ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၁ ရက်

ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်ရှိ စစ်ကော်မရှင်ခန့် ကျေးရွာအုပ်ချုပ်ရေးမှူး၏ အစ်မဖြစ်သူဦးဆောင်ပြီး ပျူစောထီးများနှင့်အတူ တစ်အိမ်တက်ဆင်း လိုက်လံ၍ စစ်ကော်မရှင်ပြုလုပ်မည့် ရွေးကောက်ပွဲတွင် မဲထည့်ရမည်ဟု ခြိမ်း‌ခြောက်ပြောဆိုနေကြောင်း ဒေသခံများထံက သတင်းရရှိသည်။

ဒါးကကျေးရွာအုပ်ချုပ်ရေးမှူးမှာ ဦးကျော်ကျော်ဖြစ်ပြီး ၎င်း၏အစ်မဖြစ်သူ မခင်မြတ်ကျော်နှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူး၊ ပျူစောထီးများက မဲထည့်ရမည်ဟုပြောဆိုပြီး မဲမထည့်သည့်နေအိမ်များကို စစ်ကော်မရှင်တပ်ခေါ်၍ ဖမ်းဆီးမည်ဟု၍လည်း ခြိမ်းခြောက်ပြောဆိုကြောင်း ‌ဒေသခံများကပြောသည်။

“အဲဒီအမျိုးသမီးက ဦးဆောင်ပြီးခိုင်းနေတာ၊ အခုကတည်းက တစ်အိမ်ဝင်တစ်အိမ်ထွက်နဲ့ မဲထည့်ဖို့လိုက်ပြောနေတာ၊ မဲမထည့်ရင် ဖမ်းဆီးမယ်ပေါ့၊ စစ်မှုထမ်းတစ်ခါပို့ပေးရရင်လည်း သူတို့အတွက် ငွေအတော်တော်များများရကြတယ်”ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

လာမည့် နိုဝင်ဘာလက စတင်ပြီး ကျေးရွာအတွင်းရှိနေအိမ်တိုင်း ပြည်သူ့စစ်မှုထမ်းကြေးအဖြစ် တစ်လလျှင် ငါးသောင်းကျပ် ပေးဆောင်ရမည်ဟုဆိုကာ အစည်းအဝေးတွင် စစ်ကော်မရှင်ခန့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ကကြိုတင် အသိပေးထားကြောင်း ဒေသခံများကပြောသည်။

ဒါးကကျေးရွာ စစ်ကော်မရှင်ခန့်ကျေးရွာ အုပ်ချုပ်ရေးမှူ ဦးကျော်ကျော်နှင့်အဖွဲ့သည် ပြည်သူ့စစ်မှုထမ်း တစ်ကြိမ်ပို့‌ဆောင်
လျှင် သိန်းရှစ်ဆယ် ဝန်းကျင်အထိရရှိကြောင်း ဒေသခံများကပြောဆိုသည်။

ထို့အပြင် စစ်ကော်မရှင်ပြုလုပ်မည့် ရွေးကောက်ပွဲတွင် ပါဝင်ကူညီရေးနှင့် မဲထည့်ရန် ဧရာဝတီတိုင်း ၂၆ မြို့နယ်ရှိ ဒေသခံပြည်သူများကို အုပ်ရေးမှူးနှင့်အဖွဲ့၊ ကြံ့ခိုင်ရေးပါတီဝင်များ၊ ပျူစောထီးများ၊ စစ်ကော်မရှင်တပ်များက လှုံ့ဆော်စည်းရုံးလျှက်ရှိကြောင်း စုံစမ်းသိရှိရသည်။

ဓာတ်ပုံ-အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်၏ အစ်မဖြစ်သူ မခင်မြတ်ကျော်