နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၄ ရက်

စစ်ကောင်စီက ၎င်းတို့စစ်ရှုံး အထိနာစေသည့် ညီနောင်သုံးဖွဲ့ကို အကြမ်းဖက် အုပ်စုအဖြစ် ကြေညာကာ နိုင်ငံတကာ၏ လူသားချင်း စာနာထောက်ထားမှုအဖြစ်ပေးသည့် အကူအညီများ စစ်ရှောင်များဆီ မရောက်အောင် လုပ်ခြင်းဖြစ်ကြောင်း လေ့လာသူများနှင့် အရပ်ဖက်အဖွဲ့အစည်းများထံက သိရသည်။

စစ်ကောင်စီက ရှမ်းမြောက်၊ မန္တလေးနှင့် ရခိုင်ပြည်တို့တွင် စစ်ဆင်ရေး ဆင်နွှဲနေသော မြောက်ပိုင်း မဟာမိတ် ညီနောင်သုံးဖွဲ့ဖြစ်သည့် အာရက္ခတပ်တော် (AA)၊ ကိုးကန့်တပ်မတော် (MNDAA) နှင့် တအာင်းတပ်မတော် (TNLA) တို့ကို အကြမ်းဖက် အုပ်စုအဖြစ် ပြီးခဲ့သည့် စက်တင်ဘာ ၂ ရက်နေ့က ကြေညာခဲ့သည်။

စစ်ကောင်စီသည် ၎င်းတို့ စစ်ရှုံး၍ နယ်မြေထိန်းချုပ်မှု မရှိတော့သည်ကို အဖတ်ဆယ်ရန်နှင့် ပြည်တွင်းရှိ ကုလအေဂျင်စီများ၊ နိုင်ငံတကာအဖွဲ့များ၊ လူထုအခြေပြု လူသားစာနာ အကူညီပေးရေး အဖွဲ့များကို ခြိမ်းခြောက်ဟန့်တားရန် ကြိုးစားခြင်းပင်ဖြစ်ကြောင်း ဒီမိုကရေစီနှင့် လူ့အခွင့်အရေး လှုပ်ရှားသူ ဒေါ်ခင်ဥမ္မာက ဆိုသည်။

“အဓိကက စစ်ရှောင်တွေဆီ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးမှုတွေ မရောက်ရေး အပါအဝင် နိုင်ငံတကာ အသိအမှတ်ပြုမှု ပူးပေါင်းဆောင်ရွက်မှုတွေ မရအောင် ကြိုးစားချင်လို့ ဖြစ်မယ် ထင်တယ်” ဟု ဒေါ်ခင်ဥမ္မာက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး ကိစ္စရပ်များကို နည်းမျိုးစုံဖြင့် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများကို ကန့်သတ်ပိတ်ပင်ခဲ့ပြီး ၎င်းတို့၏ ခွင့်ပြုချက်၊ လက်အောက်မှ တစ်ဆင့်သာ လုပ်ကိုင်ခွင့်ပေးခြင်းကြောင့် အဆင်ပြေ ထိရောက်မှု မရှိကြောင်း အရပ်ဖက်အဖွဲ့အစည်းများထံက သိရသည်။

“အဓိကက အစားအသောက်၊ ဆေးဝါး၊ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဝန်ဆောင်မှုတွေ၊ ဆိုလာမီးတွေ လိုအပ်တယ်။ အသုံးဆောင်ကောပေါ့။ ဖုန်းလိုင်းမကောင်းတော့ နီးစပ်ရာ အကူအညီပဲ ရကြတာများတယ်။ ကူညီပေးတဲ့အဖွဲ့ကနည်းတယ်” ဟု တအာင်းအမျိုးသမီးအဖွဲ့အစည်း-TWO တာဝန်ရှိသူ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် ညီနောင်သုံးဖွဲ့နှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် မလုပ်တော့ဘဲ စစ်ရေးအရ ဆက်တိုက် မည်ဖြစ်ပြီး စေ့စပ်ဆွေးနွေးရန် တောက်လျှောက်တိုက်တွန်းနေသည့် တရုတ်အစိုးရကို လုပ်ဆောင်နိုင် ခြင်းမရှိဟု အဖြေပေးလိုက်ခြင်းပင်ဖြစ်ကြောင်း တရုတ်-မြန်မာအရေး လေ့လာစောင့် ကြည့်သူ ဒေါက်တာ လှကျော်ဇောက သုံးသပ်သည်။

