
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၀ ရက်
ထိုင်း-မြန်မာနယ်စပ်မှတဆင့် ထိုင်းနိုင်ငံသို့ တရားမဝင်ဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်းများမှာ ယခုရက်ပိုင်းအတွင်း နေ့စဉ်နီးပါး ရာနှင့်ချီ၍ ဖမ်းဆီးခြင်း ခံနေရကြောင်း ထိုင်းသတင်းမီဒီယာများထံမှ သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၁၇ ရက်နေ့နှင့် ၁၉ ရက်နေ့များတွင်ပင် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာလုပ်သား ၂၅၁ ဦး မှာ ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။
ကန်ချနာဘူရီခရိုင်တွင် ယမန်နေ့ အောက်တိုဘာ ၁၉ ရက်နေ့က ထိုင်းနှင့်မလေးရှားတွင် အလုပ်လုပ်ရန် ရည်ရွယ်ကာ ဝင်ရောက်လာသည့် အသက်မပြည့်သေးသူ လူငယ် ၁၁ ဦး အပါအဝင် အမျိုးသမီး ၅၇ ဦး၊ အမျိုးသား ၉၄ စုစုပေါင်း ၁၆၂ ဦး ဖမ်းဆီးခြင်း ခံခဲ့ရသည်။
ထိုင်းအစိုးရသည် အောက်တိုဘာ ၁၅ ရက်နေ့မှ စတင်ကာ အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ် သမားများအတွက် တရားဝင်အလုပ်လုပ်ခွင့် ပန်းရောင်ကတ်လုပ်ပေးမည်ဟု ကြိုတင်ကြေညာခဲ့ သော်လည်း အောက်တိုဘာ ၁၆ ရက်နေ့တွင် အဆိုပါလုပ်ငန်းစဉ်ကို ယာယီရပ်ဆိုင်းကြောင်း ထုတ်ပြန်ခဲ့သည့်အတွက် မြန်မာအလုပ်သမားများ၏ ဘတ်ငွေ သန်းချီ ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရသည်။
“လောလောဆယ်မှာ တရားဝင်အလုပ်လုပ်ခွင့် ပန်းရောင်ကတ် ထုတ်ပေးခြင်းကို ယာယီဆိုင်းငံ့ လိုက်တာရှိတယ်။ အဲ့ဒီလုပ်ငန်းစဉ်အတွက် ပွဲစားတွေကို ပိုက်ဆံကြိုပေးထားတဲ့သူတွေ ထိုင်းထဲကို ဝင်လာတာ များပါတယ်။ တစ်ဖက်ကလည်း မြန်မာပြည်ထဲမှာ မင်းအောင်လှိုင်ကိုကြောက်လို့ စစ်မှုထမ်း ရှောင်ချင်တဲ့ လူငယ်လူရွယ်တွေက အနီးစပ်ဆုံး ထိုင်းနိုင်ငံထဲကို ပြေးလာကြတာ များတယ်။ အဲ့ဒါ ကြောင့် အခု ဖမ်းဆီးခံရမှုတွေ ဆက်တိုက်ဖြစ်နေတာပါ” ဟု ရွှေ့ပြောင်းအလုပ်သမားအရေးကူညီ ဆောင်ရွက်ပေးသူ AACကိုရဲမင်း က ဧရာဝတီတိုင်းမ်ကို ပြောသည်။
အလားတူ တာ့ခရိုင်၊ မဲဆောက်မြို့ အနီးတစ်ဝိုက်တွင်လည်း ပြီးခဲ့သည့် အောက်တိုဘာ ၁၇ ရက်နေ့တွင် မြဝတီဘက်မှတဆင့် ထိုင်းနိုင်ငံတွင်း ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၈၉ ဦး ဖမ်းဆီးခံခဲ့ရသည်။ ထို့ပြင် ပြီးခဲ့သည့် အောက်တိုဘာ ၁၁ ရက်နေ့ကလည်း ကန်ချနာဘူရီခရိုင်တွင် မြန်မာနိုင်ငံသား ၁၀၃ ဦး ဖမ်းဆီးခံခဲ့ရသည်။
“ကျွန်တော်တို့လည်း ပြောလို့တောင်မနိုင်တဲ့ အဲ့လောက်အခြေအနေမျိုးတွေဖြစ်ကုန်ပြီ။ ဒီနေ့ (အောက်တိုဘာ၂၀ရက်) လည်းဖမ်းဆီးခံရတာတွေရှိနေတယ်။ ခါတိုင်းက လေးငါးရက်တစ်ခါ၊ တစ်ပတ်၊ တစ်လ တစ်ခါမှ ခုမှ နေ့စဉ်နီးပါးကို တစ်နေရာထဲတောင်မဟုတ်ဘဲ နေရာစုံမှာ ဖမ်းဆီးခံရတာတွေ ဖြစ်နေတာ” AAC ကိုရဲမင်းက ဆက်လက်ပြောကြားသည်။
မြန်မာနိုင်ငံသားအများစုသည် ထိုင်းနိုင်ငံတွင် အလုပ်လုပ်နိုင်ရန်အတွက် သိန်းဆယ်ချီ ကုန်ကျခံကာ လာခဲ့ကြရခြင်းဖြစ်သည်။
သို့သော်လည်း ထိုင်းဘက်တွင် ဖမ်းဆီးခြင်းခံရပါက ငွေဆုံးရှုံးမှုအပြင် ပြည်တွင်းသို့ပြန်လည်ပို့ ဆောင်ခြင်း ခံရပါက စစ်ကော်မရှင်၏ အဆင်သင့်စောင့်ဆိုင်းကာ တပ်သားသစ်အဖြစ် စုဆောင်းခြင်း ခံရကြောင်း အဆိုပါဖြစ်စဉ်ကြောင့် တပ်သားသစ်ဖြစ်ကာ တော်လှန်ရေးတပ်ဖွဲ့များထံ အလင်းဝင်လာသူ များ၏ ပြောကြားချက်များအရ သိရသည်။
ဓာတ်ပုံ – Bangkok Post