင်ရောက်၍ မီးရှို့မှုများပြုလုပ်ခဲ့သည့် ယင်းစစ်ကြောင်းသည် အင်အား ၁၂၀ ကျော်ပါဝင်သည်ဟု သိရသည်။
“တော်လှန်ရေးတပ်တွေက ကူတော်ရဲစခန်းကို တိုက်တော့ နမခ-ဘုတလင်ကနေ စစ်ကူလာတာ အင်အား ၁၂၀ က။ ကူတော်က ဘေးရွာတွေထဲဝင်ပြီး ပစ္စည်းတွေခိုး၊ မီးရှို့၊ ရိက္ခာတွေယူတာ။ ဒီနေ့မှာ နမခ ဘုတလင်ကိုပြန်ထွက်ဖို့လုပ်တဲ့အချိန် ကြားဖြတ်စောင့်ပြီး တိုက်ခိုက်ကြတာ။ တိုက်ပွဲက နေ့ခင်း ထဲကဖြစ်တာ ၄ နာရီနီးပါးလောက်ကြာတယ်”ဟု ရေဦးမြို့နယ်အခြေစိုက် People’s Defense Comrade သတင်းပြန်ကြားရေးတာဝန်ခံက ဧရာဝတီတိုင်းမ်ကို ပြောသည်။
တော်လှန်ရေးတပ်ဖွဲ့များ ကြားဖြတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၅၀ နီးပါးသေဆုံးကာ ၄၀ ကျော်ကို အရှင်ဖမ်းဆီးရမိခဲ့ကာ အချို့မှာထွက်ပြေးသွားပြီး လက်နက်ခဲယမ်းအမြောက်အများ ကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
အဆိုပါစစ်ကြောင်းသည် ဘီလူးစစ်ကြောင်းဟု နာမည်ပေးထားပြီး ကျေးရွာများအတွင်း ဝင်ရောက် စီးနင်းကာ ပြည်သူများ၏ပစ္စည်းများကို ခိုးယူခြင်း၊ မီးရှို့ခြင်းများ ပြုလုပ်ကာ ဘုတလင်သို့ ပြန်ထွက်လာစဉ် တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီသည် ဂျက်ဖိုက်တာဖြင့် ၉ ကြိမ်ထက်မနည်း လာရောက်၍ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စက်လက်ဖြင့်ပါ ပစ်ခတ်ခဲ့ကြောင်း သိရသည်။
တိုက်ခိုက်မှုကို 96 Soliders PDF (အညာဒေသ) တပ် ဖွဲ့အပါအဝင် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၊ NUG ကာကွယ်ရေးဝန်းကြီးဌာန တပ်ရင်းတပ်ဖွဲ့များ၊ ပကဖများ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ- People’s Defence Comrade
#စစ်ကိုင်း #ဘုတလင် #ကူတော် #စစ်ကောင်စီစစ်ကြောင်း #တော်လှန်ရေးတပ်ဖွဲ့များ #ကြားဖြတ်တိုက်ခိုက် #Ayeyarwaddy_Times