မင်းထက်မုန်း/ဧရာဝတီတိုင်းမ်

သြဂုတ်လ ၁၄ ရက်

လယ်သမား ကိုသာကျော် (အမညျလှဲှ) တယောက် လယ်ကန်သင်းကို ပေါက်တူးဖြင့်ပေါက်ရင်း ပေါင်းမြက်များကို ရှင်းနေသည်။ သူပုံစံက အလုပ်လုပ်နေသော်လည်း တက်ကြွမှုမရှိ။ မျက်နှာငြှိုးငယ်နေပြီး စိတ်ပျက်စွာဖြင့် အလုပ်လုပ်နေခြင်း ဖြစ်သည်။

ကျွန်တော်တို့က လုပ်စရာမရှိလို့သာ ဒီလယ်တွေကို စိုက်နေရတာ။ စိုက်ချင်စိတ်ကို မရှိတော့တာဟု ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်မှ လယ်သမား ကိုသာကျော်က စိတ်ပျက်စွာ ငြီးငြူပြောဆိုသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အရပ်သားအစိုးရ ခေါင်းဆောင်များကို ဖမ်းဆီးပြီး တိုင်းပြည်အာဏာကို သိမ်းယူခဲ့သည်။ စစ်တပ်အာဏာသိမ်းပြီးနောက်တွင် စစ်ကောင်စီ၏ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းနှင့် နိုင်ငံတကာ၏ စီးပွားရေးပိတ်ဆို့မှုများကြောင့် တိုင်းပြည်၏စီးပွားရေး တဟုန်ထိုးကျဆင်းခဲ့ပြီး ကုန်ဈေးနှုန်းများ တရိပ်ရိပ်မြင့်တက်လာခဲ့သည်။

ယခင်အရပ်သားအစိုးရလက်ထက်က ၂ သောင်းကျော်သာရှိသည့် ဓာတ်မြေသြဇာ ၁ အိတ်က ကိုသာကျော်တို့ တခါမှ မကြားဖူးသည့် ၁ အိတ်ကို ကျပ် ၁ သိန်းနီးပါးအထိ ဈေးတွေမြင့်တက်ကုန်သည်။ လယ်စိုက်ချိန်တွင် သုံးစွဲရသည့် ပေါင်းသတ်ဆေး၊ ပိုးသတ်ဆေး၊ မြက်သတ်ဆေးနှင့် ဒီဇယ်ဈေးနှုန်းတွေက ယခင်ထက် ၃ ဆ မြင့်တက်ကုန်သလို မျိုးစပါးဈေးတွေကလည်း ၂ ဆကျော် ဈေးတက်ကုန်သည်။

ထို့ကြောင့် လယ်သမားဦးရေ ၄ သန်းကျော်ရှိသည့် မြန်မာနိုင်ငံ၏စပါးကျီဟု တင်စားလေ့ရှိကြသော ဧရာဝတီတိုင်းမှ လယ်သမားအများအပြားသည် စစ်အာဏာသိမ်းမှုအကျိုးဆက်ကြောင့် ၎င်းတို့၏မိရိုးဖလာ စပါးစိုက်ပျိုးသည့် အသက်မွေးဝမ်းကြောင်းအလုပ်ကို ခက်ခဲကြပ်တည်းမှုပေါင်းများစွာဖြင့် လုပ်ကိုင်နေရသည်။

“အခုက ပျိုးပင်ဝယ်ဖို့တောင် စရိတ်မလောက်တော့ဘူး။ စပါးကလည်း အထွက်မကောင်းတော့ အကြွေးက မကျေ။ စိုက်ဘဏ်ကလည်း အကြွေးမကျေတော့ ငွေထုတ်မချေ။ အပြင်မှာလည်း အကြွေးတွေ ဝိုင်းနေတော့ ဘယ်သူမှလည်း ထပ်မချေးချင်ကြတော့ဘူးဟု အိမ်မဲမြို့နယ်မှ လယ်သမား ကိုသာကျော်က စိတ်ပျက်စွာ ပြောဆိုသည်။