“တရုတ်က ဘယ်လိုတားတား စစ်တပ်က အကြမ်းဖက်အဖြစ် လုပ်လိုက်ပြီဆိုတော့ မြောက်ပိုင်း အဖွဲ့တွေ ပြောလို့ကောင်းသွားတာပေါ့။ သူတို့အနေနဲ့ ဆက်တိုက်မယ် ထင်တယ်။ တိုက်ပွဲတွေက ပိုပြင်းထန်လာနိုင်တယ်။ အဲဒီတော့ တရုတ်နဲ့ စစ်ကောင်စီ ဆက်ဆံရေးက တစ်စုံတစ်ရာ တန့်သွား နိုင်တယ်” ဟု ဒေါက်တာလှကျော်ဇောက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် ညီနောင်သုံးဖွဲ့အနက် AA ကို သီးခြားလည်းကောင်း၊ MNDAA နှင့် TNLA တို့ကို ပူးတွဲ၍လည်းကောင်း ထုတ်ပြန်ခဲ့ပြီး မြို့/ရွာ၊ လမ်း၊ တံတားများအား မီးရှို့တိုက်ခိုက်ခြင်းနှင့် ပြည်သူကို ပစ်မှတ်ထား ဖမ်းဆီးသတ်ဖြတ်မှု၊ နိုင်ငံအတွင်းအခြေပြု၍ အကြမ်းဖက်မှုများ ကျူးလွန်လျက် ရှိကြောင်း စွပ်စွဲဖော်ပြခဲ့သည်။

“စစ်ကောင်စီက ကျွန်မတို့ကို အကြမ်းဖက်အဖြစ် ကြေညာတာက အခုမှမဟုတ်ဘူး၊ အရင် ကတည်းကပါ။ သူတို့ ဘယ်လိုတွေ ရည်ရွယ်ပြီး ပြောနေပါစေ၊ ကျွန်မတို့ကတော့ လုပ်စရာရှိတာ ဆက်လုပ်ရမှာ ဖြစ်ပါတယ်။ ဒီအတွက် ကျွန်မတို့အပေါ် ဘာသက်ရောက်မှု၊ ထိရောက်မှုမှ ရှိမှာမဟုတ်ဘူး” ဟု TNLA ပြောခွင့်ရ လွေးယေဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အာရက္ခတပ်တော် (AA) ကို ၂၀၂၀ ခုနှစ်၊ မတ် ၂၃ ရက်က အကြမ်းဖက် အုပ်စုအဖြစ် ကြေညာခဲ့ပြီး ၂၀၂၁ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့တွင် ပြန်လည်ရုပ်သိမ်းခဲ့ကာ ရှမ်းမြောက်နှင့် ရခိုင်ဒေသ စစ်ဆင်ရေးကြောင့် စစ်ရှုံးပြီး အထိနာလာသဖြင့် အာဏာသိမ်း စစ်ကောင်စီက ယခုကဲ့သို့ ထပ်မံထုတ်ပြန်ခြင်း ဖြစ်သည်။

ထိုသို့ စစ်ကောင်စီက အကြမ်းဖက် အုပ်စုအဖြစ် ထုတ်ပြန်မှုအပေါ် အာရက္ခတပ်တော် (AA) ၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက “ယုံကြည်ချက် ပျောက်၍ စိတ်ဖောက်ပြန်နေသူများ၏ သူရဲဘောကြောင်သော လုပ်ရပ်ဖြစ်” ဟု BBC သတင်းဌာန၏ မေးမြန်းမှုအပေါ် တုံ့ပြန်ဖြေကြားခဲ့သည်။

လက်ရှိတွင် ရှမ်းမြောက်၊ မန္တလေးနှင့် ရခိုင်တို့၌ နေရပ်စွန့်ခွာသူ များပြားနေပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စစ်ဘေးရှောင်များအပါအဝင် အရပ်သားပြည်သူ ၁၉ သန်းနီးပါး အရေးပေါ် အကူအညီများ လိုအပ်နေကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ၏ ဩဂုတ် ၁၉ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

ဓာတ်ပုံ-အင်တာနက်
#စစ်ကောင်စီ #ညီနောင်၃ဖွဲ့ #အကြမ်းဖက်ကြေညာ #စစ်ရှောင်ပြည်သူများ #နိုင်ငံတကာအကူအညီ #တိုက်ပွဲများ #ပိုမိုပြင်းထန်လာနိုင် #Ayeyarwaddy_Times