
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၁၄ ရက်
မြန်မာတနိုင်ငံလုံးသို့ အဓိက စက်သုံးဆီဖြန့်ဖြူးပေးရသော ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းတွင် ဆီထုတ်ရခက်ခဲနေသဖြင့် တဆင့်ခံရောင်းချသည့် ဆီဆိုင်များမှ ဆီဘောက်ဆာကားများ တန်းစီစောင့်ဆိုင်းနေရကြောင်း သတင်းရရှိသည်။
ဒေါ်လာဈေးနှုန်း အလွန်အမင်း ထိုးတက်သွားခြင်း၊ ဒေါ်လာဝယ်ယူရန် ခက်ခဲနေခြင်းများကြောင့် နိုင်ငံခြားမှ ဆီတင်သွားကြသော လုပ်ငန်းတချို့ ရပ်ဆိုင်းနေကြသဖြင့် လက်ကျန်ဆီများကိုသာ အမှီပြု ရောင်းချဖြန့်ဖြူးနေရကြောင်း မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချသူများအသင်းမှ လုပ်ငန်းရှင် တဦးက ဧရာဝတီတိုင်းမ်သို့ ပြောသည်။
‘‘ဆီအဝင်ရပ်နေတယ်။ အဲ့ဒီအတွက် သီလဝါမှ ဆီထုတ်ရတာကိုက တန်းစီနေပြီး Inporetr ဆိုင်တွေကလည်း ဖြန့်ပေးရတာမှာ လက်ကျန်အခြေအနေကို ချိန်ဆပြီး ဖြန့်ပေးနေရတယ်။ အဓိက ကျနော်တို့ ဆီသွင်းတဲ့အခါ ငွေချေဖို့ ဒေါ်လာရှာရအခက်အခဲဖြစ်တာလည်းပါတယ်။ နောက်တချက်က ကျနော်တို့ ဒေါ်လာကို အပြင်က ဈေးအမြင့်နဲ့ဝယ်ပြီး သွင်းတယ်။ ဒါပေမယ့် ကျနော်တို့ သွင်းလာသမျှကို စစ်ကောင်စီဘက်က စာရင်းနဲ့တကွယူပြီး သူတို့သတ်မှတ်ခိုင်းတဲ့ ဈေးနဲ့ ဖြန့်ရတော့ အဲ့ဒီမှာ ကျနော်တို့တခါ နာတယ်။ ဖြန့်လို့ရတဲ့ငွေတွေက မြန်မာငွေတွေ။ အဲ့ဒီတော့ ဆီသွင်းဖို့ ဒေါ်လာပြန်ဝယ်တော့လည်း အတက်ဈေးနဲ့ဆိုတော့ ကျနော်တို့မှာ အနာကြီးပဲ။ စစ်ကောင်စီက ဒေါ်လာလည်း ထုတ်မပေးဘူး။ အဲ့ဒီတော့ ကျနော်တို့လုပ်ငန်းရပ်လိုက်ဖို့ပဲ ကျန်တော့တယ်’’ ဟု သူက ဆိုသည်။
နိုင်ငံခြားမှ စက်သုံးဆီတင်သွင်းမှု ရပ်တန့်နေသည်ဟု လုပ်ငန်းရှင်တချို့က ပြောဆိုသော်လည်း ဧရာဝတီတိုင်းမ်အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။ ယင်းသတင်းကို အတည်ပြုနိုင်ဖို့ ဆက်လက်ကြိုးပမ်းနေဆဲ ဖြစ်သည်။
သို့သော်လည်း အာဏာသိမ်းစစ်တပ်မှ စက်သုံးဆီပြတ်လပ်မှု သတင်းများ ထွက်ပေါ်နေသည်ကို သတင်းအမှားဟု ဆိုပြီး ဆီများမပြတ်လပ်စေရေးကို စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး ကော်မတီ PPRD က ကြီးကြပ်ပေးနေကြောင်း၊ တချို့စက်သုံးဆီဆိုင်များက ဆီဈေးနှုန်း အပြောင်းအလဲ ရှိမည်ဟုယူဆပြီး ရောင်းချနေမှုကို ရပ်တန့်ခြင်း၊ ကန့်သတ်ခြင်းများ ဆောင်ရွက်နေကြောင်း သြဂုတ်လ ၁၃ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