စစ်တပ်အာဏာမသိမ်းခင် အရပ်သားအစိုးရလက်ထက်မှာ လယ်ယာလုပ်ငန်း ခွင်တွင် အသုံးပြုရသည့် ဒီဇယ်တဂါလံကို ၂၅၀၀ နဲ့ ၃၀၀၀ ကြားကနေ စစ်အာဏာသိမ်းပြီးနောင်ပိုင်း တဂါလံလျှင် ကျပ် ၁ သောင်းကျော်အထိ လယ်သမားတွေ ဈေးကြီးပေးဝယ် သုံးနေရသည်။

ပေပါဈေးနှုန်းဆိုလျှင် ဂါလံ ၅၀ ပါသည့် ဒီဇယ် ၁ ပေပါလျှင် ယခင်က ၁ သိန်း ၂ သောင်းမှ ၁ သိန်း ၅ သောင်း ဝန်းကျင်ဈေးနှုန်းမှ စစ်အာဏာသိမ်းပြီးနောက် ဆီ ၁ ပေပါ ၅ သိန်းအထိ ဈေးတွေ မြောက်တက်ကုန်သည်။ စပါး အထွက်ကောင်းရန် လယ်ထဲသို့ကြဲပက်ရသည့် ဓာတ်မြေသြဇာ ယူရီးယား (လယ်သမားအခေါ် ဆေးအိတ်အဖြူ)၊ တီစူပါ (လယ်သမားအခေါ် ဆေးအိတ်အနက်) ဈေးနှုန်းများသည်လည်း အာဏာသိမ်း စစ်တပ်ကြောင့် ၁ အိတ်ကို ၂ သောင်း ၅ ထောင်ကနေ ၉ သောင်းကျော်အထိ ဈေးနှုန်း ၃ ဆကျော် ဖြစ်ကုန်သည်။

ဒါ့ပြင် တဖက်မှာလည်း ကောက်စိုက်၊ ပျိုးနှုတ်သည့် လယ်ယာလုပ်သားရှားပါးသည့်ပြသနာ၊ စိုက်ပျိုးရိတ်သိမ်း စရိတ်များ ယခင်ထက် ၂ ဆ ပိုမိုကုန်ကျနေသည့်ပြဿနာများက ဧရာဝတီတိုင်းမှ လယ်သမားများကို ခေါင်းကိုက်စေခဲ့သည်။

ဓာတ်မြေသြဇာများ မသုံးနိုင်သဖြင့် ဧရာဝတီတိုင်းမှ ဧကသန်းနှင့်ချီသော လယ်ယာမြေများမှာ စပါးအထွက်နှုန်းများ ကျဆင်းကုန်သည်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဝယ်လိုအားများသဖြင့် စပါးဈေးကောင်းသော်လည်း စပါးအထွက်နှုန်းကျသဖြင့် လယ်သမားများ တွက်ချေမကိုက်ဘဲ အရှုံးပေါ်ကြသည်။ ထို့ကြောင့် စစ်အာဏာသိမ်းမှုအကျိုးဆက်အရ ကုန်ပစ္စည်းဈေးနှုန်းများ မြင့်တက်ခြင်းက အရေအတွက် သန်းနှင့်ချီသော လယ်သမားများကို အကြွေးနွံနစ်ခြင်းနှင့် ဆင်းရဲမွဲတေခြင်း ချောက်ထဲသို့ တွန်းချခဲ့သည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ လယ်သမားမတွေဘဝက တဆင့်ပိုနိမ့်ကျသွားတယ်ပြောလို့ ရတယ်။ ဘာလို့လဲဆိုတော့ သွင်းအားစုအားလုံးက အခုဆို ၃ ဆကျော်လောက်တက်သွားပြီး လယ်သမား အများစုက ဝယ်မသုံးနိုင်တော့ဘူး။ အဲ့တော့ ထည့်ရမယ့် ဓါတ်မြေဩဇာ မထည့်နိုင်တော့ အထွက်နှုန်းကကျ၊ ထွက်နှုန်းမကောင်းတော့ စပါးဈေးကောင်းလည်း အရှုံးပေါ်၊ အရှုံးပေါ်တော့ စိုက်ဘဏ်ချေးငွေ ပြန်မဆပ် နိုင်တော့ဘူး။ မဆပ်နိုင်တော့ ဒီနှစ်စပါးစိုက်ဖို့ အခက်အခဲတွေရှိလာတာပေါ့ဟု ဧရာဝတီတိုင်းမှ လယ်သမားအရေး ကူညီ ပေးနေသူတဦးက ရှင်းပြသည်။

