ကိုကိုမောင်/ဧရာဝတီတိုင်းမ်
စစ်ကိုင်း၊ ဇွန်လ ၂၇ ရက်

အာဏာသိမ်းစစ်ကောင်စီသည် ၎င်းတို့ကို အမာခံရပ်တည်ပေးနေသည့် တရုတ်နိုင်ငံ၏ အကျိုးစီးပွားကို ထိခိုက်စေမည့် လုပ်ရပ်များ မဖြစ်ပေါ်လာစေရေးအတွက် တရုတ်အကျိုးစီးပွားတစ်ခုဖြစ်သည့် လက်ပံတောင်းကြေးနီစီမံကိန်း ပတ်ဝန်းကျင် ၅ မိုင်ပတ်လည်တွင် လူနေကျေးရွာများ မရှိစေရေးအတွက် ကျေးရွာများအတွင်း ဝင်ရောက်ဖမ်းဆီး သတ်ဖြတ်ခြင်း၊ လူနေအိမ်များကို မီးရှို့ခြင်းများ ဆက်တိုက်ပြုလုပ်နေကြောင်း သိရသည်။

လက်ပံတောင်း စီမံကိန်းသည် တောင် ၃၃ လုံးရှိသော ကြေးနီစီမံကိန်းဖြစ်ပြီး အဆိုပါတောင်ခြေများတွင် ရွာပေါင်း ၂၆ ရွာအထိ ဒေသခံများနေထိုင်ကြပြီး မြေပဲ၊ နှမ်း စသော ဆီထွက်သီးနှံများကို အဓိက စိုက်ပျိုးသော ဒေသတခုဖြစ်သည်။ လက်ပံတောင် ကြေးနီစီမံကိန်းကို အကောင်အထည်ဖော်နေသည့် စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီနှင့် တရုတ်အစိုးရပိုင် Wanbo Mining Copper LtD ကုမ္ပဏီတို့သည် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာဝန်ထမ်းများမပါပဲ တရုတ်နိုင်ငံသား ဝန်ထမ်းများနှင့် ဆက်လက် လည်ပတ်နေလျှက်ရှိသည်။

‘‘ဒီလအတိုင်ခင်က ဝမ်ပေါင်ကုမ္ပဏီထဲမှာ စစ်တပ်က အထိုင်ချပြီးတော့ လုံခြုံရေး ယူပေးတဲ့သဘောလောက်ပဲ ရှိခဲ့တယ်။ အခု ဒီလအလယ်လောက်မှာတော့ တခြားတပ်တခုနဲ့ စီမံကိန်းပတ်ဝန်းကျင်က ကျေးရွာတွေကို လှည့်ပြီး နယ်မြေရှင်းလင်းရေး လုပ်တော့တာပဲ။ အဓိကက ဒီစီမံကိန်းကို စစ်တပ်က အပြည့်အဝ ကာကွယ်ပေးတဲ့ သဘောမျိုး လုပ်လာတာပဲ’’ ဟု လက်ပံတောင်းအရေးနှင့် ပက်သက်ပြီး တက်ကြွလှုပ်ရှားခဲ့သူ တဦးက ဧရာဝတီတိုင်းမ်ကို ဆိုသည်။

ဇွန်လ ၂၁ ရက်နေ့က လက်ပံတောင်း ကြေးနီစီမံကိန်းကို ဆန့်ကျင်ခဲ့သည့် ကျေးရွာများထဲမှ တခုဖြစ်သော မိုးကြိုးပြင်ရွာကို စစ်ကြောင်းဝင်ခြင်း၊ ဇွန်လ ၂၂ ရက်နေ့တွင် ဆည်တဲရွာကို စစ်ကြောင်းထိုးကာ ကျေးရွာသားများကို ဖမ်းဆီးခြင်း၊ ဇွန်လ ၂၃ ရက်နေ့တွင် တုံရွာမထဲသို့ လက်နက်ကြီးဖြစ့် ပစ်ခတ်ကာ ကျေးရွာကို စီးနင်းခြင်းများကို စတင်လုပ်ဆောင်ကာ ယနေ့အချိန်အထိ လက်ပံတောင်းကြေးနီစီမံကိန်း ကျေးရွာများကို နယ်မြေရှင်းလင်းနေလျှက် ရှိသည်။

ထို့အပြင် ကျေးရွာများကို စီးနင်းအပြီး တချို့ကျေးရွာသားများကို သတ်ဖြတ်ခြင်းကြောင့် ၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး အိမ်ခြေပေါင်း ၄ဝဝ ကျော် မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရပြီဖြစ်သည်။ တချို့ကို သတ်ဖြတ်ရာတွင် လူသေအလောင်းများကို ရွာအလယ်တွင် စုပုံထားကာ မီးရှို့ခဲ့ကြောင်း ကိုယ်တွေ့ကြုံရသော တုံရွာမှ ဒေသခံတဦးက ပြောသည်။

