
“ရဲဘော်တွေက ပြန်ပြီးတော့ မြို့ကိုသိမ်းလိုက်လို့ ချိတ်ပိတ်ထားတဲ့ အိမ်က ပြန်ရတယ်။ အဲဒီအတွက် ပီတိဖြစ်တယ်။ ဒါပေမယ့် ကိုယ်ဖြစ်တဲ့ ပီတိက မပြည့်စုံဘူးလို့ ခံစားရတယ်” (ပါဝါရိမ်းဂျားအညိုကောင်မနန်းဝင့်ဝါ)
ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၇ ရက်
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်ရှိ ဘုန်းကြီးကျောင်း တစ်ကျောင်းအတွင်း တစ်ပါးကျောင်းဆောက် သီတင်းသုံးတော်မူသော သီလရှင် ဒေါ်ဝရဉာဏီသည် စစ်အာဏာသိမ်းပြီးနောက် ဓမ္မဘက်ရပ်တည် ကူညီထောက်ပံ့မှုကြောင့် စစ်ကောင်စီ၏ ဖမ်းဆီးရိုက်နှိပ်ခြင်းကို ကြုံတွေ့ခံစားခဲ့ရသည်။
ထိုစဉ်က ၂၀၂၁ ခုနှစ်၊ ဇွန်လအတွင်းက သီလရှင် ဒေါ်ဝရဉာဏီ (ခ) မနန်းဝင့်ဝါသည် ကျောင်းအတွင်းရှိနေစဉ် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ဝင်ရောက်လာပြီး ရိုင်းစိုင်းစွာ ပြောဆိုရိုက်နှက် ဖမ်းဆီးခဲ့သော်လည်း ဒဏ်ရာများဖြင့် အသက်ဘေးမှ လွတ်မြောက်အောင် ထွက်ပြေးလာနိုင်ခဲ့သဖြင့် “ပါဝါရိမ်းဂျား အညိုကောင်” ဟု တင်စားခေါ်ဝေါ်ခြင်း
ခံခဲ့ရသည်။
ထို့နောက် တောထဲသို့ရောက်ရှိလာပြီး စစ်သင်တန်းတက်ကာ သီလရှင်ဘဝမှ တော်လှန်ရေး ဘက်တော်သား ထောက်ပို့တစ်ဦး ဖြစ်လာခဲ့သော်လည်း မိသားစုဝင်များ ဖမ်းဆီးခံခဲ့ရပြီး နောင်ချိုမြို့ရှိ ဇာတိနေအိမ်တွင်လည်း ကောင်စီက ချိတ်ပိတ်ကာ အထိုင်ချနေထိုင်ခဲ့သည်။
လက်ရှိတွင် ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းကြောင့် ချိတ်ပိတ်ခံရသည့် နေအိမ်ကို ပြန်လည်ရရှိခဲ့သော်လည်း အိမ်မပြန်သေးကာ တော်လှန်ရေး တာဝန်များ ဆက်လက်ထမ်းဆောင်နေသည့် မနန်းဝင့်ဝါ (ခ) ဒေါ်ဝရဉာဏီ (ခ) ပါဝါရိမ်းဂျား အညိုကောင်ကို ကြုံတွေ့ဖြတ်သန်းခဲ့ရမှုနှင့်ပတ် သက်၍ ဧရာဝတီတိုင်းမ် သတင်းဌာနမှ အကြီးတန်း သတင်းထောက် နိုင်မင်းလွင်က ဆက်သွယ်မေးမြန်းထားပါသည်။ဧရာဝတီတိုင်းမ် ။ ။ အရင်ဦးဆုံး မနန်းဝင့်ဝါရဲ့ သီလရှင်ဘွဲ့၊ သာသနာ့ဘောင် သက်တမ်းနဲ့ အခုလိုမျိုး တော်လှန်ရေး ဘက်တော်သား ဖြစ်လာတာကို သိရပါစေ။