ဧရာဝတီတိုင်း၌ မိုးစပါးစိုက်ဧက ၃ ဒသမ ၆ သန်းကျော်ရှိပြီး နွေစပါးစိုက်ဧက ၁ ဒသမ ၃ သန်းကျော်ရှိသည်။ အဆိုပါ လယ်ယာမြေအများစု၌ ၂၀၁၂ ခုနှစ်နောက်ပိုင်း စက်ပစ္စည်းများဖြင့် လယ်သမားများ ထွန်ယက်စိုက်ပျိုး နေကြပြီး ရိတ်သိမ်းခြွေလှေ့ခြင်းကိုလည်း စက်ကြီးများဖြင့်သာ ပြုလုပ်ခဲ့ကြသည်။

ယခင်က အဓိကအသုံးပြုခဲ့သည့် ကျွဲနွားများမှာ တရုတ်ပြည်သို့ တင်ပို့ရောင်းချသဖြင့် ဧရာဝတီတိုင်းမှာက ကျွဲနွားဖြင့် ထွန်ယက်စိုက်ပျိုးမှုက အရေအတွက် အလွန်နည်းပါးသွားပြီဖြစ်သည်။ စစ်အာဏာသိမ်းပြီးနောက် ဒေါ်လာဈေးတက်ခြင်းကြောင့် ဓာတ်မြေသြဇာနှင့် စိုက်ပျိုးရေးဆေးတွေ ဈေးတက်ခြင်း၊ ဒီဇယ်ဈေးတက်ခြင်း ကြောင့် စိုက်ပျိုးထွန်ယက်ခ၊ ရိတ်သိမ်းခြွေလှေ့ခတွေ ဈေးခုန်တက်ခြင်းတို့ကြောင့် လယ်သမားအများစုမှာ စိုက်ပျိုးဧက လျော့ချခြင်းနှင့် ကိုယ်တိုင်မစိုက်ဘဲ သီးစားချခြင်းများ ပြုလုပ်ကုန်ကြသည်။

ကျွန်တော်တို့က မိဘစဉ်ဆက် လယ်သမားလုပ်ခဲ့တာ။ ကျွန်တော်လယ်စိုက်တာတောင် နှစ် ၃၀ ရှိပြီ။ အခုက အကြွေးတွေအရမ်းများလို့ လယ် ၁၀ ဧကရှိတာ ၅ ဧကရောင်းပြီး အကြွေးဆပ်လိုက်တယ်။ ကျန်တဲ့ ၅ ဧကကို စိုက်ဖို့ကလည်း စရိတ်မရှိလို့ သီးစားချလိုက်တယ်။ အဲတော့ ဒီနှစ်တော့ လယ်မစိုက်ဘဲ ကိုယ့်အိမ်ဝိုင်းထဲမှာ အသီးအနှံလေးတွေပဲ စိုက်နေဖြစ်တယ်ဟု အိမ်မဲမြို့နယ်မှ လယ်သမားကြီး ကိုသာကျော်က ပြောဆိုသည်။

သူ့လိုမျိုး လူအများစု ကိုသာကျော်နေထိုင်တဲ့ ရွာနဲ့ နီးစပ်သည့် ရွာတွေမှာ ရာနှင့်ချီရှိပြီး တမြို့လုံးဆိုရင် ထောင်နှင့်ချီရှိနိုင်သည့်အတွက် ဒီနှစ်စပါးစိုက်ချိန်မှာ စပါးထွက်နှုန်း သိသိသာသာလျော့ကျနိုင်သည့်ဟု သူက ဆိုသည်။

