
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၁၄ ရက်
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်ရဲ့ မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားဖျက် သိမ်းရေးနဲ့ပတ်သက်တဲ့ မကြာသေးမီက ပြောကြားခဲ့တဲ့ မှတ်ချက်စကားကို မြောက်ကိုရီးယား နိုင်ငံခြားရေးဝန် ကြီးဌာနက ရှုတ်ချလိုက်ပြီး သမာသမတ်နဲ့ မျှတမှုမရှိဘူးလို့ ပြောကြားလိုက်ပါတယ်။
ဂူတာရက်စ်က တောင်ကိုရီးယားသမ္မတ ယွန်ဆတ်ယိုနဲ့ တွေ့ဆုံချိန်မှာ မြောက်ကိုရီးယားနိုင်ငံကို နျူကလီးယားကင်းစင်တဲ့ နိုင်ငံဖြစ်အောင်ပြုလုပ်မယ့် ကြိုးပမ်းမှုတွေကို အပြည့်အဝ ထောက်ခံတယ်လို့ ပြောကြားပြီး နောက် မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းဌာနက ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါတယ်။
“သမာသမတ်မရှိ၊ မျှတမှုမရှိတဲ့အပြင် ကိုရီးယားကျွန်းဆွယ်အရေးနဲ့ပတ်သက်လို့ ကုလသမဂ္ဂပဋိဉာဉ်မှာ ဖော်ပြထားတဲ့ လုပ်ပိုင်ခွင့်အာဏာကိုကျော်လွန်တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်ရဲ့ မှတ်ချက်စကားအတွက် စိတ်မကောင်းဖြစ်မိပါတယ်” လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ကင်ဆွန်ဂျောင် က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။
ဂူတာရက်စ်အနေနဲ့ နိုင်ငံတကာ တာဝန်ရှိသူတစ်ဦးအနေနဲ့ ရာထူးအာဏာကို အခွင့်ကောင်းယူပြီး ယခုကဲ့သို့ မှတ်ချက်စကားကို မပြောကြားသင်ဘူးလို့ ကင်က ဆိုပါတယ်။
မြောက်ကိုရီးယားနိုင်ငံရဲ့ အလုံးစုံ နျူကလီးယားလက်နက်ဖျက်သိမ်းရေးဟာ မြောက်ကိုရီးယားနိုင်ငံရဲ့ အချုပ်အချာအာဏာနဲ့သက်ဆိုင်တယ်လို့ ၄င်းက ပြောပါတယ်။
ဂူတာရက်စ်အနေနဲ့ ကိုရီးယားကျွန်းဆွယ်၏ လက်ရှိအခြေအနေကို ကောင်းမွန်စွာ သိရှိခြင်းမရှိဘဲ အန္တရာယ်များသော မှတ်ချက်စကားပြောကြားမှုကို ရှောင်ရှားသင့်တယ်လို့ ၄င်းက ပြောပါတယ်။
မြောက်ကိုရီးယားနိုင်ငံက ယခုနှစ်အတွင်း ဒုံးကျည်များ စံချိန်တင် စမ်းသပ်ပစ်လွှတ်ခဲ့ပြီး နျူကလီးယား လက်နက်ဖျက်သိမ်းရေး ဆွေးနွေးမှုတွေ ရပ်တန့်နေစဉ် ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် နျူက လီးယားလက်နက် စမ်းသပ်ဖို့ ပြင်ဆင်နေတယ်လို့ တောင်ကိုရီးယားနဲ့ အမေရိကန် တာဝန်ရှိသူတွေက ပြောပါတယ်။
ကိုးကား – The Asahi Shimbun
Ref; N. Korea blasts U.N. chief over support for denuclearization