မနန်းဝင့်ဝါ ။ ။ အစ်မရဲ့ သီလရှင်ဘွဲ့နာမည်က ဒေါ်ဝရဉာဏီပါ။ သီလရှင်ကျောင်းမှာ ကိုယ်က တရားအား ထုတ်နေတုန်းနေချိန်မှာ ထောက်ပို့ဆိုပြီးတော့ ဝင်ဖမ်းရိုက်နှက်တယ်။ အဲဒီကနေ တော်လှန်ရေးထဲကို ရောက်လာတာပေါ့။ သီလရှင်ကတော့ အစ်မ သုံးဝါ (၃နှစ်)ထိ ဝတ်ခဲ့ပါတယ်။
ဧရာဝတီတိုင်းမ် ။ ။ စတင်ဖမ်းဆီးစဉ်က စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ ပတ်ခတ်လို့ ဒဏ်ရာရခဲ့တယ်လို့လည်း သိရပါတယ်။ ဘယ်လိုရှိခဲ့ပါသလဲ။
မနန်းဝင့်ဝါ ။ ။ အာဏာသိမ်းခါစမှာ မြောက်ဥက္ကလာက ပရဟိတလုပ်တဲ့ လူငယ်လေးတွေ ရိုက်နှက်ခံရတဲ့ video တွေကို တွေ့တဲ့အချိန်မှာ ကိုယ့်စိတ်က မနေနိုင်ဘူး။ အဲ့ဒီမှာပါဝင်တဲ့ ကလေးတွေကို ကိုယ်က ကူညီမိတာပေါ့နော်။ သူတို့ကို နေစရာ၊ စားစရာလေးတွေ ထောက်ပံ့ပေးမိတယ်။ အဲ့လိုမျိုး လုပ်နေချိန်မှာ ဒလန်ကနေတဆင့် အစ်မရဲ့ကျောင်းကို ဝင်စီးကြတယ်။ ကိုယ့်ရဲ့ ကာအိန္ဒြေပျက်ပြားအောင်၊ မိန်းကလေးတစ်ယောက် သီလရှင်ကို မဖွယ်မရာတွေ ဆွဲရမ်းကိုင်တွယ်ပြီး တော်တော်ကြီးကို ပြစ်ပြစ်နှစ်နှစ်တွေ ပြောဆိုပြီးတော့ ရိုက်လဲရိုက်တယ်။ ကျောင်းထဲမှာစုထားတဲ့ ကိုယ့်မှာရှိတဲ့ ပိုက်ဆံတွေ သူတို့ယူတဲ့အချိန် လွတ်ရာကျွတ်ရာကို အမြန်ဆုံးထွက်လာခဲ့တာပေါ့။ ပြေးမိပြေးရာ ပြေးတာပေါ့။
သူတို့ကတော့ အဲဒီလို ကမူးရှုးထိုးတွေ ဝင်ဖမ်းတာပေါ့၊ သေနတ်တွေနဲ့ အနောက်ကနေ ပစ်တယ်၊ ရမ်းသန်းပြီးတော့ ပစ်ကြတယ်။ ဒါပေမယ့် အများကြီးတော့ မထိပါဘူး၊ သေလောက်အောင် ဒဏ်ရာကြီးထိတာတော့ မဟုတ်ပါဘူး။ ဒူးမှာ နဲနဲပါးပါး ရှပ်မှန်တာလောက်ပါပဲ။ ဒါပေမယ့် သူတို့ရိုက်နှက်ထားတဲ့ ဒဏ်ရာတွေကတော့ နှုတ်ခမ်းတွေမှာ ယောင်ကိုင်းပြီး ဒဏ်ရာရတယ်။ နောက်ပြီးကျောတွေ၊ ခေါင်းတွေမှာ ပေါက်ပြဲဒဏ်ရာ အဲ့လိုမျိုး ထိခိုက်ဒဏ်ရာတွေလောက်ပဲ ရခဲ့တာပါ။ဧရာဝတီတိုင်းမ် ။ ။ နောက် ပါဝါရိမ်းဂျား အညိုကောင်လို့ လူသိများတဲ့ တော်လှန်ရေး နာမည်ကရော ဘယ်လိုကြောင့် ဖြစ်လာခဲ့တာပါသလဲ။
မနန်းဝင့်ဝါ ။ ။ ကိုယ်နဲ့ထိတွေ့ဆက်ဆံတာ အများဆုံးက ကလေးတွေ များတယ်လေ၊ ကိုယ့်ကို ဖမ်းခေါ်သွားခံရတယ်ပဲ အားလုံးက ထင်ကြတာပေါ့နော်။ စစ်ကြောရေးထဲ ရောက်နေလား၊ အချုပ်ထဲ ရောက်နေလားပေါ့။ အဲ့မှာ ၂ ရက် ၃ ရက်လောက် ကိုယ်ပျောက်သွားတဲ့အချိန်မှာ သူတို့တွေက အဲ့လိုမျိုးပြောတယ်။