ဒီနှစ်မိုးစပါးမှာ ဧရာဝတီတိုင်းက လယ်သမားတွေ စိုက်ခင်းစိုက်တာ နည်းတယ်။ ကြဲခင်းများတယ်။ ဖြစ်သလို စိုက်မယ်၊ ထွက်ချင်သလောက် ထွက်ဆိုတဲ့လူတွေများတယ်။ ဘာလို့ဆိုတော့ စိုက်ပျိုးစရိတ်ကကြီး၊ အကြွေးက ပတ်လည်ဝိုင်းနေကြလို့။ တချို့တွေကျ လယ်တွေအကုန်မစိုက်ဘဲ ချန်တာရှိသလို တချို့ကျလည်း မစိုက်တော့ဘဲ သီးစားချပစ်တာတွေရှိတယ်။ အဲတော့ စပါးအထွက်နှုန်းတွေက တတိုင်းလုံးအတိုင်းအတာနဲ့ လျော့ဖို့က အသေအချာပဲ။ လယ်သမားတွေ စပါးစိုက်ဖို့ ကြောက်နေကြပြီဟု ရေကြည်မြို့နယ်မှ လယ်သမားတစ်ဦးက ရှင်းပြသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း သွင်းအားစုဈေးနှုန်းများ ၃ ဆကျော်မြင့်တက်လာခြင်းသည် လယ်သမားများ ဘဝကို အောက်ဆုံးအခြေအနေထိ တွန်းပို့ခဲ့ခြင်းဖြစ်သည်ဟု သူကဆိုသည်။

လယ်သမားများသည် ယခင်အရပ်သားအစိုးရလက်ထက်က အတိုးနှုန်းနည်းပါးသည့် စိုက်ပျိုးရေးဘဏ်မှ လယ်

စစ်တပ်အာဏာသိမ်းသည့်နောက်ပိုင်း စီးပွားရေးအကြပ်အတည်းများကြောင့် စိုက်ဘဏ်ချေးငွေ မဆပ်နိုင်သည့် လယ်သမား ပိုမိုများပြားလာခဲ့ပြီး လယ်စိုက်ပျိုးရန် ပြင်ပရှိ ငွေတိုးပေးသူများ၊ ဆန်စက်ပိုင်ရှင်များထံမှ အတိုးကြီးဖြင့် ချေးယူကာ လယ်စိုက်ရခြင်းကလည်း လယ်သမားများကို ဆင်းရဲတွင်း ပိုနက်စေခဲ့သည်။

အဲ့လိုမျိုး ချေးငွေတွေ မဆပ်နိုင်လို့ ဘဏ်ချေးငွေမရတာတွေ ဘဏ်ချေးငွေအတိုးနဲ့ယူပြီး ချေးငွေရတော့ ပြန်ဆပ်လိုက်ရတဲ့သူတွေက စိုက်ပျိုးစရိတ်မရှိတော့ဘူး အဲ့တော့ မစိုက်တဲ့သူလည်းများလာမယ် စိုက်ရင် တော့ ဧကအပြည့်မစိုက်နိုင်တော့တာမျိုးတွေရှိတယ်ဟု ဧရာဝတီတိုင်းမှ လယ်သမားအရေးဆောင်ရွက်သူတစ်ဦးက ပြောဆိုသည်။

ဧရာဝတီတိုင်း၌ မိုးစပါးစိုက်ဧက ၃ ဒဿမ ၆ သန်းရှိသည့် အနက် လက်ရှိဖြစ်ပေါ်နေသောအကြပ်အတည်း များကြောင့် ယခုနှစ်မိုးရာသီတွင် လယ်စိုက်ဧက ၃၀ ရာခိုင်နှုန်းခန့်အထိ လျော့ကျနိုင်ဖွယ်ရှိကြောင်း သူက ခန့်မှန်းပြောဆိုသည်။

လက်ရှိ ဓာတ်မြေသြဇာ၊ ဒီဇယ်ဆီနှင့် စိုက်ပျိုးရေးဆေးအပါအဝင် သွင်းအားစုဈေးနှုန်းများ ၃ ဆမြင့်တက် နေသည့်ပြဿနာများကို စစ်ကောင်စီအနေဖြင့် မဖြေရှင်းနိုင်ပါက ရေရှည်တွင် စားနပ်ရိက္ခာ ဖူလုံမှုမရှိတော့ဘဲ အငတ်ဘေးဆိုက်နိုင်သည့်အခြေအနေအထိ ရောက်ရှိသွားနိုင်ကြောင်း အမျိုးသားမြေယာဥပဒေကြမ်း ရေးဆွဲရေးနှင့် ဥပဒေများသဟဇတဖြစ်ရေး (ဗဟို) လုပ်ငန်းကော်မတီဝင်ဟောင်းတဦးက ပြောသည်။