ထိုကဲ့သို့ ဆောင်ရွက်နေသော စက်သုံးဆီဆိုင်များကို တိုင်းနှင့်ပြည်နယ်အလိုက် သတင်းအမှား၊ ပြည်သူများ စိုးရိမ်မှု မဖြစ်စေအောင် ကြီးကြပ်ဆောင်ရွက်မည်ဖြစ်ပြီး ထိုကဲ့သို့ ရောင်းချမှုရပ်တန့်နေသော၊ အကန့်အသတ်ဖြင့်ရောင်းချနေသော ဆီဆိုင်များကို အရေးယူမည်ဟု PPRD က ကြေညာထားသည်။
‘‘ကျနော်တို့ ဆီလုပ်ငန်းကို ရပ်တန့်လိုက်တာကမှ ကောင်းတော့မယ်။ တခြားစီးပွားရေးပဲ ပြောင်းလုပ်ရတော့မယ့် ပုံစံပဲ။ ဒီလိုင်စင်တွေ ဖျက်သိမ်းဖို့ပဲရှိတော့တယ်။ အောက်ခြေမှာ ဘာတွေဖြစ်ပျက်နေလဲဆိုတာကို စစ်ကောင်စီ လုံးဝမသိဘူး။ သူတို့ရဲ့ စီမံခန့်ခွဲမှုအမှားတွေကြောင့် အခုလို ကမောက်ကမ ဖြစ်နေတာကို မမြင်ပဲ ကျနော်တို့ကို တရစ်ပြီးတရစ် တင်းကျပ်ဖို့ပဲ လုပ်နေတယ်။ ဆီလုပ်ငန်းလုပ်ရတာ တော်တော်လေး စိတ်ပျက်နေပြီ။ ဒီအတိုင်းသွားရင် မကြာပါဘူး။ ကျနော်တို့နိုင်ငံ ဆီပြတ်လပ်မှု ဖြစ်ကိုဖြစ်မယ်။ သူတို့က ရုရှားကဆီသွင်းဖို့ ကြိုးစားနေတယ်ဆိုပေမယ့် အဲ့ဒီကနေ သွင်းလို့မယ့် ဆီသင်္ဘောဆိုက်နိုင်တဲ့ ဆိပ်ကမ်းက မရှိသေးဘူး။ အဲ့ဒါကို ဆောက်ဖို့ဆိုတာ နေ့ချင်းညချင်း လုပ်လို့ရတာမဟုတ်ဘူး’’ဟု မန္တလေးတိုင်းအတွင်းရှိ စက်သုံးဆီလုပ်ငန်းရှင်တဦးက ပြောသည်။
သီလဝါဆိပ်ကမ်းတွင် ယခင်က နိုင်ငံတော်အရန်ဆီအဖြစ် စက်သုံးဆီဂါလံ ၅ သိန်းအထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက်က သိုလှောင်ထားနိုင်ပြီး မကွေးတိုင်းရှိ မန်းသံပရာကန် စက်ရုံမှလည်း တရက်လျှင် ဆီဂါလံ ၃ သောင်းကျော်အထိ ထုတ်လုပ်နိုင်ခဲ့သည်။
သို့သော် အာဏာသိမ်း စစ်တပ်လက်ထက်တွင် မန်းသံပရာကန် စက်ရုံသည် လေယာဉ်ဆီနှင့် ဒီဇယ်များကိုသာ အဓိက ထုတ်လုပ်နေပြီး လက်ရှိ တိုင်းနှင့်ပြည်နယ်များတွင် ဖြစ်ပွားနေသော ပြည်တွင်းစစ်များတွင် ၎င်းတို့က အဓိက အသုံးပြုနေကြောင်း မန်းသံပရာကန်ရှိ မြန်မာ့ရေနံလုပ်ငန်း MPE နှင့် နီးစပ်သူတဦးက ဧရာဝတီတိုင်းမ်သို့ ပြောသည်။
‘‘အခုအရန်ဆီတွေလည်း တော်တော်လေး ထုတ်ပြီး အသုံးပြုနေရတယ်။ ပြည်သူအသုံးများတဲ့ဆီက မန်းသံပရာကန်က ဆီမဟုတ်တော့ဘူး။ စစ်တပ်သုံးအတွက်လို သီးသန့်ဖြစ်နေသလိုပဲ။ နိုင်ငံခြားက တင်သွင်းတဲ့ဆီတွေကိုပဲ ပြန်သူတွေဆီ အဓိက ဖြန့်ဖြူးပေးနေရတယ်’’ ဟု သူက ဆိုသည်။
လက်ရှိတွင် လက်ကျန်ဆီ နည်းပါးနေမှုကြောင့် တိုင်းနှင့်ပြည်နယ်အနှံ့ စက်သုံးဆီဆိုင်များတွင် ဆီကို အကန့်အသတ်ဖြင့်သာ ရောင်းချခြင်း၊ ဆိုင်များရောင်းချမှု ရပ်ဆိုင်းထားခြင်းများ ဖြစ်ပေါ်နေကြောင်း စက်သုံးဆီ လုပ်ငန်းရှင်များထံမှ သိရသည်။