နောက်ကြတော့ ကိုယ်က သူတို့ကို ပြန်ဆက်သွယ်တယ်၊ ငါကတော့ လွတ်မြောက်ပြီး တစ်နေရာမှာ ဆေးကုနေတယ်ပေါ့နော်။ ကိုယ်ရလာတဲ့ ဒဏ်ရာတွေကို ဒကာမကြီး တစ်ယောက်ကနေပြီးတော့ ကိုယ့်ကိုခေါ်ထားပြီးတော့ ဆေးကုပေးတယ်။ ဒဏ်ရာဒဏ်ချက်တွေက ဘာမှမစားနိုင်မသောက်နိုင် ပါးစပ်တွေဆိုလို့ရှိရင် ဆန်ပြုတ်တောင်မှ ပါးစပ်မဟနိုင်လို့ ပိုက်နဲ့သောက်ခဲ့ရတယ်။
အဲ့တုန်းက ကိုဗစ်ကာလကြီး ဖြစ်နေတဲ့အခါမှာ ကလေးတွေက နာမည်တွေ ပေးကြတယ်။ သူတို့ကိုယ်သူတို့ ငါကတော့ ပါဝါရိမ်းဂျား အပြာကောင်၊ ငါကတော့ အနီကောင်၊ ငါကတော့ အစိမ်းကောင်၊ ငါကတော့ အဝါကောင် အဲ့လိုမျိုးတွေ ပြောဆိုပြီး စနောက်နေတာ အဲ့မှာကိုယ့်ကို ဆရာလေးက အညိုဝတ်တာဆိုတော့ ပါဝါရိမ်းဂျား အညိုကောင်ပဲ အဲ့လိုခေါ်ရင်းနဲ့ ကိုယ်လွတ်မြောက်လာတဲ့အခါ သူတို့က တကယ်ကို ပါဝါရိမ်းဂျား အညိုကောင်ပဲဆိုပြီးတော့ စနောက်ခေါ်ရာကနေ ဖြစ်သွားတာပေါ့။
ပြီးတော့ We are Rangers ထောက်ပို့အဖွဲ့မှာလဲ ကိုယ်ကပါခဲ့တယ်ပေါ့။ အဲ့အချိန်မှာ သူတို့က နာမည်အရင်းတွေ မသုံးကြဘူး။ Jelly power ranger ၊ Ice cream power ranger အဲ့လိုမျိုးတွေပေါ့။ ကိုယ့်ကိုလည်း သူတို့က ပါဝါရိမ်းဂျား အညိုကောင်လို့ ခေါ်ရင်းနဲ့ အဲလိုဖြစ်သွားတာပါ။ဧရာဝတီတိုင်းမ် ။ ။ လွတ်မြောက်လို့ တောထဲရောက်တဲ့အခါ စစ်သင်တန်းတက်ပြီး ထောက်ပို့တာဝန်တွေ ဆက်ယူခဲ့တယ် သိရှိရလို့ အဲဒါနဲ့ ပတ်သက်ပြီး ပြောပြပေးပါဦး။
မနန်းဝင့်ဝါ ။ ။ ထောက်ပို့တာဝန်ကို တန်းပြီးယူလိုက်တာတော့ မဟုတ်ပါဘူး။ အဖွဲ့တစ်ဖွဲ့မှာ ထောက်ပို့လုပ်ဖို့လည်း မရှိခဲ့ဘူး။ နိုင်ရာလေးပဲပေါ့။ စစ်သင်တန်း တက်ပြီးသွားတဲ့အခါ အခြားကလေးတွေလို ကိုယ်က ကြမ်းကြမ်းတမ်းတမ်း မလုပ်နိုင်တော့ အဲအချိန်မှာ ဆက်သွယ်ရေး CDM ဗိုလ်ကြီးတစ်ယောက်က စစ်ကောင်စီရဲ့ သတင်းတွေကို ကြားဖြတ်နားထောင်တဲ့ အဖွဲ့လေးဖွဲ့လိုက်တယ်၊ အဲဒီမှာ အစ်မက စက်နားထောင်တာတွေ သင်ယူတယ်၊ ဆက်သွယ်ရေးနဲ့ ပတ်သက်တဲ့ အသုံးအနှုန်းတွေက သူ့ဆီကပဲ သင်ယူပြီး ကူညီဆက်လုပ်ခဲ့တယ်။