‘‘အခု အဲ့ပတ်ဝန်းကျင်က ရွာခံတွေဟာ ထွက်ပြေးနေကြရတယ်။ မုံရွာမြို့ပေါ် တက်သူက တက်၊ တခြားရွာတွေကို ရွေ့သူကရွေ့နဲ့။ တချို့ကြ ဒီနေရာ စစ်ကြောင်းထိုးပြီဆို၊ နောက်တနေရာကို ပြေး၊ အဲ့ဒီနေရာကို စစ်ကြောင်းက ပြန်လာတော့မယ်ဆို တခြားတနေရာ ထပ်ပြေးနဲ့ ဖြစ်နေကြတယ်’’ ဟု ဆားလင်းကြီးအခြေစိုက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ခေါင်းဆောင်တဦးက ဆိုသည်။

တရုတ်နိုင်ငံ သံအမတ်သည် မဲခေါင်ဆွေးနွေးပွဲအတွက် ကျင်းပမည့် ပုဂံမြို့သို့ မသွားခင် နေပြည်တော်သို့ သွားရောက်ကာ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့်တွေ့ဆုံခဲ့ပြီး ဆွေးနွေးချက်များကို နှစ်ဘက်လုံးက ထုတ်ပြန်ခြင်း မပြုသော်လည်း တရုတ်နိုင်ငံ၏ အဓိက စီမံကိန်းများနှင့် ပက်သက်ပြီး အာဏာသိမ်းစစ်တပ်မှ ကာကွယ်ပေးရန်အတွက် ပြောဆိုနိုင်ဖွယ်ရာရှိသည်။

မြန်မာနိုင်ငံအတွင်း တရုတ်နိုင်ငံ၏ အဓိက အကျိုးစီးပွားများသည် လက်ပံတောင်ကြေးနီစီမံကိန်း၊ ကျောက်ဖြူရေနက် ဆိပ်ကမ်း၊ ကျောက်ဖြူ-ကူမင် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း၊ ရှမ်းပြည်နယ်အတွင်းရှိ ရွှေဖြူဟုခေါ်သော RARE ဓာတ်သတ္တုစီမံကိန်းများအပြင် ကျောက်မီးသွေး၊ ကျောက်စိမ်း၊ ရွှေနှင့် တခြားသတ္ထု စီမံကိန်းများ၊ အထည်ချုပ်လုပ်ငန်းများ၊ ရေကာတာနှင့်လျှပ်စစ် စီမံကိန်းများ များစွာရှိနေပြီး ယခု အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်နိုင်ငံအနေဖြင့် သံလွင်မြစ်ကြောင်းတွင် ရေကာတာနှင့် လျှပ်စစ် စီမံကိန်း ၃ ခုကို တည်ဆောက်ရန် ပြင်ဆင်နေပြီး မြန်မာ့ကမ်းခြေ ဒေသများဖြစ်သော ဧရာဝတီတိုင်း၊ မွန်ပြည်နယ်နှင့် ရန်ကုန်တိုင်းတို့တွင်လည်း ကမ်းလွန် ရေနက်ဆိပ်ကမ်း တည်ဆောက်ရေးကို လုပ်ကိုင်ရန် စမ်းသပ်နေမှုများ ရှိနေသည်။

‘‘အခုက တရုတ်စီမံကိန်းကို ကာကွယ်ဖို့အပြင် အရင် ရန်ကုန်၊ သန်လျင်က သီလဝါ အထူးစီးပွားရေးဇုံမှာ ဂျပန်နိုင်ငံက တချို့စက်ရုံတွေ ရပ်နားလိုက်တော့ အဲ့ဒီနေရာကို အစားထိုးဖို့အတွက်၊ ဟောင်ကောင်၊ စင်္ကာပူနဲ့ တရုတ်ပြည်မက စီးပွားရေး လုပ်ငန်းရှင် တချို့နဲ့ ဆွေးနွေးနေကြတာကို ကြားရတယ်။ တရုတ်နိုင်ငံက မြန်မာအပေါ်မှာ ဘယ်သူကမှ ရင်းနှီးမြုပ်နှံမှု မလုပ်တော့ရင်လည်း သူတို့က စစ်တပ်နဲ့ပေါင်းပြီး လုပ်မှာပဲ’’ ဟု သီလဝါ အထူးစီးပွားရေးဇုံတွင် အလုပ်လုပ်ကိုင်နေသော ရန်ကုန်ဒေသခံ ပညာရှင်တဦးက ဆိုသည်။