နွေဦးမောင်/ဧရာဝတီတိုင်းမ်
(ဟိုင်းကြီးကျွန်း)၊ သြဂုတ်လ ၁၄ ရက်

ဧရာ၀တီတိုင်း၊ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့မှာ သြဂုတ်လ ၉ ရက်နေ့ မနက် ၅ နာရီအချိန်က KTV ကပြန်လာတဲ့ အရက်မူးနေသည့် စစ်ကောင်စီတပ်အရာရှိတစ်ဦးက လမ်းဘေးအိပ်နေတဲ့ ခွေးတစ်ကောင်ကိုသေနတ်နဲ့ပစ်ခတ်ခဲ့​ကြောင်း ဒေသခံများထံမှ သိရသည်။

” ၉ ရက်နေ့မနက်က အစောကြီး သေနတ်သံကြားလိုက်ရတယ်။ နောက်ပြီးမှသိတာ။ စစ်ကောင်စီတပ်က အရာရှိတစ်ကောင်က လမ်းဘေးအိပ်နေတဲ့ခွေးကို သေနတ်နဲ့ပစ်တာ။ ခွေးကထွက်ပြေးလွတ်မြောက်သွားတယ်” ဟု မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

သေနတ်ပစ်ခတ်ခဲ့သည့် စစ်ကောင်စီတပ်က အရာရှိမှာ “ကြယ်ညွှန်ရာသစ္စာ” ဆိုသည့် ဝါဒဖြန့် ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့များနှင့် KTV သို့သွားရောက်ပျော်ပါးပြီးနောက် ပြန်လာသူဖြစ်ကြောင်း သိရသည်။

” သေနတ်သံကြားလည်းပြီးရော PDF တွေပစ်တာအထင်နဲ့ စစ်တပ်ကဆင်းလာကြတာ။ လက်နက်အပြည့်အစုံနဲ့။ အမှတ်(၁)၊(၂)နဲ့ (၃) ရပ်ကွက်တွေမှာ ပိတ်ပြီးရှာဖွေတာတွေလုပ်ကြတယ်။ ဒေသခံ နှစ်ယောက်လည်းအဖမ်းခံရတယ်လို့ကြားတယ်” ဟု ဟိုင်းကြီးကျွန်းမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယင်းကဲ့သို့ သေနတ်ပစ်ခတ်သံထွက်ပေါ်လာပြီးနောက် ဟိုင်းကြီးရေတပ်စခန်းက စစ်ကောင်စီတပ်သားတွေကဟိုင်းကြီးကျွန်းမြို့ အမှတ် (၁)၊ (၂ )၊(၃) ရပ်ကွက်များတွင် လက်နက်အပြည့်အစုံဖြင့် ပိတ်ဆို့စစ်ဆေးမှုများပြုလုပ်ပြီး ဒေသခံနှစ်ဦးကိုလည်း ဖမ်းဆီးစစ်ဆေးမေးမြန်းတာတွေပြုလုပ်ခဲ့တယ်ကြောင်း ဒေသခံအချို့၏ ​ကောဆိုချက်များအရ သိရသည်။