ထောက်ပို့တာကတော့ ကြီးကြီးမားမားကြီး ထောက်ပို့လုပ်တာမျိုးတော့ မဟုတ်ပါဘူး။ လိုအပ်တဲ့ ပစ္စည်းလေးတွေ ပို့ပေးတယ်၊ သယ်ပေးတယ်။ အခုဆိုရင် အစ်မနေတဲ့ Myingyan Black Tiger အဖွဲ့က လိုအပ်တဲ့ ပစ္စည်းတွေကို သယ်ပေးတယ်။ နောက် ရန်ကုန် UG တွေနဲ့ အခြားအဖွဲ့တွေအတွက် ပစ္စည်းလေးတွေလည်း သယ်ပေးတာမျိုး ရှိပါတယ်။ဧရာဝတီတိုင်းမ် ။ ။ အဲဒီနောက် ကြုံတွေ့ရင်ဆိုင် ဖြတ်သန်းရမှု အခြေအနေတွေနဲ့ မိသားစုဝင်တွေကိုရော ဖမ်းဆီးရန်ပြုတာမျိုး ရှိခဲ့ပါသလား။
မနန်းဝင့်ဝါ ။ ။ အစ်မ တောထဲကို စပြီးရောက်တဲ့အချိန်မှာ အစ်မသတင်းလေးတွေ တက်လာတာရှိတယ်။ အဲအချိန် ဟန်ငြိမ်ဦး တယ်လီဂရမ်ကနေ၊ ဒလန်ကနေတဆင့် အစ်မရဲ့ အိမ်ပုံစံတွေ၊ လိပ်စာနေရာတွေ အကုန်လုံးကို ယူသွားပြီးတော့ တယ်လီဂရမ်မှာ တင်ကြတယ်။ အဲဒီနောက် မကြာဘူး အိမ်မှာက မိဘတွေကလည်း ငယ်စဉ်ကတည်းက ခွဲနေကြတာဆိုတော့ ညီမနှစ်ယောက်တည်း နေတာ၊ သူမိသားစုနဲ့ပေါ့။ အဲဒီမှာ ကိုယ့်အစ်မကို ဖမ်းတယ်၊ စစ်ဆေးတယ် ဖုန်းတွေဘာတွေ ကိုယ်နဲ့လူမှားပြီးတော့ပေါ့။ ကျွန်မအစ်မရဲ့ ကလေးနှစ်ယောက်ကိုလည်း သူတို့ဖမ်းခေါ်သွားတယ်။ သုံးနာရီလောက် စစ်ဆေးပြီးတော့ ပြန်လွတ်ပေးလိုက်တယ်။ ဒါပေမယ့် အိမ်ကို ချိတ်ပိတ်လိုက်တယ်။ ကျွန်မအစ်မတို့ကလည်း လွတ်ရာကို အမြန်တိမ်းရှောင်ကြတယ်။ ပြေးခဲ့ရတာပေါ့။ အဲဒီလိုတွေရှိတယ်။
ဧရာဝတီတိုင်းမ် ။ ။ ဓမ္မဘက်မှာ ရပ်တည်မှုကြောင့် ချိတ်ပိတ်ခံရတဲ့ နောင်ချိုမြို့က နေအိမ်လည်း အခုဆို ပြန်လို့ရပြီဆိုတော့ ခံစားရမှုနဲ့ လက်ရှိအခြေအနေ ဘယ်လိုရှိပါသလဲ။
မနန်းဝင့်ဝါ ။ ။ ရှမ်း-မန်း စစ်ဆင်ရေးမှာတော်လှန်ရေး ရဲဘော်တွေက ပြန်ပြီးတော့ မြို့ကိုသိမ်းလိုက်လို့ ချိတ်ပိတ်ထားတဲ့ အိမ်က ပြန်ရတယ်။ အဲဒီအတွက် ပီတိဖြစ်တယ်။ ဒါပေမယ့် ကိုယ်ဖြစ်တဲ့ ပီတိက မပြည့်စုံဘူးလို့ ခံစားရတယ်။ တစ်နိုင်ငံလုံးမှာ အိမ်ချိတ်ပိတ်ခံရတဲ့၊ ဖမ်းဆီးခံရတဲ့သူတွေ အများကြီးလေ။ တချို့တွေဆို အိမ်ပြာကျသွားတယ်၊ ကိုယ်တွေဘက်က ရဲဘော်တွေရဲ့ အောင်မြင်မှုတွေကြောင့် ပီတိဖြစ်တယ်။ ဒါပေမယ့် မပြည့်စုံတဲ့ ပီတိလို့ပဲ ပြောရမယ်။
