ဧရာဝတီတိုင်းမ်
(ကလေး)၊အောက်တိုဘာ ၂၀ ရက်

 

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်းသို့ စစ်ကြောင်းထိုးလာသော စစ်ကော်မရှင်တပ် သည် ယနေ့ အောက်တိုဘာ ၂၀ ရက်၊ နံနက်ပိုင်းတွင် လက်ပံချောင်းရွာကို ဝင်ရောက်ကာ အရပ်သားနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။

 

ကလေးမြို့နယ်မြောက်ပိုင်း ကလေး-ခမ်းပတ် လမ်းမကို စစ်ကြောင်းထိုးသည့် စစ်ကော်မရှင်သည် အောက်တိုဘာလ ၁၇ ရက်နေ့ ရာဇဂြိုလ်ရွာကို မီးရှို့ပြီးနောက် လက်ပံချောင်းရွာသို့ ဆက်လက် မီးရှို့ ခဲ့ခြင်းဖြစ်သည်။

 

“ဒီမနက်မှာ ရွာကို စစ်ကြောင်းဝင်တယ်။ စစ်ကြောင်း၀င်ပြီး ခဏအကြာမှာ ရွာထိပ်ကနေ မီးခိုးထွက်ပြီး မီးစလောင်တယ်။ ရွာအပြင်ဘက်ကမြင်ရတယ်။ စစ်ကော်မရှင်က ရွာကို မီးရှို့တာပါ။ ဘယ်နှစ်အိမ် လောက် မီးလောင်သလဲဆိုတာကို အသေးစိတ် မသိရသေးပါဘူး”ဟု ကလေးမြို့နယ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

လက်ပံချောင်းရွာသည် အိမ်ခြေ ၃,၀၀၀ ကျော်ရှိပြီး ချင်းလူမျိုးများ အများဆုံး နေထိုင်သည့် ကျေးရွာ ဖြစ်ကာ ကလေးမြို့နှင့် ၁၀ မိုင်ခန့်သာ ကွာဝေးသည်။ စစ်ကော်မရှင် စစ်ကြောင်း ဝင်ရောက်လာချိန်တွင် ရွာသားများသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည့်အတွက် မီးလောင်ပျက်စီးမှု အခြေအနေအသေးစိတ်ကိုမူ သိရှိရခြင်းမရှိသေးပေ။

 

စစ်ကော်မရှင်သည် ကလေးမြို့ မှ ကလေး – ခမ်းပတ် ကားလမ်းမ အတိုင်း အောက်တိုဘာ ၁၆ ရက်နေ့မှစ၍ ထိုးစစ်ဆင်လာခြင်းဖြစ်ပြီး ကားလမ်းတလျှောက်တွင်ရှိသည့် ရွာသားများသည် ရွာလုံးကျွတ် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရသည်။

 

စက်တင်ဘာ ၁၇ ရက်နေ့ကလည်း ကလေးမြို့နယ်မြောက်ပိုင်း စစ်ကြောင်း ထိုးလာသည့် စစ်ကော်မရှင်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ရာဇဂြိုလ်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကော်မရှင်သည် ရာဇဂြိုလ်ရွာကို မီးရှို့ဖျက်ဆီးခဲ့သည်။

 

ယခုရက်ပိုင်းတွင် စစ်ကော်မရှင် အဖွဲ့သည် ကလေးမြို့နယ်မြောက်ပိုင်းတွင်သာမက ကလေးမြို့နယ် တောင်ပိုင်းတွင်ပါ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာပြီး ကလေး-ဂန့်ဂေါ ကားလမ်းပေါ်ရှိ ၎င်းတို့ လက်လွတ်ထားခဲ့ရသည့် မှန်တောစခန်းကိုလည်း ပြန်လည်သိမ်းပိုက်ရရှိထားကြောင်း သိရသည်။

ပုံစာ-စစ်ကော်မရှင်တပ်က လက်ပံချောင်းရွာကို မီးရှို့နေသည်ကို အဝေးမှ တွေ့မြင်ရစဉ်။