လက်ရှိ လယ်သမားတွေ ရင်ဆိုင်နေရတဲ့ အကြပ်အတည်းအခက်အခဲက အရမ်းကို ကြီးမားပါတယ်။ သူတို့က လယ်စိုက်တာနဲ့ အသက်မွေးနေရချိန်မှာ သွင်းအားစုဈေးတွေ ၃ ဆလောက် မြင့်တက်ကုန်တဲ့အခါ သူတို့ လယ်စိုက်ဖို့ ကြောက်ကုန်ကြပြီ။ ဒီပြဿနာကို ဖြေရှင်းဖို့ စစ်ကောင်စီမှာ အဓိကတာဝန်ရှိတယ်။ ဒီပုံအတိုင်း ဆက်သွားရင် လယ်သမားတွေ စပါးမစိုက်ကြတော့ရင် ရေရှည်မှာ စားနပ်ရိက္ခာ ပြတ်လပ်တာတွေနဲ့ အငတ်ဘေး ဆိုက်တာအထိ ဖြစ်နိုင်တယ်ဟု သူက ဆိုသည်။

လယ်သမားများ စီးပွားရေးခက်ခဲကြပ်တည်းခြင်းနောက်ဆက်တွဲအဖြစ် စားနပ်ရိက္ခာဖူလုံရေး ထိခိုက်နိုင်သလို လယ်သမားတို့၏ လယ်ယာမြေများမှာ ငွေတိုးပေးသူနှင့် ဆန်စက်ပိုင်ရှင်များကဲ့သို့ အလယ်အလတ်တန်းစား စီးပွားရေးသမားများထံ လက်လွှတ်ဆုံးရှုံးရမည့်အခြေအနေများ ဖြစ်လာနိုင်သည်ဟု လယ်ယာမြေအရေး ကျွမ်းကျင်သူများက သုံးသပ်ပြောဆိုကြသည်။

နောက် ၁ နှစ်၊ ၂ နှစ်မဟုတ်ဘူး၊ ဒီနွတေင်ဖြစ်မှာ။ လယ်သမားတွေက ထုတ်လုပ်တဲ့ ဆန်စပါးနဲ့ စားဖို့ သောက်ဖို့ မလုံလောက်တော့ တချို့က အဖြစ်ပဲစိုက်ကြတယ်။ ဒုတိယအချက်က စိုက်တဲ့စရိတ်နဲ့ ပြန်ရတာ မကာမိတော့ အကြွေးတင်တယ်။ အကြွေးတင်တော့ ရိက္ခာထုတ်လုပ်မှုတွေ လျော့ကျမယ့်အပြင်ကို နောက်ဆက်တွဲ မြေယာတွေကို လယ်သမားတွေ လက်ထဲမရှိတော့ပဲ စီးပွားရေးလုပ်တဲ့သူနဲ့ ငွေတိုးချေးနိုင် တဲ့သူတွေဆီ ရောက်သွားနိုင်တယ်။ တကယ်စိုက်ပျိုးထုတ်လုပ်သူလက်ထဲမှာ လယ်ယာမြေမရှိတော့တာ၊ လယ်သမား လူတန်းစား ပပျောက်သွားမယ်ဆိုရင် တိုင်းပြည်အတွက် အင်မတန်အန္တရာယ်များတယ်ဟု ဗဟိုမြေယာကော်မတီဝင်ဟောင်းက ပြောဆိုသည်။

လယ်သမားများအနေဖြင့် ယခုအကြပ်အတည်းမှ ဖောက်ထွက်ရန်အတွက် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ကုန်ကျစရိတ်နည်းပါးသော သဘာဝမြေဩဇာများအသုံးပြုပြီး စိုက်ပျိုးနိုင်အောင် ကြိုးစားဖို့လိုအပ်သည့်ဟု သူက အကြံပေးပြောဆိုသည်။