အစ်မရဲ့နေအိမ်က အခုပုံတွေထဲမှာ ပြထားတဲ့အတိုင်း သူတို့က ဘန်ကာတွေ လာလုပ်ထားတယ်၊ နောက် ကားတာယာတွေနဲ့ ကိုယ့်အိမ်မှာ လာအထိုင်ချသွားတယ်။ နောက်ပြီး ကိုယ်တွေနေတဲ့ အိမ်ဘေးမှာ စစ်မှုထမ်းဟောင်း ရုံးရှိတယ်။ လမ်းလေးပဲ ကြားတာဆိုတော့ ကိုယ့်အိမ်ကို လာအထိုင်ချသွားတာ ပျက်စီးမှုက တော်တော်တော့ များတယ်။ အရင်တုန်းက ကျွန်မအစ်မက အလှူမင်္ဂလာပွဲတွေမှာ အိုးကြီးခွက်ကြီးတွေနဲ့ အော်ဒါလိုက်ချက်ပေးတယ်၊ မြို့မှာလုပ်တဲ့ ပဋ္ဌာန်းပွဲတွေ စာပြန်ပွဲတွေမှာလည်း လိုက်ချက်ပေးတယ်။
အဲဒီအခါကျတော့ အိမ်မှာက အိုးတွေခွက်တွေ များတယ်။ သံဃာအပါး ၃၀၀/၄၀၀ စာ အိုးကြီးခွက်ကြီးတွေရှိတယ်။ အခုဘာတစ်ခုမှ မရှိတော့ဘူး။ အထဲမှာဆိုလည်း ဘာမှမကျန်တော့ဘူး။ ဗီဒိုတွေထဲမှာလည်း မရှိတော့ဘူး။ ဗီဒိုတစ်ခုပဲ ပျက်ပျက်စီစီးနဲ့ ကျန်ခဲ့တယ်။ ကိုယ်တွေငယ်ငယ်က အမှတ်တရ ပစ္စည်းတွေလည်း မရှိတော့ဘူး။ အိမ်က အခွံကြီးပဲ ကျန်တော့တယ်။ နောက်ပြီးတော့ အုတ်တံတိုင်းတွေလည်း ပြိုကျခံထားရတယ်။ မီးဖိုချောင်တွေလည်း ပြိုကျပျက်စီးကုန်တယ်။
သူတို့ရဲ့ ရိက္ခာ ငါးပိနဲ့ ဆားတွေလည်း အရည်တွေထွက်ပြီး တော်တော်နံနံစော်စော် ဖြစ်နေတယ်။ အိမ်ရဲ့ခေါင်းရင်းမှာ စစ်မှုထမ်းဟောင်းရုံးရဲ့ လမ်းကြားထဲမှာလည်း သူတို့သေထားတယ်။ တိုက်ပွဲကလည်း အိမ်နားမှာ ပြင်းပြင်းထန်ထန် ဖြစ်သွားတော့ သူတို့သေထားတဲ့ အလောင်းတွေကို ပုံပြီးမီးရှို့တာတွေ၊ ပြာတွေ။ အိမ်က ချိတ်ပိတ်ထားတာ ပြန်ရတာပဲရှိတယ်၊ နေလို့မရတော့ဘူး။ ပြန်ပြီးတော့ အများကြီး ပြုပြင်ရဦးမယ်။ လောလောဆယ် တက်နေလို့ရတဲ့ အနေအထားမျိုး မဟုတ်တော့ဘူး။ဧရာဝတီတိုင်းမ် ။ ။ အိမ်ပြန်ဖို့အတွက် ဘယ်လိုစဉ်းစားထားပြီး တော်လှန်ရေးကာလ အမှတ်ရစရာတွေက ဘာတွေဖြစ်မလဲ။
မနန်းဝင့်ဝါ ။ ။ အိမ်ပြန်ဖို့ကတော့ အခုအချိန်မှာ ပြန်လို့တော့ ရနေပါပြီပေါ့။ ကိုယ့်အိမ်မဟုတ်တောင် ကိုယ့်ဇာတိမြို့ကို ပြန်လို့ရနေပြီ။ မပြန်ဖြစ်တာပေါ့။ နောက် တော်လှန်ရေးမှာ အမှတ်တရတွေကလည်း အများကြီးပဲ။ အချင်းချင်းတွေ ရန်ဖြစ်လိုက်၊ ငြင်းကြခုန်ကြနဲ့ အဲလိုမျိုးတွေ ဖြစ်ကြပေါ့နော်။ ပြီူတော့လည်း ပြန်ပြီးတော့ အဆင်ပြေသွားတာပဲ။ နောက် အစ်မက ပစ္စည်းတွေ သယ်တဲ့အခါ စိတ်ဖိစီးမှု များရတယ်။
