ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၀ ရက်

 

ဧရာဝတီတိုင်းတွင် စပါးစိုက်ပျိုးမှု ရာနှုန်းပြည့် ထွက်ရှိရန် လိုအပ်ပြီး ပေါ်ဆန်းမွှေးကို တိုင်း၏ ကုန်အမှတ်တံဆိပ် (Brand) အဖြစ် ဆောင်ရွက်သင့်ကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အောက်တိုဘာ ၁၉ ရက်နေ့၊ ပုသိမ်မြို့ ခရီးစဉ်အတွင်း ပြောကြားခဲ့သည်။

 

လက်ရှိ စပါးဈေးနှုန်းကျဆင်းမှုကြောင့် ဒေသခံတောင်သူများ အရှုံးပေါ်နေချိန်တွင် စစ်ခေါင်းဆောင်က စပါးအထွက်နှုန်းတိုးရေးကို အဓိကထား ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။

 

ထို့ပြင် ဧရာဝတီတိုင်းထွက် ပေါ်ဆန်းမွှေးသည် အမှန်တကယ် ကောင်းမွန်သည့် အမျိုးအစားဖြစ်၍ ပေါ်ဆန်းမွှေးကို တိုင်းတံဆိပ်အဖြစ် ဆောင်ရွက်နိုင်ရန် လိုအပ်ကြောင်း ၎င်းက ထပ်မံ ပြောကြားခဲ့သည်။

စပါးစိုက်ပျိုးမှုလုပ်ငန်းများကို ယခုထက်ပိုမိုတိုးတက်အောင် ကြိုးပမ်းစေလိုပြီး ပင်ကြား၊ တန်းကြား မှန်ကန်စွာနှင့် ကောက်ကွက်ပြည့်မီအောင် ဆောင်ရွက်ရန်နှင့် မိုးစပါး ၁၀၀ တင်း ၊ နွေစပါး ၁၁၀ တင်း ပြည့်မီစွာ ထွက်ရှိရန် လိုအပ်ကြောင်း စစ်ခေါင်းဆောင်က ညွှန်ကြားခဲ့သည်။

 

“မိုးများတာနဲ့ ရာသီဥတု အပြောင်းအလဲတွေကြောင့် စပါးတင်း ၁၀၀ ဆိုတာ ဘယ်တုန်းကမှ မထွက် ပါဘူး။ မိုးများရင်လည်း အထွက်နှုန်းလျော့တယ်။ အခုတစ်ဧကကို စပါးအမျိုးအစားအလိုက် တင်း ၆၀ နဲ့ ၇၀ ဝန်းကျင်ပဲ ထွက်တာများတယ်။ ဒီနှစ် မိုးများတော့ စပါးအထွက်က ပိုလျှော့သွားတယ်” ဟု လက်ရှိ ကြုံတွေ့နေရသည့် အခြေအနေနှင့်ပတ်သက်၍ ဧရာဝတီတိုင်းရှိ စိုက်ပျိုးရေး တောင်သူတစ်ဦးက ဧရာ၀တီတိုင်းမ်သတင်းဌာနကို ပြောသည်။

 

ဧရာဝတီတိုင်းအတွင်းစိုက်ပျိုးမြေ၏ ၁၀ ရာခိုင်နှုန်းခန့်သည် ရေနက်ကွင်းများဖြစ်ပြီး ယင်းမြေများကို ပြုပြင်၍ လယ်စပါးစိုက်ပျိုးရေး၊ ငါး၊ ပုစွန်မွေးမြူရေးလုပ်ဆောင်နိုင်ကြောင်း၊ ထိုသို့ လုပ်ဆောင်၍ စိုက်ပျိုးရေးနှင့် မွေးမြူရေး ကုန်လုပ်ငန်းများတိုး တက်လာမည်ဆိုပါက ပြည်ပပို့ကုန်များတိုးတက် လာပြီး နိုင်ငံခြားငွေများပိုမိုတိုး တက်ရရှိမည်ဖြစ်ကြောင်း စစ်ခေါင်းဆောင်က မကြာခဏပြောကြား လေ့ရှိသည်။

ထို့အတူ နိုင်ငံခြားငွေ ကုန်ကျနေရသော စားသုံးဆီ တင်သွင်းမှုကို လျှော့ချရန် နေကြာ၊ ပဲပုပ်၊ မြေပဲ၊ နှမ်း စသည့် ဆီထွက်သီးနှံများ စိုက်ပျိုးရန်လည်း စစ်ခေါင်းဆောင်က တိုက်တွန်းခဲ့သည်။

 

လက်ရှိတွင် စပါးရောင်းချရာ၌ တိုင်းနှင့် ပြည်နယ်ကျော်၍ နယ်ကျော်ဖြတ်သန်းခွင့်ပိတ်ထားမှု၊ ဆန်ဈေးထိန်းချုပ်ထားမှုနှင့် သွင်းအားစုများအပါအဝင် အထွေထွေကုန်ဈေးနှုန်း ကြီးမြင့်နေမှုတို့ကြောင့် စပါးဈေးနှုန်းကျဆင်းနေပြီး တောင်သူများ အနေဖြင့် အရှုံးပေါ်လျက်ရှိကြောင်း ဒေသခံ တောင်သူများ ထံမှ သိရသည်။

 

ဓာတ်ပုံ – ဧရာဝတီတိုင်းမ်၊ MOI