ဧရာဝတီတိုင်းမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လယ်သမားများ စပါးစိုက်ပျိုးနိုင်မှု သိသိသာသာကျဆင်းခဲ့သော်လည်း အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇူလိုင်လ ၆ ရက်နေ့က ပုသိမ်မြို့ကိုလာရောက်စဉ် တိုင်းဝန်ကြီးချုပ် ဦးတင်မောင်ဝင်းကို စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်မှုတွေနှင့်ပတ်သက်ပြီး ချီးကျူးခဲ့သည်ဟု နိုင်ငံ ပိုင်သတင်းစာများတွင်ဖော်ပြထားသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ လကျော်လောက်အကြာကစတင်ပြီး စစ်အာဏာရှင်လက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းတွေက ကျေးရွာတွေထိ ဆင်းပြီး စိုက်ဘဏ်ကအတိုးတွေကို ပြန်ဆပ်ဖို့ တိုက်တွန်းမှု တွေရှိခဲ့သလို စိုက်ဘဏ်ချေးငွေပြန်မဆပ်ရင် နောက်ချေးငွေထုတ်ပေးမှာမဟုတ်ကြောင်းလည်း ပြောဆို ခြိမ်းခြောက်မှုများရှိခဲ့သည်ဟု ကိုသာကျော်က လွန်ခဲ့တဲ့ ၁ နှစ်လောက်က သူရင်ဆိုင်ခဲ့ရသည့် ပြသနာ များကို ပြန်ပြောဆိုသည်။

စစ်တပ်အာဏာသိမ်းပြီး ၁ နှစ်ကျော်အကြာတွင် စိုက်ပျိုးရေးဦးစီးဌာနက ဝန်ထမ်းများမှ ကျေးရွာများသို့ ကွင်းဆင်းကာ မျိုးစပါးအကြောင်း၊ ပုလဲဓါတ်မြေဩဇာသုံးနည်းအကြောင်းနှင့် ထွက်နှုန်းတိုးအောင် စိုက် ပျိုမည်နည်းလမ်းများအား လာရောက်သင်ကြားပေးမှုများရှိခဲ့ပေမယ့် လယ်သမားများအဓိက အခက်အခဲဖြစ်နေသည့် သွင်းအားစုများ ဈေးကြီးမှုနှင့် လိုအပ်သည့် စိုက်ပျိုးစရိတ်ချေးငွေကိစ္စများ ဖြေရှင်းဆောင်ရွက်ပေးမှုမရှိကြောင်း လယ်သမားများက ပြောသည်။

အမှန်တကယ်က လယ်သမား ဘဝက အဆင်ပြေတယ်ဆိုတာ ကြားကောင်းအောင် ပြောတာပဲ ရှိတော့တယ်။ ထမင်းစားဖို့တောင် နပ်မှန်အောင် အတော်ကြိုးစားနေရတယ်။ အဲ့အချိန်မှာ ကိုဗစ်ကာလက ထုတ်ပေးထားတဲ့ ပိုက်ဆံ ပြန်မဆပ်လို့ဆိုပြီး စိုက်ဘဏ်က ချေးငွေထပ်မပေးဘူး။ ဒီဘက်မှာလည်း သွင်းအားစုတွေကလည်း ၃ ဆလောက်မြင့်လာတော့ ဘာမှလုပ်လို့မရတော့ဘူး။ အဲ့တော့ ကိုယ့်မိသားစု စားဖို့အတွက် ရိက္ခာရယုံလောက်ပဲ စိုက်နိုင်တော့တယ်။ ဧကအပြည့်အရင်ကလို မစိုက်နိုင်တော့ဘူးဟု မြောင်းမြမြို့နယ်ထဲက လယ်သမားတဦးက ပြောသည်။

တိုင်းပြည်အာဏာကို လက်နက်အားကိုးဖြင့် စစ်တပ်က သိမ်းယူပြီးနောက်ပိုင်း မြန်မာနိုင်ငံ၏ စပါးကျီဟု တင်စားခေါ်ဝေါ်သည့် ဧရာဝတီတိုင်းမှ လယ်သမား သန်းနှင့်ချီ၍ ကြီးမားသည့်အကြပ်အတည်းများ ကြုံတွေ့နေရပြီး လယ်ယာမြေကို စွန့်ခွာကာ ပြည်ပသို့ထွက်ခွာ၍ အလုပ်လုပ်သူလယ်သမား တစထက်တစ များပြားလာနေသည်။

သေချာသည့်အချက်မှာ စစ်တပ်အာဏာသိမ်းမှုကြောင့် မြန်မာ့စပါးကျီ အသက်ငင်နေပြီဟု လယ်ယာမြေအရေး ကျွမ်းကျင်သူများက သတိပေးပြောဆိုနေကြသည်။