ပစ္စည်းတွေ ရောက်သွားတဲ့အခါ ကျေးဇူးတင်တယ်ဆိုတဲ့ ပီတိတွေရပေမယ့် ပစ္စည်းမရောက်တဲ့အခါကျ လျော်ရတာတွေရှိတယ်။ တချို့က နားလည်မှု မပေးနိုင်တော့ ပြန်လျော်ရတယ်။ လိမ်စားဖြစ်တာလားဘာလား စွပ်စွဲခံရတဲ့အခါ ဖီးအရမ်းဖြစ်ပြီး နားဖြစ်ချင်တာတွေ အဲလိုမျိုးတွေက အမှတ်တရ ဖြစ်စေတယ်။ ဒါကတော့ မပျော်ရွှင်ရတာပေါ့။ဧရာဝတီတိုင်းမ် ။ ။ တော်လှန်ရေးအလွန် သီလရှင် ပြန်ဝတ်ဖို့ရော ရှိပါသလား။ ဘာလုပ်မယ်ဆိုပြီး ရည်ရွယ်ထားတာရှိ ပြောပြပေးပါဦး။
မနန်းဝင့်ဝါ ။ ။ ဘာမှတော့ ရည်ရွယ်ထားတာမျိုး မရှိတော့ပါဘူး။ အစတုန်းကတော့ သီလရှင် ပြန်ဝတ်မယ်ပေါ့။ ကျွန်မရဲ့ ဘဝပန်းတိုင်က သီလရှင် အရမ်းဝတ်ချင်တာ။ တရားဓမ္မတွေ အားထုတ်ပြီးတော့ နေချင်တယ်။ ပြန်ဝတ်ဖြစ်မလား၊ မဝတ်ဖြစ်ဘူးလား ဆိုတာကတော့ အသက်ရှင်နေမလား၊ မရှင်ဘူးလားပေါ်ပဲ မူတည်နေပါတယ်။ တော်လှန်ရေးပဲ အရင်ပြီးပါစေလို့ ကိုယ်က ဆုတောင်းပါတယ်။ ပြီးသွားတော့မှပဲ ဘာဆက်လုပ်မလဲဆိုတာ စဉ်းစားမယ်။ အခုလောလောဆယ်ကတော့ တော်လှန်ရေး မြန်မြန်ပြီးဖို့ပဲ ရည်ရွယ်ထားပါတယ်။
ဧရာဝတီတိုင်းမ် ။ ။ မေးတဲ့အထဲ ပြောပြလိုတာများ ကျန်ရှိခဲ့တာရှိ ဖြည့်စွက်ပြောပေးပါ။
မနန်းဝင့်ဝါ ။ ။ ဟုတ်ကဲ့။ မေးတာ ပြည့်စုံပါတယ်။ ပြောဖို့မရှိတော့ပါဘူး။
ဧရာဝတီတိုင်းမ် ။ ။ အခုလိုမျိုး အချိန်ပေး ဖြေကြားပေးလို့ ကျေးဇူးတင်ပါတယ်။
မနန်းဝင့်ဝါ ။ ။ ဟုတ်ကဲ့။ ကျေးဇူးပါ။
#သီလရှင်ဆရာလေး #ဒေါ်ဝရဉာဏီ #ပါဝါရိမ်းဂျားအညိုကောင် #မနန်းဝင့်ဝါအား #အမျိုးသမီးကဏ္ဍ #အင်တာဗျုး #Ayeyarwaddy_Times
(မြန်မာနိုင်ငံတွင် စစ်တပ် အာဏာသိမ်းမှုကြောင့် လက်ရှိအမျိုးသမီးများ ရင်ဆိုင်နေရသည့် အခက်အခဲ၊ စိန်ခေါ်မှုနှင့် ကျော်ဖြတ်ခဲ့ရသည့် အခြေအနေများအပြင် အမျိုးသမီးများဦးဆောင်၍ လုပ်ဆောင်နေသည့် အကြောင်းအရာများကို “အမျိုးသမီးကဏ္ဍ” အနေဖြင့် အပတ်စဉ် အင်္ဂါနေတိုင်း တင်ဆက်ပေးနိုင်ရန် ကြိုးစားသွားမည်ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုနိုင်ပါကြောင်း ဧရာ၀တီတိုင်းမ် သတင်းဌာနအနေဖြင့် အသိပေးအပ်ပါသည်။)